Saturday, March 27, 2010

တန်ဖိုးကြီးလှ လူ့ဘဝ

တန်ဖိုးကြီးလှ လူ့ဘဝ

ဗုဒ္ဓဘာသာစာပေလာ ဘုံဘဝအယူအဆတွေအရ၊ သတ္တလောကထဲမှာ ကျွန်တော်တို့ရနိုင်တဲ့ ဘဝတွေကတော့ ငရဲတိရိစ္ဆာန်ဘဝ၊ လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝတို့ဖြစ်ပါတယ်။ အမျိုးမျိုးသော ဘဝတွေထဲမှာ လူ့ဘဝဟာ တန်ဖိုး အရှိဆုံးပဲလို့ ကျွန်တော်ကတော့ ပြောချင်တယ်။

တန်ဖိုးးကို လူတွေက အမျိုးမျိုး သတ်မှတ်ကြမှာပါ။ အချို့က ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝမှု၊ အချို့ကလည်းရာထူးဂုဏ်ထူး ကြီးမားမှု၊ အချို့ကလည်း ပညာဗဟုသုတ ပြည့်စုံမှု စသဖြင့် ကိုယ့်စိတ်ညွတ်ရာကိုယ် တန်ဖိုးအဖြစ် သတ်မှတ်ကြပါလိမ္မယ်။

ဒီပို့မှာတော့ သတိ၊ ဝီရိယ နဲ့ ဉာဏ် ဆိုတဲ့ တရား သုံးပါး အကျိုးပေးမှုကို ကျွန်တော်က တန်ဖိုးအဖြစ်ပြောချင်ပါတယ်။ အဲဒီသုံးပါးကို ပယောဂ တရားတွေလို့လည်း ခေါ်ကြပါတယ်။ အဲဒီတရားသုံးပါးနဲ့ ပြည့်စုံရင်တော့ ပယောဂသမ္ပတ္တိ ဖြစ်နေတယ်လို့ ဆိုပြီး။ အဲဒီတရား သုံးပါး ပျက်စီးရင်တော့ ပယောဂဝိပတ္တိ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ သြကာသ ဘုရားရှိခိုးမှာ ပါတဲ့ ဝိပတ္တိတရား ၄-ပါးထဲက တစ်ပါးပါပဲ။ သတိ၊ ဝီရိယနဲ့ ဉာဏ် တို့ရဲ့ ချို့ယွင်းမှုကို မလိုချင်ကြလို့ ဗုဒ္ဓဘာသာ မြန်မာတွေ အမြဲလိုလို ဆုတောင်းနေကြပါတယ်။

တကယ်တော့ ဆုတောင်းနေရုံနဲ့ အလိုလို ပြည့်စုံလာမယ့် တရားတွေတော့လည်း မဟုတ်ပါဘူး။ သတိ၊ ဝီရိယ၊ ဉာဏ် တို့နဲ့ ပြည့်စုံအောင် ဆိုတာ လေ့ကျင့်ယူကြရမှာပါ။ အဲဒီတရား သုံးပါးက လူတိုင်းမှာ မွေးရာပါ ပဋိသန္ဓေအားဖြင့်လည်း အထိုက်အလျောက် ပါကြပါတယ်။ အဲဒီနောက်ပိုင်းလည်း လေ့ကျင့်ယူနိုင်ရင် တိုးတတ်ပါတယ်။

ဖော်ပြပါ တရားသုံးပါ ချို့ယွင်းရင် လူ့အောက်တန်းကျစမြဲပါပဲ။ သုံးပါးစုံ ချို့ယွင်းခြင်းကို မဆိုထားနဲ့ သတိတစ်ခုတည်းပင် အလွန်အမင်း ချို့ယွင်းလာပြီဆိုရင် အဲဒီလူတစ်ယောက်ဟာ အခြားအရည်အချင်းတွေ မည်မျှပြည့်စုံနေသော်လည်း အရေးပါတဲ့ နေရာတွေမှာ သုံးလို့ မဖြစ်နိုင်တော့ပါဘူး။ ဝီရိယနဲ့ ဉာဏ် ၂-ပါးလည်း ထို့နည်းတူပါပဲ။ တစ်ပါးပါးက အလွန်အမင်း ချို့ယွင်းလာရင် သုံးစားလို့ မရနိုင်တော့ပါဘူး။

သတိကောင်းရင်ကောင်းသလို လုပ်ငန်းခွင်ထဲမှာ၊ အရောင်းအဝယ်လောကမှာ ပညရှာရာမှာ စသဖြင့် နေရာစုံအောင် ရှေ့တန်းကဦးဆောင်မြဲပါ။ ဝီရိယ အားစိုက်နိုင်ရင် စိုက်နိုင်သလို နေရာတကာမှာ ရှေ့တန်းက ဦးဆောင်နေမြဲပါ။ ဉာဏ်လို့ ဆိုရာမှာလည်း ထို့နည်းတူပါပဲ။ ဒီနေရာမှာ လောကီကြီးပွားကြောင်း သက်သက်ကို ပြောရင်တော့ ဝိပဿနာဉာဏ် ကဲ့သို့သော အပြစ်ကင်းစင်တဲ့ ဉာဏ်ပညာမျိုးတင် မဟုတ်ပါဘူး။ အတွေးအခေါ်ဉာဏ်၊ ဖြတ်ထိုးဉာဏ်၊ ပညာဗဟုသုတ သာမက ဉာဏ်နီ၊ ဉာဏ်နက် တို့ပါ အကျုံးဝင်ပါတယ်။

သတိ၊ ဝီရိယ၊ ဉာဏ် သုံးပါးမှာ အပြစ်ကင်းစင်တဲ့ ပရောဂတရားတို့သာ ထားရှိကြရင်တော့ အကောင်းဆုံးဖြစ်ပါလိမ္မယ်။ ဒါပေမဲ့ သံသရာအတွက် အကြွေးမကင်းသော်လည်း သတိ၊ ဝီရိယ၊ ဉာဏ်ကောင်းလို့ ပြိုင်ဖက်ကို အလဲထိုးထားနိုင်တာမျိုး၊ လက်ဦးမှုရယူပြီး ကိုယ်က ကြိုကြိုတင်တင် လုပ်စရာရှိတာတွေ ပြင်ဆင်ထားနိုင်တာမျိုးဟာလည်း လက်တွေ့လူ့လောကမှာတော့ အကျိုးပေးနေတာ တွေ့ရပါတယ်။ ဒီစကားက လက်တွေ့လောကတွေထဲမှာ တွေ့နေရလို့သာ ချရေးလိုက်တာပါ။ တကယ်တော့ အကုသိုလ် အပြစ်တွေ ဖြစ်စေနိုင်တဲ့ သတိမျိုး၊ ဝီရိယမျိုး၊ အောက်တန်းကျတဲ့ ဉာဏ်မျိုးတွေက မထားသင့်ပါဘူး။

စီးပွားရှာမယ်၊ ပညာရှာမယ်၊ တရားရှာမယ်ဆိုရင် လူတွေက ဒီပရောဂ တရားသုံးပါးကိုပဲ အားကိုပြီး ရှာကြရတာပါပဲ။ တရားရှာတဲ့နေရာမှာတော့ ပယောဂတရား သုံးပါးကို ဣနြေ္ဒ ၅-ပါးဖြစ်အောင် ချဲ့ပြီးပြောရမယ်ထင်တယ်။

သတိဆိုတာကတော့ သတိနြေ္ဒတစ်ပါး အဖြစ်ရေတွက်ပါ့မယ်။ ဝီရိယ ဆိုတဲ့တရားကတော့ အားကောင်းကောင်း စိုက်ထုတ်ဖို့လိုတာ မှန်ပေမဲ့ ညီမျှတဲ့ သမာဓိအား မရှိရင် စိတ်ကရှေ့ကိုစောပြီး ပျံ့လွန့်နိုင်တာကြောင့်မိုလို့ ဣနြေ္ဒအားဖြင့် ဝီရိယရယ်၊ သမာဓိရယ် ၂-ပါးရေတွက်ရပါမယ်။ ဉာဏ်ဆိုတဲ့ နေရာမှာလည်း သိလွယ်မြင်လွယ်တဲ့ ထက်မျက်တဲ့ ဉာဏ်ပညာ လိုအပ်တာမှန်သော်လည်း ပညာဉာဏ်က လွန်ကဲပြီး ဘုရား၊ တရား၊ သံဃာ အပေါ်ကြည်ညိုတဲ့စိတ် သဒ္ဓါတရား မထားရှိနိုင်အောင် ဖြစ်လာရင်တော့ တရားထူးရနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဉာဏ်ဆိုတဲ့ ပရောဂတရားအကြောင်းပြောရင် ဣနြေ္ဒအားဖြင့် ပညာနှင့် သဒ္ဓါဆိုပြီး ၂-မျိုး ပြောရပါလိမ္မယ်။

အခုကျွန်တော်ပြောခဲ့သလို အသုံးချသွားမယ်ဆိုရင် ပယောဂ တရားတွေဟာ စီးပွားရေး၊ ပညာရေး မှာသာမက တရားထူး တရားမြတ်ရရှိသည်အထိ ကျေးဇူးပြုနိုင်ကြပါတယ်။

ဘဝအမျိုးမျိုးတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လူ့ဘဝအောက် နိမ့်ကျတဲ့ ငရဲတိရိစ္ဆာန်ဘဝတွေဟာ ရှေးက အကုသိုလ်ကံကြွေးတွေ ဆပ်နေရတဲ့ ဘဝမျိုးပါ။ အဲဒီဘဝမျိုးရောက်ခါမှ ပယောဂတရား သုံးပါး အားထုတ်နေလို့လည်း အကျိုးကျေးဇူး တစ်စုံတရာ ဖြစ်တော့မှာ မဟုတ်ပါဘူ။

နတ်ဗြဟ္မာဘဝတွေရရှိတဲ့ ကာလဟာလည်း ရှေးက ပြုဖူးတဲ့ ကုသိုလ်ကံ အကျိုးတွေကို စံစားနေရတဲ့ ကာလဖြစ်ပါတယ်။ ရှေးက ကုသိုလ်ကံကောင်းရင်ကောင်းသလို ပိုမိုသာလွန်တဲ့ ဘုံဗိမာန်တို့နဲ့နေကြရပြီး ကိုယ်ရောင် ကိုယ်ဝါလည်း သာလွန်ကြတယ်လို့ ဆိုကြပါတယ်။ လက်တွေ့ ပယောဂတရားတို့ကတော့ လွန်စွာ အကျိုးမပေးတတ်ကြပါဘူး။ ဒါကြောင့် ဘုရားအလောင်တော်တို့ ကဲ့သို့သော ပါရမီဖြည့်လိုသူတွေဟာ အခါအားလျှော်စွာ လူ့ပြည်ကို ဆင်းပြီး ပါရမီအလုပ်တွေကို ကြိုးစား ဖြည့်ဆည်းကြရပါတယ်။

ဗုဒ္ဓဘာသာ စာပေမှာ လာရှိတဲ့ ဘဝအမျိုးမျိုးရှိတဲ့ အနက်မှ လူ့ဘဝဟာ ပယောဂတရားသုံးပါး အကျိုးကျေးဇူးကို လက်တွေ့အနေအားဖြင့်ရော သံသရာအတွက်ပါ အကောင်းဆုံး ခံစားစံစားနိုင်တဲ့ နေရာဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဖန်ဆင်းရှင်ဝါဒကို လက်ခံသူများအနေနဲ့လည်း ကျမ်းဂန်မှာ လာရှိတှဲံ ဖန်ဆင်းသူအပါအဝင်၊ ဖန်ဆင်းခံ အမျိုးမျိုးရဲ့ ဘဝကို ပြန်ကြည့်မယ်ဆိုရင် လူ့ဘဝသည်သာ ပရောဂတရား သုံးပါးတို့ရဲ့ အားအကောင်းဆုံးသော ဖန်ဆင်းခံဘဝဆိုတာတွေ့ရမှာပါ။

ဖော်ပြပါ သတိ၊ ဝီရိယ၊ ဉာဏ် ဆိုတဲ့ ပယောဂတရားသုံးပါးတို့ကို အပြစ်ကင်းစွာ အားထုတ်ဖြည့်ဆည်းနိုင်ကြပြီး စည်းစိမ်ဥစ္စာ၊ ပညာဗဟုသုတနှင့် မြတ်တရားတို့ပါ ရှာဖွေနိုင်ကြပါစေ။

ဗောဇ္ဈင် ၇-ပါး

ဗောဇ္ဈင် ၇-ပါး

ဗုဒ္ဓဘာသာစာပေမှာ ဝေါဟာရ အသုံးအနှုံးတွေကို အလွန်အလေးထားကြတာတွေ့ရပါတယ်။ ဗောဇ္ဈင်တရား ဆိုတဲ့ ဝေါဟာရကို လောကုတ္တရာချမ်းသာဖြစ်သော မဂ်ချမ်းသာ၊ ဖိုချမ်းသာ၊ နိဗ္ဗာန်ချမ်းသာအထိ အကျိုးပြုနိုင်တဲ့ တရားတွေအတွက်သာ သုံးကြပါတယ်။

ဒါပေမဲ့ အဲဒီဗောဇ္ဈင်တရားများကိုပဲ လောကီချမ်းသာဖြစ်သော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကိစ္စများမှာလည်း အောင်မြင်မှုရရှိအောင် လက်တွေ့ဘဝ တိုးတတ်အောင်မြင်ရေး လမ်းညွှန်များအဖြစ် အသုံးချနိုင်ပါတယ်။ အဲလိုတရားမျိုးကိုတော့ လောကီဗောဇ္ဈင်တရား၊ (သို့မဟုတ်) ပရိယာယ်ဗောဇ္ဈင်တရားလို့ သုံးကြပါတယ်။ အဲဒါတွေကတော့…

၁) သတိသမ္ဗောဇ္ဈင်
အမှတ်ရမှု၊ မမေ့မှု ဖြစ်ပါတယ်။ လောကီစီးပွားရေး တိုးတတ်ဖို့အတွက် ကောင်းမွန်တဲ့ သတိရှိဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် အောင်မြင်လိုသူတိုင်းအတွက် သတိတရားဟာ ပွားများသင့် ပွားများအပ်တဲ့ တရားဖြစ်ပါတယ်။

၂) ဓမ္မဝိစယသမ္ဗောဇ္ဈင်
ပညာ ရှိမှုဖြစ်ပါတယ်။ အသိအလိမ္မာ၊ ဉာဏ်ပညာတို့လည်း တိုးပွားအောင် ကြိုးစားဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် အောင်မြင်တိုးတတ်လိုသူတိုင်းအတွက် ဓမ္မဝိစယသမ္ဗောဇ္ဈင် တရာဟာ ပွားများအပ်ပါတယ်။

၃) ဝီရိယသမ္ဗောဇ္ဈင်
ကြိုးစားအားထုတ်မှု လုံလ ဖြစ်ပါတယ်။ အောင်မြင်မှုရဖို့အတွက် ဝီရိယစိုက်ထုတ်မှုဆိုတာလည်း ရှိရပါမယ်။ အဲဒါကြောင့် ဝိရိယ တရားဟာလည်း ပွားများသင့် ပါတယ်။

၎) ပီတိသမ္ဗောဇ္ဈင်
နှစ်သက် အားရ ကျေနပ်မှု ဖြစ်ပါတယ်။ တိုးတတ်ချင်ရင် မိမိအလုပ်အပေါ်မှာမိမိနှစ်သက် ကျေနပ်မှု ရှိဖို့ကလည်းအရေးကြီးပါတယ်။ အဲဒါကြောင့် အလုပ်အပေါ်မှာ နှစ်သက်ကျေနပ်စရာ အကြောင်းတရားကို ရှာပြီး ပီတိတရားကိုလည်း ပွားများသင့်ကြပါတယ်။

၅) ပဿဒ္ဓိသမ္ဗာဇ္ဈင်
ကိုယ်ရော၊ စိတ်ပါ ငြိမ်းအေးမှု ဖြစ်ပါတယ်။ တစုံတခုအတွက် ပူပန်နေရရင်လည်း လုပ်ငန်းမှာထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် အောင်မြင်မှု ရလိုသူဟာ ကိုယ်စိတ် ၂-ပါး ငြိမ်းအေးမှုကိုလည်း မွေးမြူပွားများအပ်ပါတယ်။

၆) သမာဓိသမ္ဗောဇ္ဈင်
စူးစိုက် တည်ကြည်တဲ့ အာရုံရှိမှု ဖြစ်ပါတယ်။ စူးစိုက်မှု မရှိဘဲ အာရုံတွေ အလွန်တရာ ပျံ့လွန့်နေရင်လည်း လုပ်ငန်းမှာထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် စူးစိုက်တဲ့ အာရုံသဘောရှိသော သမာဓိတရားဟာလည်း မွေးမြူပွားများအပ်ပါတယ်။

၇) ဥပေက္ခာသမ္ဗောဇ္ဈင်
လျစ်လျူရှုမှု ဖြစ်ပါတယ်။ လျစ်လျူရှုတယ်ဆိုတဲ့နေရာမှာ ဘာမှမလုပ်ဘဲ နေတာမျိုးကို မဆိုလိုပါဘူး။ မိမိရဲ့အလုပ်ကိုအလွန်ချစ်ခင်နှစ်သက်စွဲလန်းခြင်း တဏှာ၊ မိမိအလုပ်နဲ့ ဆန့်ကျင်နေတဲ့ သူတပါးလုပ်ရပ်တွေကို စက်ဆုပ်မုန်းတီးခြင်း ဒေါသ အစရှိတဲ့ စိတ်ခံစားမှုတွေကို လျစ်လျူထားပြီး လုပ်သင့်လုပ်ထိုက်တာကို ပြုလုပ်နေခြင်းမျိုးပါ။ မိမိရဲ့ လုပ်ပိုင်ခွင့်က ကျော်လွန်နေလို့ မိမိဖြစ်စေချင်သလို ဖြစ်လာနိုင်စရာ မရှိတော့တဲ့၊ ဘယ်လိုမှ ပြုပြင်မှု မပေးနိုင်တော့တဲ့ ကိစ္စမျိုးတွေမှာ သင့်တင့်လျောက်ပတ်တဲ့ လျစ်လျူရှုမှု ထားနိုင်ခြင်းကသာ ကိုယ်စိတ်ကို ငြိမ်းအေးစေနိုင်ပါတယ်။

အဲဒီတရားတွေအကြောင်းကို အသေးစိတ်လေ့လာချင်ရင်တော့ သပြေကန်ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ရဲ့ဗောဇ္ဈင်ခုနှစ်ပါးတရားမြတ်ရတနာ ဆိုတဲ့ စာအုပ်မှာလေ့လာနိုင်ပါတယ်။ ဆရာတော်ဘုရားကြီးကတော့ ပိဋကတော် အကိုးအကားများနှင့်တကွ အကျယ်တဝင့် ရှင်းလင်းရေးသားထားပါတယ်။

သင်္ဂဟတရား လေးပါး

သင်္ဂဟတရား လေးပါး

သင်္ဂဟသည် ပါဠိစကားဖြစ်သည်။ ချီးမြှောက်ခြင်းဟူ၍ အနက်အဓိပ္ပါယ်ရသည်။ ချီးမြှောက်ခြင်းဟူရာ၌ တပါးသူတို့အား ချီးမြှောက်ခြင်းကို ဆိုလိုသညိ။ ဤသင်္ဂဟတရား ထွန်းကားမှ လောကကြီး သာယာငြိမ်းချမ်းသည်။ အခြေအနေအားလျော်စွာ သင်္ဂဟတရားတို့ကို ကျင့်သုံးသောပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြသည်။ တဦးနှင့်တဦး ဆက်ဆံကြရာတွင် ဤသင်္ဂဟတရားများသည် အလွန်အရေးကြီးသော တရားများဖြစ်ကြ၏။

မြတ်စွာဘုရားရှင်၏ ဟောကြားတော်မူချက် အရ သင်္ဂဟတရားလေးပါးရှိသည်။

ယင်းတို့မှာ-

၁။ ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှောက်ခြင်း (ဒါန)

၂။ ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှောက်ခြင်း (ပေယျဝစ္စ)

၃။ သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီူးမြှောက်ခြင်း (အတ္ထစရိယာ)

၎။ ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှောက်ခြင်း (သမာနတ္ထတာ) တို့ဖြစ်သည်။

ဤနေရာ၌ ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီူမြှောက်ခြင်း ဆိုသည်မှာ-ပစ္စည်းလက်ဆောင်ပေး၍ ချီးမြှောက်ခြင်းဖြစ်သည်။

ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-လူအများနှင့် ဆက်ဆံပြောဆိုရာတွင် နားဝင်ချိုသာသည့် အခေါ်အဝေါ်မျိုး၊ အပြောမျိုးဖြင့် ဆက်ဆံခြင်းဖြစ်သည်။

အဖေ အမေ အကိုအမ အဒေါ် ဦးကြီးဦးလေး ညီမလေး ညီလေး မောင်လေး စသည်ဖြင့်ခေါ်၍ ခင်မင်စွာ ပြောဆိုဆက်ဆံခြင်းဖြစ်သည်။

သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-တပါးသူတို့၌ သာမှု နာမှု ပြစ်မှု စသော ကိစ္စရပ်များ ကြုံလာလျှင် လက်ဆောင်ပေးပို့ရုံဖြင့် မပြီးသေး၊ ချစ်ဖွယ်စကား ပြောနေ၍လည်း မပြီးသေး၊ ထိုကိစ္စများ ပြီးစီးအောင် ကူညီဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ရခြင်း ဖြစ်သည်။

ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-အမျိုး ဥစ္စာ ရာထူး ဂုဏ်သိန်အားဖြင့် မိမိနှင့်မညီမျှသော်လည်း တန်းတူထား၍ ပေါင်းသင်း ဆက်ဆံရခြင်း ဖြစ်သည်။

ဘုရားရှင်က-ဤသင်္ဂဟတရား လေးမျိုးတို့သည် သွားနေသော ရထား (လှည်း) ကို ဘီးထွက်မသွားအောင် ၀င်ရိုးအစွန်း၌ တပ်ထားသော နားစောင့်က ချီးမြှောက်ထောက်ပံ့ထားသကဲ့သို့ လူ့လောကကို ချီးမြှောက်ထားသော တရားတို့မည်ကုန်၏။ မိခင်အရင်းပင်ဖြစ်စေကာမူ သားသမီးတို့အပေါ်၌ သင်္ဂဟတရားလေးပါး ပျက်ကွက်လျှင် သားသမီးတို့၏ မြတ်နိုးခြင်း၊ ပူဇော်ခြင်းကို မခံရပေ။ ဖခင်လည်း ထို့အတူပင် သင်္ဂတရားလေးပါး ပျက်ကွက်လျှင် သားသမီး၏ မြတ်နိုးခြင်း၊ ပူဇော်ခြင်းကို မခံရပေ။ ပညာရှိတို့သည် ထိုသင်္ဂဟတရားတို့ကို ကောင်းစွာ ဆင်ခြင်ကုန်သောကြောင့် မြင့်မြတ်ခြင်းသို့ ရောက်ကြကုန်၏။ ထိုပညာရှိတို့ကား ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်များ ဖြစ်၏-ဟူ၍ ဆိုဆုံးမထားပေသည်။

ထို့ကြောင့် ကျွန်ုပ်တို့အားလုံး လူငယ် လူရွယ် လူကြီးမရွေး၊ အမျိုး ဘာသာမရွေး၊ သင်္ဂဟတရားလေးပါးကို လိုက်နာကျင့်သုံးခြင်းဖြင့် မိမိတို့ဘ၀နှင့် လောကကြီး ငြိမ်းချမ်းသာယာအောင် ပြုလုပ်ဆောင်ရွက်သင့်ကြပေသည်။

သင်္ချိုင်းလေးတခုရဲ့ အုတ်ဂူလေးမှာ ရေးထားသည့်စာ

သင်္ချိုင်းလေးတခုရဲ့ အုတ်ဂူလေးမှာ ရေးထားသည့်စာ

Remember friends, as you pass by, as you are now,

so once were I, as I am now.

So You must be prepared yourselves and follow me'



မိတ်ဆွေ၊ ငါ့အနားက ဖြတ်သွားတဲ့အခါ သတိပြုလိုက်စမ်းပါ။

ငါလည်းပဲ တခါတုန်းက မင်းလိုပဲ အသက်ရှင်ခဲ့ဖူးတာပါပဲ။

မင်းလည်းပဲ တနေ့ကျရင် အခု ငါ့လို ဖြစ်လာမှာပါ။

ပြင်ဆင်စရာရှိသမျှ ပြင်ဆင်ပြီးရင် ငါ့နောက်လိုက်ခဲ့ပေါ့။

နေမ၀င်ခင် ရိက္ခာပြင်ပါ။ ( အနိစ္စ၊ ဒုက္ခ၊ အနတ္တ )။



အထက်ပါ သံဝေဂစာကို ရန်ကုန်မြို့ ရေဝေးသုဿာန်ရှိ နားရေးခန်းမတွင် ကျွန်ုပ်တို့ ဖတ်ရှုခဲ့ရသည်။ အခန်းထိပ်တွင် ကွယ်လွန်သူ၏ ရုပ်ကလာပ်ကို ပြင်ဆင်ထားသည်။ အခန်းတွင်း၌လည်း အသုဘရှုသူများ ၀ိုင်းဝန်းထိုင်နေကြသည်။ ထိုအခန်းရှိ ရုပ်ကလာပ်အနီး နံရံပေါ်တွင် ဤသံဝေဂစာကို အများသူငါ ဖတ်ရှုဆင်ခြင် နိုင်ရန် စာလုံးကြီးများဖြင့် ရေးထားသည်။ အသုဘရှုသူအားလုံးလိုလိုပင် ဖတ်ရှုဆင်ခြင်မိကြပေလိမ့်မည်။

အလွန်ထိမိသော သံဝေဂစာကလေး ဖြစ်သည်။အထူးသံဝေဂ ရရှိသဖြင့် ထိုစာကို ကူးယူကာ အများသူငါ ဖတ်ရှုဆင်ခြင်နိုင်ရန် ဒါနသံဝေဂပြုထားခြင်းဖြစ်သည်။ အလွန်တန်ဖိုးရှိသည့် ကောင်းမှုပင်တည်း။

ဤသံဝေဂစာကို ကျွန်ုပ်တို့ ဖတ်ရှုကာ အမျိုးမျိုး ဆင်ခြင်မိသည်။ ဗုဒ္ဓဘုရားရှင်၏ တရားတော်အရ သေခြင်းအြေuာင်း လေးပါးရှိသည်။ ယင်းတို့မှာ-

၁။ အသက်တမ်းကုန်၍ သေခြင်း။

၂။ ကံအစွမ်းကုန်၍ သေခြင်း။

၃။ အသက်တမ်း ကံအစွမ်း ၂-မျိုးကုန်၍ သေခြင်း။

၎။ ဥပစ္ဆေဒကကံကြောင့် သေခြင်းတို့ ဖြစ်သည်။

ဥပမာ-

ဆီမီးငြိမ်းရာ၌ -

၁။ ဆီကုန်ခြင်း။

၂။ မီးစာကုန်ခြင်း။

၃။ ဆီနှင့်မီးစာ ၂-မျိုးလုံး ကုန်ခြင်း။

၎။ ဆီနှင့်မီးစာ ရှိသေးပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း၊ သို့မဟုတ်-တမင်ငြိမ်းသတ်ခြင်းဟူ၍ အကြောင်းလေးမျိုး ရှိသကဲ့သို့ ဖြစ်ပေသည်။
( ၁ )

သက်တမ်းကုန်ခြင်း ဆိုရာ၌-

ဘုရားရှင်လက်ထက်တော်တွင် အသက်တမ်း ၁၀၀-ဟုဆို၏။ ယခု ၇၅-နှစ်တမ်း ခန့်မှန်းကြသည်။ သင့်တော်ရုံ ကံပါလာသူတို့သည် သတ်မှတ်ထားအပ်သော အသက်တမ်းကို မကျော်လွန်နိုင် ကြပေ။ အလွန်ကံထူးသူတို့သာ အသက်တမ်းကို ကျော်လွန်နိုင်ကြပေသည်။ ဘုရားလက်ထက်တော်၌ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ၊ ကျောင်းအမ ၀ိသာခါတို့သည် အသက် ၁၂၀-ရှည်ကြ၏။ အရှင်ဗာကုလသည် အသက် ၁၆၀-ရှည်၏။ ထိုပုဂ္ဂိုလ်များကား အလွန်ကံထူးသူများတည်း။

ထိုသို့ ကံအထူးလည်း မပါ။ ပါရှိသော သာမန်လောက်ကံကလည်း အသက်တမ်းကို ကျော်လွန်အောင် မဆောင်တော့ဘဲ ၇၅-နှစ်တမ်း၌ ၇၅-နှစ်ပြည့်၍ သေရခြင်းကို အသက်တမ်းကုန်၍ သေရခြင်းဟု ခေါ်၏။ မီးစာရှိသေးသော်လည်း ဆီကုန်၍ မီးငြိမ်းရခြင်းနှင့် တူ၏။

( ၂ )

ကံအစွမ်းကုန်၍ သေရခြင်းဆိုသည်မှာ-

အခြားမဟုတ်၊ ဘ၀တခုကို စီမံလိုက်သောကံသည် ပဋိသန္ဒေနေရသည့် အချိန်မှစ၍ မိမိသတ္တိ မကုန်သေးသမျှ ဘ၀မပြတ်အောင် (မသေအောင်) အစဉ်တစိုက် အမြဲဖန်တီးလျက်ရှိ၏။ ထိုမူလ စီမံလိုက်သော ကံ၏အစွမ်းကို အားပေးကူညီသော အခြားကံများလည်း ရှိသေး၏။ ထိုမူလစီမံလိုက်သော ကံနှင့် အားပေးကူညီကြသော ကံတို့၏ အစွမ်းသတ္တိ ကုန်လျှင်ကား အသက်တမ်းက မကုန်သေးသော်လည်း ဧကန်မုချ သေကြရတော့မည်။ ၇၅-နှစ်တမ်း၌ ကံအစွမ်းက ၅၀-လောက်သာရှိလျှင် ၅၀-အရွယ်မှာပင် သေကြရသည်။

ဥပမာ-

ဆီမကုန်သေးသော်လည်း မီးစာကုန်လျှင် ဧကန် မီးငြိမ်းရသကဲ့သို့ ဖြစ်ပေသည်။

( ၃ )

အချို့သောသတ္တ၀ါတို့ကား အသက်တမ်းလည်း ကုန်၊ ကံစွမ်းလည်း ကုန်ခြင်းကြောင့် သေကြရသည်။ ဆီလည်း ကုန်၊ မီးစာလည်း ကုန်ခြင်းကြောင့် မီးငြိမ်းရခြင်းနှင့် တူ၏။

ဤတွင် ၇၅-နှစ်တမ်း၌ ၇၅-နှစ်လောက်နေဖို့ရန် ကံပါသူ၏ ၇၅-နှစ်ပြည့်၍ သေရမှုကို အသက်တမ်း၊ ကံစွမ်း နှစ်မျိုးစုံကုန်ခြင်းကြောင့် သေရခြင်း-ဟု ခေါ်၏။

(၄)

အချို့သောသတ္တ၀ါတို့ကား အသက်တမ်းလည်း မကုန်သေး၊ ကံအစွမ်းလည်း မကုန်သေး၊ ယခုဘ၀မှာ ဖြစ်စေ ပြုမိသော အကုသိုလ်ကံက အခွင့်ရသဖြင့် တနည်းနည်းနှင့် သေရတော့၏။ မြွေကိုက်၍ သေခြင်း၊ အဆိပ်မိ၍ သေခြင်း၊ တုတ် ဓား သေနတ် စသည့် လက်နက်တို့ကြောင့် သေခြင်း၊ ရေနစ် သေခြင်း၊ မီးလောင် သေခြင်း၊ ကားတိုက် သေခြင်း စသည်တို့သည် ရှေးမကောင်းမှုကံကြောင့် သေရခြင်းဖြစ်သည်။

ဥပမာ-

မီးစာ ဆီ နှစ်မျိုးလုံ မကုန်သေးဘဲ လေပြင်းတိုက်ခတ်မှု၊ တမင်ငြိမ်းသတ်မှုကြောင့် မီးငြိမ်းခြင်းမျိုးကဲ့သို့တည်း။

ဤကား ဗုဒ္ဓတရားတော်လာ သေခြင်းအမျိုးမျိုး ဖြစ်သည်။ ကျွန်ုပ်တို့သည် တနေ့နေ့တွင် ဤသေခြင်းလေးမျိုး အနက် တမျိုးမျိုးနှင့် သေကြရမည်မှာ မုချဖြစ်သည်။ သေခြင်းလေးမျိုးအနက် တမျိုးမျိုးဖြင့် ကျွန်ုပ်တို့ထက် အသက်ကြီးသူ၊ အရွယ်ကြီးသူများလည်း သေနေကြသည်။ ကျွန်ုပ်တို့နှင့် အသက်တူ၊ အရွယ်တူများလည်း သေနေကြသည်။ ကျွန်ုပ်တို့အောက် အသက်ငယ်သူ၊ အရွယ်ငယ်သူများလည်း သေနေကြသည်။

ဘုရားဟောတရားတော်လာ အနိစ္စ ဒုက္ခ အနတ္တတို့၏ သဘောကို ကွယ်လွန်သူက ပြောပြနေဟန် အထက်ပါ သံဝေဂစာ၌ ဖော်ပြထားသည်။ အလွန်ထိမိလှသည်။ တခါက အသက်ရှင်ခဲ့ဖူးသော ယခုကွယ်လွန်သူနည်းတူပင် ကျွန်ုပ်တို့သည် အနှေးနှင့်အမြန် ဖြစ်ကြရပေတော့မည်။ သူက ရှေ့ကသွားနှင့်၍ ကျွန်ုတို့က နောက်က လိုက်ကြရ မည်မှာ မုချဖြစ်သည်။

ဤသို့ နောက်က မလိုက်မီ သံဝေဂစာ၌ ဖော်ပြထားသကဲ့သို့ ကျွန်ုပ်တို့သည် ပြင်ဆင်စရာ ရှိသမျှ ပြင်ဆင်ကြရပေမည်။ ယင်းသို့ ပြင်ဆင်ရာ၌ တမလွန်ဘ၀သို့ ပါသွားမည့်ရိက္ခာကို နေမ၀င်ခင် အစွမ်းကုန် ပြင်ဆင်ထားကြရပေမည်။ ဤရိက္ခာကား အခြားမဟုတ် ဒါန၊ သီလ၊ ဘာဝနာ တည်းဟူသော ရိက္ခာကြီးများပင်တည်း။

သုံးဆယ့် ရှစ်ဖြာမင်္ဂလာ

သုံးဆယ့် ရှစ်ဖြာမင်္ဂလာ


၁။ လူမိုက်ဆိုလျှင် ရှောင်သွေလွဲ လို့ မမှီဝဲနှင့် ကင်းအောင်နေ။

၂။ ပညာရှိကို အရှည်တွဲလို့ မှီဝဲ ဆည်းကပ်နည်းယူစေ။

၃။ သုံးပါ ရတနာမိဘများနှင့် ဆရာ သမားကိုပူဇော်လေ။

ချမ်းသာကိုပေး ဆက်ဆံရေး မျှော်တွေးသုံးချက်ပေ။

အဲ့တာမှ ဗုဒ္ဓဝါ ဒ ကမ္ဘာမင်္ဂလာ တွေ။



၎။ ကုသိုလ် ပညာ ဥစ္စာ ရဖို့ သင့်ရာဒေသ အမြဲနေ။

၅။ ရှေးကတင်ကြို ပြုခဲ့ဖူးသည့် ကောင်းမှူအထူးရှိပါစေ။

၆။ မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့ မတိမ်းစေနဲ့ ဆောက်တည်လေ။

ဥစ္စာကိုပေး နေထိုင်ရေး မျှော်တွေးသုံးချက်ပေ။

အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာမင်္ဂလာတွေ။



၇။ တတ်ကောင်းတတ်ရာ ဟူသမျှ ကို ကြားမြင်သုတ ရှိပါစေ။

၈။ အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့ အသက်မွေးဖို့ အတတ်သင်လေ။

၉။ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာသင်ကြားနားလည်စေ။

၁၀။ မှန်ကန်ယဉ်ကျေး ချိုသာအေး ဆိုရေးတတ်ပါစေ။

အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာမင်္ဂလာတွေ။



၁၁။ မြင့်မိုရ်ရွှေတောင် မိဘ ကြွေးကို ကောင်စွာဆပ်ပေး ဝတ်ကျေကျေ။

၁၂။ ကြွေးသစ်ချကာ သားနှင့် မယား မြှောက်စားချီးမြှင့် ဝတ်ကုန်စေ။

၁၃။ အလုပ်တာဝန် မလစ်ဟင်းနဲ့ အပြစ်ကင်းအောင် လုပ်ပါလေ။

စည်းစိမ် ကို ပေး ပြု စုရေး မျှော်တွေးသုံးချက်ပေ။

အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာမင်္ဂလာတွေ။



၁၄။ သုံးတန်စေတနာ ဖြူစင်လန်းလို့ ပေးကမ်း ဝေမျှ လှူနိုင်စေ။

၁၅။ ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲပ သုစရိုတ် တရားကို ကျင့်ပါလေ။

၁၆။ ဆွေမျိုးတွေ ကို ပြင်ပမထားနဲ့ သင်္ဂဟတရားနဲ့ချီးမြှောက်လေ။

၁၇။ သန့် စင်ပြစ်မျိုး လူထုအကျိုး သယ်ပိုးရွတ်ဆောင်လေ။

အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာမင်္ဂလာတွေ။



၁၈။ မကောင်းမှူတွေ ဟူသမျှကို မတွေ့ခင်ကရှောင်ကြဉ်လေ။

၁၉။ တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့ အထူးသဖြင့် စောင့်စည်းနေ။

၂၀။ အရက်သေစာ မသောက်စားနဲ့ မှောက်မှားတတ်တဲ့ အရာပေ။

၂၁။ လုပ်ကိုင်ပြောကြားသတိထား တရားမမေ့စေ။

အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာမင်္ဂလာတွေ။



၂၂။ အသက်ဂုဏ်ဝါ ကိုယ့် ထက်ကြီးက ဆည်းကပ်ခစား ရိုသေသေ။

၂၃။ မာနတံခွန် ဂုဏ်မကြွနဲ့ ကိုယ့် ကိုနှိမ့် ချအမြဲနေ။

၂၄။ လောဘအပို လိုမလိုက်နဲ့ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။

၂၅။ ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။

၂၆။ ကောင်းကျိုးဆင့်ပွား မြတ်တရား နာကြားမပြတ်ပေ။

အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာမင်္ဂလာတွေ။



၂၇။ ဝတ်စားနေထိုင် ရန်ခပ်သိမ်း စိတ်ကိုချူပ်ထိန်း သည်းခံလေ။

၂၈။ ကြောင်းကျိုး ပြညွန် ဆုံးမစကားကို ပြောကြားလာက နာလွယ်စေ။

၂၉။ သူမြတ်ပုဂ္ဂိုလ် ဟူသမျှကို မကြာခဏတွေ့ဆုံလေ။

၃၀။ သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ။

အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာမင်္ဂလာတွေ။



၃၁။ လောကီအာရုံ ဇိမ်ယစ်မူး လို့ အပျော်မကျူးနဲ့ ခြိုးခြံလေ။

၃၂။မေတ္တာ ဗြဟ္မစိုရ် လက်ကိုင်သုံးလို့ သူမြတ်ကျင့်ထုံး ယွင်းမသွေ။

၃၃။ လေးပါး သစ္စာ ဥာဏ်မြင်ကြည့်လို့ အမှန်သိအောင် ကြိုးစားလေ။

၃၄။ ဒုက္ခလွတ်ကင်း နိဗ္ဗာန် ချဉ်းအလင်း ပေါက်နိုင်စေ။

အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာမင်္ဂလာတွေ။



၃၅။ ဆင်းရဲချမ်းသာ သဘာဝ တွေ့ကြုံနေကြ လူတိုင်းပေ။

၃၆။ ကောင်းဆိုးနှစ်တန် အစုံတွဲလို့ တစ်လဲ စီလှည့် အမြဲနေ။

၃၇။ လောကဓံကြုံ မဖြုံတမ်းပေါ့ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။

၃၈။ သောကကိုထိန်း ရမ္မက်သိမ်း အေးငြိမ်း ချမ်းသာနေ။

အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာမင်္ဂလာတွေ။

ကြည်ညိုလေးစားရသောသူ

ကြည်ညိုလေးစားရသောသူ

သူ့အကြောင်းကို သိလေလေ၊ သူ့ကို ကြည်ညိုလေလေ။
သူ့ကို ကြည်ညိုလေလေ၊ သူ့အကြောင်းကို သိရလေလေ။

စာရေးသူပြောလိုသော သူ-ဆိုသူမှာ တချိန်က မုံရွာ ပြည်သူ့ဆေးရုံကြီးတွင် အရိုးနှင့်အကြော အထူးကု ဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သွားခဲ့သော ဒေါက်တာကျော်ကျော်မြင့်-ပင် ဖြစ်သည်။

စာရေးသူတို့ရွာမှ ဘုန်းတော်ကြီးတပါး ဆေးကုသခဲ့စဉ်က သူ့ရဲ့ဆေးခန်းသို့ စာရေးသူရောက်ခဲ့ရသည်။ သူသည် အသားဖြူဖြူနှင့် ရုပ်ရည်တင့်တယ်သူ တယောက်ဖြစ်သည်။ သူသည် လူနာများနှင့် ပြောဆိုဆက်ဆံရာ တွင်လည်း ပြေပြစ်မှုရှိလှသည်။ ဘာသာရေး ကိုင်းရှိုင်းသူ တယောက်လည်းဖြစ်သည်။

ဘုန်းတော်ကြီး သူ့ဆေးခန်းသို့ သွားစဉ်က စာရေးသူ လိုက်ပါခဲ့သည်။ သူ့ရဲ့ဆေးခန်းထဲသို့ ရောက်ရောက်ချင်းပင် သူက-အရှင်ဘုရား၊ ဒီဘက်ကိုကြွပါဘုရား၊ ဘယ်ဒေသကလဲဘုရား၊ ဘာဖြစ်လို့လဲဘုရား-ဟူ၍ လက်အုပ်ချီကာ ပြောဆိုမေးမြန်းသည်။ ထို့နောက် စမ်းသပ်စစ်ဆေးကာ ဆေးကုသမှုကို ပြုလုပ်ဆောင်ရွက်ပါတော့သည်။
ဆေးကုသမှု ပြီးစီးသောအခါ စာရေးသူက ကျသင့်သော ဆေးဖိုးဝါးခများကို ပေးချေရန်အတွက် ဆရာ-ဘယ်လောက်ကျပါသလဲ ခင်ဗျား-ဟူ၍ မေးမြန်းသည်။

ထိုအခါ သူက
ဟာ-နေပါစေဗျာ၊ ပေးစရာမလိုပါဘူး။ ကျွန်တော် ဆရာဝန်ဖြစ်စကတည်းက ရဟန်းသံဃာတော်တွေနဲ့ သီလရှင်တွေကို အခကြေးငွေမယူဘဲနဲ့ ကုသပေးခဲ့ပါတယ်။ နောက်ကိုလဲ ခင်ဗျားတို့နယ်က ရဟန်းသံဃာတွေ မကျန်းမမာဖြစ်ခဲ့ရင် ကျွန်တော့်ဆေးခန်းကို ပင့်ခဲ့ပါ။ ကျွန်တော် အခကြေးငွေ မယူဘဲနဲ့ ကုသိုလ်ဖြစ် ကုသပါမယ်-ဟူ၍ လှိုက်လှိုက်လှဲလှဲ ပြောဆိုသည်။
စာရေးသူသည် သူ့ကို အလွန်လေးစားမိပါသည်။ သူတတ်သောပညာဖြင့် သာသနာတော်ကို တဖက်တလမ်းက ကူညီစောင့်ရှောက်နေသူပါတကား။ စာရေးသူတို့ မြန်မာနိုင်ငံတွင် သူ့လို ဆရာဝန်မျိုး များများရှိလျှင် ကောင်းမှာပဲဟူ၍လည်း ဆန္ဒဖြစ်မိသည်။

ဆရာဝန်အလုပ်သည် စိတ်ထားကောင်းမွန်ပါက ကုသိုလ် ၅-မျိုး ရရှိနိုင်ပုံကို ၁၉၉၈-ခုနှစ် အောက်တိုဘာလထုတ် မြတ်မင်္ဂလာ စာစောင်၌ သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားက အောက်ပါအတိုင်း ရေးသားထားပါသည်။

(၁) မေတ္တာဘာဝနာ ကုသိုလ်ရရှိပုံ

အထူးသဖြင့် စိတ်ထားမြင့်မြတ်သော ဆရာဝန်များမှာ ကုသိုလ် ၅-မျိုး ရရှိတာ ထင်ရှားကြပေသည်။ စိတ်ထားမြင့်မြတ်သော ဆရာဝန်တို့သည် မိမိထံသို့ရောက်ရှိလာသော မကျန်းမာသူ လူမမာများကို မြင်ရသည်မှစ၍ ကျန်းမာ ချမ်းသာအောင် ဆေးကုသပေးမည်၊ ဆေးကုသပေးမည်-ဟု စိတ်တွင် မကြာခဏ ဖြစ်နေတတ်ကြပေသည်။

ဤကဲ့သို့ဖြစ်နေခြင်းသည် မေတ္တာဘာဝနာ ပွားများနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် မေတ္တာဘာဝနာ ကုသိုလ်ကို ရရှိနေကြပေသည်။

(၂) ကရုဏာဘာဝနာ ကုသိုလ်ရရှိပုံ

စိတ်ထားမြင့်မြတ်ကြသော ဆရာဝန်တို့သည် ဆင်းရဲဒုက္ခ ဝေဒနာများကို ခံစားနေကြရသော မကျန်းမာသူ လူမမာများကို မြင်ရသည်မှစ၍ ထိုဆင်းရဲဒုက္ခ ဝေဒနာများကို ကင်းပျောက်သွားစေလိုသော သနားခြင်း ကရုဏာများ စိတ်တွင် မကြာခဏ ဖြစ်နေတတ်ကြပေသည်။

ဤကဲ့သို့ ဖြစ်နေခြင်းသည် ကရုဏာဘာဝနာ ပွါးများနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ကရုဏာဘာဝနာ ကုသိုလ်ကိုလည်း ရရှိနေကြပေသည်။

(၃) မုဒိတာဘာဝနာ ကုသိုလ်ရရှိပုံ

စိတ်ထားမြင့်မြတ်ကြသော ဆရာဝန်တို့သည် ရောဂါဝေဒနာ ခံစားရသူ လူမမာမှာ မိမိဆေးကုသပေးလိုက်၍ ရောဂါဝေဒနာ ပျောက်ကင်းကာ ချမ်းသာခြင်းနှင့် ပြည့်စုံလာသည်ကို မြင်ရသောအခါ အလွန်ပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရပေသည်။

ဤကဲ့သို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းသည် မုဒိတာဘာဝနာကို ပွားများနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် မုဒိတာဘာဝနာ ကုသိုလ်ကိုလည်း ရရှိနေကြပေသည်။

(၄) ဥပေက္ခာဘာဝနာ ကုသိုလ်ရရှိပုံ

အချို့အချို့သော မကျန်းမာသူ လူမမာတို့သည် ဆရာဝန်များက ညွှန်ကြားသည့်အတိုင်း မလိုက်နာကြပေ။ ဆေးမှန်မှန် မစားခြင်း၊ ရှောင်ကြဉ်ရမည့် အရာများကို မရှောင်ကြဉ်ခြင်း၊ ချိန်းချက်ထားသော အချိန်များတွင် မလာရောက်ခြင်းတို့ကြောင့် ရောဂါဝေဒနာများ မပျောက်ကင်းကြပေ။ ထိုအခါ ဝေဒနာရှင်များကို ဆရာဝန်များ တွေ့မြင်ရသောအခါ ဒေါသ၊ ဒေါမနဿများ မဖြစ်စေမူ၍ မိမိဖြစ်စေချင်သလို မဖြစ်သည်မှာ ဝေဒနာရှင်၏ ကံ-ပဲဟု လျစ်လျူရှုလိုက်ရလေသည်။

ဤကဲ့သို့ လျစ်လျူရှုလိုက်ခြင်းသည် ဥပေက္ခာဘာဝနာကို ပွားများခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ဥပေက္ခာ ဘာဝနာ ကုသိုလ်ကိုလည်း ရရှိနေကြပေသည်။

အချို့အချို့သော မကျန်းမာသူ လူမမာတို့သည် ဆရာဝန်များက ညွှန်ကြားသည့်အတိုင်း လိုက်နာကြသည်။ ဆေးမှန်မှန် စားကြလေသည်။ ရှောင်ကြဉ်ဖွယ်များကို ရှောင်ကြဉ်လျက် ရှိကြပေသည်။ ချိန်းချက်ထားသော အချိန်များ၌ ရောက်အောင် လာကြပေသည်။ သို့သော် ထိုမကျန်းမာသူ လူမမာ၏ ရောဂါဝေဒနာတို့သည် သက်သာပျောက်ကင်းခြင်း မရှိကြပေ။ ပြင်းထန်စွာ ခံစားနေရလျက် ရှိသည်ကို မြင်ရသောအခါ ထိုရောဂါဝေဒနာရှင်အတွက် စိတ်နှလုံး ပူပန်မှုသောက မဖြစ်စေမူ၍ အတိတ်ကံကြောင့်ပဲဟု လျစ်လျူရှုကြရပေသည်။ ထို့ကြောင့် ဥပေက္ခာဘာဝနာကို ပွားများခြင်း ဖြစ်သည်။ ထို့ကြောင့် ဥပေက္ခာဘာဝနာ ကိုလည်း ရရှိနေကြပေသည်။

(၅) ဒါနကုသိုလ် ရရှိပုံ

အချို့အချို့သော မကျန်းမာသူ ရောဂါရှိသူတို့သည် အလွန်ပင် ဆင်းရဲနွမ်းပါးကြပေသည်။ ဆရာဝန်များက ညွှန်ကြားသည့်ဆေးများကိုပင် ၀ယ်ယူဖို့ရန် ငွေကြေးမတတ်နိုင်ကြပေ။ စားဖွယ်၊ သောက်ဖွယ်များကလည်း မပြည့်စုံကြပေ။ ဤကဲ့သို့ ချို့တဲ့နွမ်းပါးသော ရောဂါဝေဒနာရှင်များကို စိတ်ထားမြင့်မြတ်သော ဆရာဝန်များက တွေ့သိကြသောအခါ ဆေးဝယ်ယူဖို့ရန် ငွေကြေးများ ထောက်ပံ့ကြလေသည်။ သင့်လျော်သော ဆေးပစ္စည်းများကို ကိုယ်တိုင်လည်း ၀ယ်ပေးကာ လှူဒါန်းကြလေသည်။ မိမိစားသုံးဖို့ရာ စားဖွယ် သောက်ဖွယ်များကို နွမ်းပါးသူ လူမမာများကို ပေးကမ်းလှူဒါန်းလေ့ရှိကြသည်။ ဤကဲ့သို့ လှူဒါန်းခြင်းဖြင့် ဒါနကုသိုလ်ကိုလည်း ရရှိနေကြပေသည်။
ဤကား သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရား ရေးသားညွှန်ပြချက် ဖြစ်ပါသည်။ အလွန်တန်ဖိုးရှိလှသဖြင့် ထပ်ဆင့်တင်ပြအပ်ပါသည်။

(ဌေးရီဦး-မြန်မာစာ)

( မြတ်မင်္ဂလာ ၂၀၀၄-ခု သြဂုတ်လ)

ဆင်းရဲ သုံးမျိုး

ဆင်းရဲ သုံးမျိုး

(၁) ဒုက္ခ ဒုက္ခ

(၂) ၀ိပရိနာမ ဒုက္ခ

(၃) သင်္ခါရ ဒုက္ခ

ဒီဆင်းရဲသုံးမျိုးအနက် ဒုက္ခဒုက္ခ-ဆိုတာ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းဟာ အမှန်ဆင်းရဲတာဖြစ်လို့ ဒုက္ခဒုက္ခလို့ ခေါ်တယ်။ ဒီ ဒုက္ခဒုက္ခဆင်းရဲမျိုးကိုတော့ ရှာဖွေနေဖို့ မလိုဘူး။ မရှာဘဲနဲ့တောင် တွေ့ရလွန်းလို့ ခက်နေတယ်။

ဝိပရိနာမဒုက္ခ-ဆိုတာ ဖောက်ပြန်သော ဆင်းရဲခြင်းလို့ ဆိုလိုတယ်။ ဘယ်လိုဖောက်ပြန်သော ဆင်းရဲခြင်းလဲဆိုတော့ ဥပမာ-ည ပွဲကြည့်တာပေါ့။ ကိုယ့်စိတ်ကတော့ နှစ်သက်သာယာပြီး ချမ်းသာသလိုလို ထင်နေတယ်။ အမှန်ကတော့ ဆင်းရဲခြင်းတရားပဲ။ အဲဒီလို ဆင်းရဲတာကို ချမ်းသာလို့ထင်နေတဲ့ ဆင်းရဲက ၀ိပရိနာမ ဒုက္ခတဲ့။ သူ့ကိုလည်း ရှာဖွေဖို့မလိုပါဘူး။ အနည်းငယ် စဉ်းစားကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ရှာဖွေရမည့် ဒုက္ခက သင်္ခါရဒုက္ခ-တဲ့။

သင်္ခါရဆိုတာ အနက်လေးမျိုး ရှိတယ်။ အဘိဓာန်ဂါထာ နံပါတ် ၈၃၂-မှာ-

သင်္ခါရော သင်္ခတေ ပုညာ-ဘိသင်္ခါရာဒိကေ ပိစ ။

ပယောဂေ ကာလေ သင်္ခါရာ၊ ဒျဘိ သံခရဏေသု စ ။ တဲ့

၁။ သင်္ခါရဆိုတဲ့ပုဒ်က ရုပ်နာမ် သင်္ခတအနက်ကိုလည်း ဟောတယ်။

၂။ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနဉ္ဇာဘိသင်္ခါရ ဆိုတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံ ကိုလည်းဟောတယ်။

၃။ အားထုတ်ခြင်း လုံ့လအနက်ကိုလည်း ဟောတယ်။

၎။ ကာယသင်္ခါရ၊ ၀စီသင်္ခါရ၊ မနောသင်္ခါရ ဆိုတဲ့ ကိုယ် နှုတ် စိတ်တို့ဖြင့် ပြုလုပ်ခြင်း အနက်ကိုလည်း ဟောတယ်။

အဲဒီ သင်္ခါရအနက်တွေထဲက သင်္ခါရ ဒုက္ခ-ဆိုတာဟာ ရုပ်နာမ်ဆင်းရဲခြင်းကို ဆိုလိုတယ်။ ဆင်းရဲခြင်းဒုက္ခက ကင်းလွတ်လိုလျှင် ရုပ်နာမ်တရားရဲ့ ဆင်းရဲခြင်းဒုက္ခအစစ်ကို မြင်အောင် ရှာပါတဲ့။
ဒုက္ခ-လို့ ဒီနေရာမှာသုံးတာက ဆိုင်းထမ်းဥပမာနှင့် သုံးတာပါ။ ဆိုင်းထမ်းတဲ့သူဟာ အလယ်ကထမ်းတော့ ဘေးကနှစ်ခုဟာ အလိုအလျောက် ပါသွားတဲ့ ဥပမာလို ရုပ်နာမ်ရဲ့ လက္ခဏာဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ သုံးမျိုးရှိရာမှာ ဒုက္ခကိုမြင်လျှင် ကျန်တဲ့ အနိစ္စ၊ အနတ္တတရားများကို မြင်လာတာပေါ့။ အနိစ္စ၊ ဒုက္ခ၊ အနတ္တကိုမြင်လျှင် ရုပ်နာမ်အပေါ် တပ်မက်တဲ့တဏှာ မရှိတော့ဘူး။ ဒုက္ခသစ္စာခေါ်ရတဲ့ ရုပ်နာမ်အသစ်လည်း မဖြစ်တော့ဘူး။ စစ်မှန်သောဆင်းရဲခြင်း ချုပ်ငြိမ်းသွားပြီ။

ဒါကြောင့် ဆင်းရဲဒုက္ခက ကင်းလွတ်ချင်လျှင် ဆင်းရဲဒုက္ခအစစ်ကို တွေ့အောင်ရှာလို့ ပြောခဲ့တာပေါ့။

( တည်တောဆရာတော် )

ကွယ်လွန်ခါနီး တရားနာရခြင်း အကျိုး

ကွယ်လွန်ခါနီး တရားနာရခြင်း အကျိုး

စာရေးသူအရှင်၏ မယ်တော်ကြီးသည် မန္တလေးတိုင်း ၀မ်းတွင်းမြို့နယ် ဘုရားစုကိုးရွာ ကသစ်စံပြကျေးရွာ၌ နေထိုင်သည်။ အမည်မှာ ဒေါ်လှတုတ် ဖြစ်သည်။

မကြာမီက မယ်တော်ကြီးသည် ကိုယ်ရောင်ရောဂါစွဲကပ်ခဲ့သည်။ ရက်ပေါင်း ၂၀-ခန့် အကြာတွင် စာရေးသူထံ ဆွေမျိုးများက တယ်လီဖုန်းဖြင့် အကြောင်းကြားကြသည်။ စာရေးသူသည် ရန်ကုန်မြို့ ကျောင်းတော်ရာ ရွှေကျင်တိုက် နမူနာ စံကျောင်း၌ သီတင်းသုံးနေထိုင်လျက်ရှိသည်။

စာရေးသူက မယ်တော်ကြီး သက်သာရာရအောင် ရွာရှိ ဆရာဝန်ဖြင့် ကုသရန် မှာကြားသည်။ မသက်သာကြောင်း ပြန်ကြားသဖြင့် မြန်မာတိုင်းရင်းဆေးဆရာကို ပင့်၍ ကုသခိုင်းသည်။ ထို့ပြင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာတရား တိပ်ခွေကို ဖွင့်ပေး၍ နာယူစေရန်လည်း မှာကြားလိုက်သည်။မကြာမီ စာရေးသူထံ ရွာကဆွေမျိုးများက ဖုန်းဆက် အကြောင်းကြားကြသည်။ မယ်တော်ကြီးမှာ အစာ မ၀င်တော့ကြောင်း၊ သားဦးပဉ္ဇင်းကိုသာ တွေ့ချင်ကြောင်း ငါ့သားကသာ ငါ့ကိုတရားဟောပေးမှာ-ဟု ပြောကြားကြောင်း ပြောဆိုကြသည်။

သို့ဖြင့် စာရေးသူသည် ရွာသို့ မီးရထားဖြင့် ပြန်ကြွသည်။ ရောက်သောအခါ မယ်တော်ကြီး၏ အခြေအနေကို ကြည့်ရှုပြီး မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာတရားတိပ်ခွေကိုသာ မကြာခဏ ကက်ဆက်ဖြင့် ဖွင့်ပေးသည်။ နာခိုင်းသည်။ မယ်တော်ကြီးက စာရေးသူကို တရားဟောပြောပေးစေချင်သည်။ စာရေးသူက မိမိဟောပြောလျှင် အစွမ်းထက်မည်မဟုတ်ဟု ယူဆကာ မိုးကုတ်ဆရာတော်ဘုရားကြီးနှင့် သီတဂူဆရာတော် အရှင်ဉာဏိဿရ တို့၏ တရားတိပ်ခွေများကိုသာ မကြာခဏဖွင့်ပေးသည်။ ထိုတရားများ နာပြီးသောအခါ ရက်ပေါင်း ၂၀-ခန့် ထမင်းမစားနိုင်ဘဲ အားပြတ်၍ ထူပေးနေရသော မယ်တော်ကြီးက လက်အုပ်ချီလျက် သာဓုအကြိမ်ကြိမ် ခေါ်သည်။

သို့သော် တနေ့ထက် တနေ့ မယ်တော်ကြီး၏ ရောဂါအခြေအနေကား မသက်သာ၊ မကြာမီကွယ်လွန်တော့မည့် အခြေအနေသို့ ရောက်နေသည်။ တရားများကို နာယူထားသောကြောင့် ဖြစ်မည်။ မယ်တော်ကြီးမှာ ရယ်ရယ်ပြုံးပြုံးရှိနေသည်။ သေခြင်းတရားကို ကြောက်လန့်ခြင်းရှိပုံ မပေါ်တော့ပေ။ ထူးခြားသည်မှာ မယ်တော်ကြီးသည် နှစ်ပေါင်း ၃၀-ကျော် နားလေးရောဂါ စွဲကပ်ခဲ့သူဖြစ်သည်။ သို့ရာတွင် သေခါနီးအချိန်ရောက်မှ နားသောတတွေ အထူးကြည်လင်ပြီး တရားများကို အားပါးတရ နာကြားနိုင်သွားသည်။
ကျန်ရစ်သူ သားသမီးများအား သင့်မြတ်အောင်နေထိုင်ကြပါဟုသာ မှာကြားသည်။ အခြားစကား မပြောကြား။ သားသမီးများနှင့်တကွ ပစ္စည်းဥစ္စာများအပေါ် လုံးဝ သံယောဇဉ်မထားဘဲ အေးငြိမ်းစွာပင် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်၌ အသက် ၆၄-နှစ်အရွယ် ရှိသည်။

ကွယ်လွန်ပြီးနောက် စာရေးသူသည် မယ်တော်ကြီး၏ လက်မောင်းကို စမ်းကြည့်လိုက်သည်။ အသက်ရှိနေသော လူရှင်လိုပင် အံ့ကြဖွယ်ကောင်းလောက်အောင် ပျော့ပျောင်းနေသည်။ ၂-ရက်မြောက်နေ့သို့ ရောက်သည့်တိုင် ခြေထောက်တွေပါမကျန် တကိုယ်လုံး ပျော့ပျောင်းနေသည်။ သင်္ဂြိုဟ်မည့် ၃-ရက်မြောက်နေ့တွင် အခြေအနေကိုကြည့်ရှုရာ ကိုယ်ရောင်ရောဂါတွေ ပျောက်ကင်းသွားပြီး အသားအရေတွေ ကြည်လင်နေသည်ကို တွေ့ရသည်။ ရာသီဥတုက ပူပြင်းသော်လည်း အနံ့အသက် ထွက်ခြင်းမရှိ။ အချိန်မှာ ၁၃၆၄-ခုနှစ် တပေါင်းလဆန်း ၉-ရက် (၁၁-၃-၂၀၀၃) နေ့ ဖြစ်သည်။ သင်္ချိုင်းသို့ရောက်၍ မယ်တော်ကြီး၏ ရုပ်အလောင်းကို ထူပေးရာတွင် လူရှင်လိုပင် ပျော့ပျောင်းမြဲ ပျော့ပျောင်းနေသည်။ မီးသင်္ဂြိုဟ်ရာတွင်လည်း ကောက်ခြင်း၊ ကွေးခြင်း မရှိ၊ ဆံပင်မှာလည်း နောက်ဆုံးအချိန်ရောက်မှ မီးလောင်ကျွမ်းသည်။
မယ်တော်ကြီးသည် သက်ရှိထင်ရှားရှိစဉ်က စိတ်ကောင်း နှလုံးကောင်း ထားရှိသူ ဖြစ်သည်။ ချွေးမ ၃-ယောက်ရှိရာ ၃-ယောက်စလုံးနှင့်ပင် သင့်မြတ်စွာ နေထိုင်နိုင်သည်။ အလှူဒါနများလည်း ပြုလေ့ရှိသည်။ တရားလည်း ထိုင်တတ်သည်။ နောက်ဆုံး ကွယ်လွန်ခါနီးတွင် ဆရာတော်ကြီးများ၏တရားကို ကြားနာသွားရ သည်မှာ အထူးအကျိုးရှိကြောင်း တွေ့ရှိရသည်။
ကွယ်လွန်ခါနှီးတွင် သစ္စာတရားကို ကျနစွာနာကြား၍ နှလုံးသွင်းနိုင်သူတို့မှာ အကျိုးထူးခံစားရကြောင်း အင်္ဂုတ္တိုရ်ပါဠိတော် ဆက္ကနိပါတ် ဖဂ္ဂုဏသုတ်တွင် အထင်အရှားပါရှိသည်။ ဖဂ္ဂုဏရဟန်းလေးသည် ဘုရားရှင် ဟောကြားအပ်သော သစ္စာတရားကို ကြားနာရပြီး ပျံလွန်တော်မူသွားရာ အနာဂါမ်ပင် ဖြစ်သွားကြောင်း ဖတ်ရှုလေ့လာရပါသည်။

ထို့ကြောင့် သေခါနီး အချိန်တွင် ဆရာတော်ကြီးများ၏ ထူးမြတ်သော တရားများကို နာယူ နှလုံးသွင်းနိုင်အောင် ကျန်ရစ်သူ ဆွေမျိုးသားချင်းတို့က စီစဉ်ဆောင်ရွက်ပေးသင့်သည်ဟု စာရေးသူက တိုက်တွန်းလိုပါသည်။

ဒုလ္လဘရဟန်းဝတ်လျှင် သတိထားဆင်ခြင်နိုင်ရန်

“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

ဗုဒ္ဓဘာသာသာသနာတော်ကို သက်ဝင်ယုံကြည်သူအမျိုးသားတို့သည် မြန်မာသင်္ကြန် ရုံးပိတ် ရက်တို့၌ ဒုလ္လဘရဟန်းဝတ်တတ်ကြ၏။ ကုသိုလ်ကောင်းမှုတို့ ဖြည့်ဆည်းကြပေသည်။ အပျော်အပါး အမော်အကြွားတို့ကိုရှောင်ကြဉ်ကာ “အလွန်ရခဲလှသည့် ရဟန်းအဖြစ်ကို ဖြည့် ကျင့်ဦးမှ တော်ပေမည်”ဟူ၍တွေးကာ ဒုလ္လဘရဟန်းဝတ်တတ်ကြသည်။ ရဟန်းအဖြင့်နှင့် နိဗ္ဗာန်ရောက်ကြောင်း ပါရမီအကျင့်ကောင်း၊ အကျင့်မြတ်တို့ကို ထိုသင်္ကြန်ရုံးပိတ်ရက်၊ ခွင့်ရ သည့်ရက်များ၌ အကျိုးရှိအောင် အသုံးချလိုသည့် စေတနာကောင်းဖြင့် ရဟန်းဝတ်ကြခြင်း ဖြစ်၏။

ဒုလ္လဘရဟန်း- ရခဲလှသည့်ရဟန်းအဖြစ်သည် ဒုလ္လဘငါးပါးတွင် တစ်ခုအပါအ၀င်ဖြစ်ပါ၏။ ဒုလ္လဘငါးပါးတို့မှာ- (၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ= ဘုရားပွင့်သောကာလနှင့် ကြုံကြိုက်ခဲခြင်း၊ (၂) မနုဿတဘာဝ ဒုလ္လဘ= လူအဖြစ်ကိုရခဲခြင်း၊ (၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ= သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊၊ (၄) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ= ရဟန်းအဖြစ်၊ ရဟန်းဘ၀ကိုရခဲခြင်း၊ (၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ= သူတော်ကောင်းတရား (မှန်ကန်သောတရား)တို့ကို ကြားနာရခြင်း ကို အလွန်ရခဲခြင်းတို့ ဖြစ်ကြပေသည်။ ထိုသို့ငါးပါးရှိရာတွင် သာသနာတော်၏ အနှစ်သာရ ဘ၀ဖြစ်သော ရဟန်းအဖြစ်နှင့် အချိန်ကိုကုန်လွန်စေကာ အသုံးချကြသည့်အတွက် လွန်စွာမှ အကျိုးရှိလှပါပေသည်။

ဤသို့ သဒ္ဓါတရားရှိပြီး မြင့်မြတ်သောရဟန်းဘ၀အဖြစ်နှင့် အချိန်ကို လွန်စွာအကျိုးရှိစေရန် အသုံးချသည်ကမှန်၏။ သို့သော်လည်း ရဟန်းအဖြစ်နှင့် မည်သို့မည်ပုံ ဖြည့်ကျင့်မှ ပို၍အကျိုး ရှိလှသည်၊ မှန်ကန်လှသည်ကို ၀ိနည်းတော်တို့အား သင်ကြားတတ်မြောက်ထားသော ရဟန်း တော်များလောက် သိမထားသော်လည်း သိထားသင့်သည့်ဝိနည်းတော်(စည်းကမ်း)များနှင့် လိုက်နာသင့်သည့်အချက်တို့ကို ဒုလ္လဘရဟန်းမ၀တ်ခင် ကြိုတင်သိထားသင့်၏။ ထို့ကြောင့် ဤဓမ္မဆောင်းပါးဖြင့် သံသရာ၌ တင်ခဲ့ဖူးသော ကျေးဇူးတရားများကို ကျေးဇူးဆပ်ရေးသား ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။

ရဟန်းဝတ်ရန် ကျောင်းသို့ ချဉ်းကပ်စဉ်ကပင် နှလုံးသွင်းသင့်သည်မှာ သံသရာဒုက္ခဘေးမှ လျင်မြန်စွာလွတ်ကင်းရန်အတွက် လူဝတ်ကိုစွန့်၊ ရဟန်းအ၀တ် သင်္ကန်းဖြင့် တရားအားထုတ် ရန် လာခဲ့သည်ဟု ဦးစွာနှလုံးသွင်းသင့်၏။ သံသရာဘေးမှ လျင်မြန်စွာလွတ်ကင်းရန်ဟု ဆိုရခြင်းမှာ ရဟန်းတော်အဖြစ်သည် အကျဉ်းအားဖြင့် (၂၂၇)ပါး၊ အကျယ်အားဖြင့် ကုဋေကိုး ထောင်ကျော်သော သီလတော်မြတ်တို့ကို စနစ်ကျမှန်ကန်စွာ မပျောက်၊ မကျား၊ မကျိုးရ အောင် အားထုတ်တတ်ပါလျှင် သီလသိက္ခာ၏အစွမ်းအာနိသင်ကြောင့် တရားအားထုတ်ရာ၌ သမာဓိ၊ ပညာ(မဂ်၊ ဖိုလ်)တရားတို့ လျင်မြန်စွာရောက်ရှိနိုင်သောကြောင့်ဖြစ်၏။

လူစိတ်ကိုဖျောက်၊ ရဟန်းတော်စိတ်ဖြင့် မအပ်စပ်သည့် လက်စွပ်၊ ဆွဲကြိုး၊ လက်ပတ်နာရီ တို့ကို ချွတ်ထားခဲ့ကာ ၀တ္ထုငွေတို့ကိုလည်း ရဟန်းအဖြစ်သို့ ရောက်ခါနီးမှအစပြု၍ မထိမကိုင်၊ လူ့အလုပ်တွေ နှလုံးမသွင်း၊ ရဟန်းအလုပ်သာ မှန်စွာဆင်ခြင်ရတော့မည်ဟု ဆုံးဖြတ်ထားရ မည်။ လက်ကိုင်ဖုံးများကိုလည်း ယူဆောင်မလာသင့်ပေ။ အိမ်အလုပ်များ ကျောင်းအထိ ပါမလာအောင် ထားနိုင်ခဲ့ရပါမည်။ လူဝတ်အဖြစ်၌ သူဌေးသူကြွယ်၊ ရာထူးဂုဏ်ထည်၊ ခေတ်ပညာတွေ လွန်စွာတင့်တယ်ခဲ့သည့်အဖြစ်တို့ကို နှလုံးမသွင်း ရိုးရှင်းရှင်း စိတ်ရင်းဖြင့်သာ မာနကို ခ၀ါချ၍ “မိမိကို ရဟန်းအဖြစ်တင်ပေးမည့် ကျောင်းရှိ သံဃာတော်တို့၏ ဆုံးမ သွန်သင်မှုအောက်တွင်သာနေမည်”ဟု ဆုံးဖြတ်ထားသင့်ပေသည်။

စဦးဆုံးကြုံတွေ့ရမည့် တရားအားထုတ်ရန် ကမ္မဋ္ဌာန်းမှာ ခေါင်းစရိတ်ချိန်၌ (အရေလျှင် ငါးခု မြောက်ရှိသောအဖို့အစု)တို့ကို ဆင်ခြင်ရမည့် တစပဉ္စကကမ္မဋ္ဌာန်းပင်ဖြစ်ပါသည်။ ဆင်ခြင်ပုံ မှာ- “အတ္ထိ ဣသ္မိံ ကာယေ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော။” (ဣသ္မိံ ကာယေ- ဤကိုယ်ကာယ တလံမျှ၌၊ ကေသာ- ဆံပင်၊ လောမာ- အမွေး၊ နခါ- ခြေသည်း လက်သည်း၊ ဒန္တာ- သွား၊ တစော- အရေတို့သာလျှင်၊ အတ္ထိ သန္တိ- ရှိကြကုန်၏။)

“ငါ၏ခန္ဓာကိုယ်၌ ဆံပင်၊ အမွေး၊ ခြေသည်း လက်သည်း၊ သွား၊ အရေတို့သာ ရှိချေသည်။” ဟူ၍ ဉာဏ်ဖြင့် သေချာဆင်ခြင်ရှုမှတ်ရပေမည်။ ဆင်ခြင်ပုံကမ္မဋ္ဌာန်းတိုသောကြောင့် ပေါ့ပျက် ပျက် သဘောမထားဘဲ အလေးအနက်ထား ဆင်ခြင်ပွါးများရမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုရမူ- ဘုရားရှင်လက်ထက်က ပါရမီတရားတို့ ဖြည့်ကျင့်ထားခဲ့ကြသောပုဂ္ဂိုလ်တို့သည် ထို ကမ္မဋ္ဌာန်းဖြင့်ပင် ရဟန္တာအဖြစ်သို့ ရောက်ရှိသွားခဲ့ကြပြီ။ မိမိလည်း မည်မျှပါရမီ ဖြည့်ကျင့်ခဲ့ သည်ကို မသိနိုင်သောကြောင့် ခေါင်းရိတ်နေစဉ်၌ အလေးအနက်ထားဆင်ခြင်သင့်ပေသည်။

ပြီးနောက် သိမ်ထဲ၌ ရဟန်းအဖြစ်သို့ သိက္ခာတော်မတင်ခင် သိမ်ဝင်သံဃာတော်များ၏ စစ်ဆေးမေးမြန်းမည့် မေးခွန်းတို့ကို မှန်ကန်စွာ ဖြေဆိုရမည်ဖြစ်သည်။ မေးပုံနှင့် ဖြေကြားပုံ တို့မှာ-

(၁) ကုဋ္ဌံ, ဂဏ္ဍော, ကိလာသော, သောသော, အပမာရော

တေ- သင်ပဉ္စင်းလောင်းအား၊ ဧ၀ရူပါ- ဤသို့သဘောရှိကုန်သော-

(ကုဋ္ဌံ- သဖန်း၊ နီဖြူ၊ လူချင်းမတူအောင်၊ အနုအကွက်၊ သမင်ရက်မျိုး၊ အနာဆိုးတို့သည် လည်းကောင်း၊

ဂဏ္ဍော- သားရေစိုစို၊ ပြည်ယိုယိုမျိုး၊ အနာဆိုးတို့သည်လည်းကောင်း၊

ကိလာသော- တင်းတိပ် ပွေးညှင်း၊ ခရုသင်းနှင့်၊ ဆင်ညှင်းကြီးမျိုး၊ အနာဆိုတို့သည် လည်းကောင်း၊

သောသော- ရှူနာရှိုက်နာ၊ ကြက်ညှာ ချောင်းဆိုး၊ အနာမျိုးသည်လည်းကောင်း၊

အပမာရော- ခွေးရူးဝက်ရူး၊ ဘီလူးဖမ်းစား၊ မြေဘုတ်များကြောင့်၊ စကားသွပ်ပေါ၊ သတိလျော့ ၍၊ မေ့လျော့တတ်သော အနာမျိုးသည်လည်းကောင်း)

သန္တိနုခေါ- ရှိကုန်သလော။

(သင့်၌ ကူးစက်တတ်သောရောဂါ၊ ထိုသို့သောအနာဆိုးများ ရှိပါသလား?)

(နတ္ထိ ဘန္တေ- မရှိပါဘုရား)

(၂) မနုဿာ အတ္ထ

မနုေဿာ- လူသားစင်စစ် ဧကန်ဖြစ်သည်၊ အသိ- ဖြစ်ပါ၏လော။

(သင်သည် လူသားစင်စစ် ဧကန်ဖြစ်ပါသလား?)

(အာမဘန္တေ- လူသားစင်စစ် ဧကန်ဖြစ်ပါသည်ဘုရား)

(၃) ပုရိသာ အတ္ထ

ပုရိေဿာ- နပုလ်းပဏ္ဍုပ်၊ မဟုတ်ဣတ္ထိ၊ မျိုးဇာတိနှင့်၊ ပုရိသစစ်၊ ယောက်ျားဖြစ်သည်၊ အသိ- ဖြစ်ပါ၏လော။

(သင်သည် ယောက်ျားစင်စစ် ဧကန်ဖြစ်ပါသလား?)

(အာမဘန္တေ- ယောက်ျားစင်စစ် ဧကန်ဖြစ်ပါသည်ဘုရား)

(၄) ဘုဇိသာ အတ္ထ

ဘုဇိေဿာ- သူ့ကျွန်သူ့ကျေး၊ ခင်းမှုရေးကြောင့်၊ ထွက်ပြေးကြဉ်ဖဲ၊ ခေါ်ငင်ဆဲတွင်၊ ရှောင် လွှဲမဖြစ်၊ တော်လှန်စစ်သည်၊ အသိ- ဖြစ်ပါ၏လော။

(သင်သည် သူ့ကျွန်အဖြစ်မှ လွတ်ပါသလား?)

(အာမဘန္တေ- သူ့ကျွန်အဖြစ်မှ လွတ်ပါသည်ဘုရား)

(၅) အဏဏ အတ္ထ

အဏဏော- ယခုအခါ၊ သူ့ဥစ္စာကို၊ များစွာယူချေး၊ ကြေအောင်ပေး၍၊ မြီကျွေးမတင်၊ သန့် ရှင်းစင်သည်၊ အသိ- ဖြစ်ပါ၏လော။

(သင့်သည် သူတစ်ပါးတို့ထံမှ ငွေကြေးဥစ္စာ ချေှးငှါးထားပြီး ကျေအောင် ပြန်ဆပ်ပြီးပြီလား?)

(အာမဘန္တေ- သူ့ကျွေးမတင် ကြွေးသန့်ရှင်း ကင်းစင်ပါသည်ဘုရား)

(၆) နတ္ထ ရာဇာဘဋာ

ရာဇာဘဋော- မင်းပါးစိုးခွင်၊ ချဉ်းကပ်ဝင်၍၊ အစဉ်လှုပ်ရှား၊ မင်းခစားသည်၊ န အသိ- မဖြစ်ဘဲ ရှိပါ၏လော။

(သင်သည် မင်းခစားအဖြစ်မှ လွတ်မြောက်ပါသလား?)

(အာမဘန္တေ- မင်းခစားဘ၀မှ လွတ်မြောက်ပါသည်ဘုရား။)

မှတ်ချက်။ အရပ်သားအစိုးရ၀န်ထမ်း၊ လခစားများဖြစ်ပါက ခွင့်ယူရပါမည်။ ခွင့်ရက်ရရှိမှ ရဟန်းပြုသင့်သည်။ စစ်မှုထမ်းများဖြစ်ပါက ဒုလ္လဘရဟန်းဝတ်ရန်ဟူသော အကြောင်း အရာဖြင့် ခွင့်တင်ပြီး ခွင့်ပြုချက်ကျထားပြီး ဖြစ်ရပါမည်။

(၇) အနုညာတာ အတ္ထ မာတာပိတူဟိ

နာဂ- မဂ်ဖိုလ်နီးကြောင်း ပဉ္စင်းလောင်း၊ တေ- သင်ပဉ္စင်းလောင်း၏၊ မာတာပိတူဟိ- သင်၏ ကျေးဇူးဂုဏ်ရှင်၊ မိခင်ဖခင်တို့က၊ အနုညာတော- ရဟန်းပြုရန် အနူးအညွတ် ခွင့်ပြုလွှတ်သည်၊ အသိ- ဖြစ်ပါ၏လော။

(သင့်အား မိဘများက ရဟန်ပြုရန် ခွင့်ပြုကြပါသလား?)

(အာမဘန္တေ- မိဘနှစ်ပါက ရဟန်းပြုရန် ခွင့်ပြုကြပါသည်ဘုရား)

(၈) ပရိပုဏ္ဏ၀ီသတိဝဿာ အတ္ထ

ပရိပုဏ္ဏ၀ီသတိဝေဿာ- သန္ဓေကလလ၊ ရေတည်စက၊ စ၍ချင့်တွက်၊ ဤသည့်ရက်တွင်၊ အသက်တိတိ၊ နှစ်ဆယ်ပြည့်သည်၊ အသိ- ဖြစ်ပါ၏လော။

(သင့်ကို မိခင်က မမွေးဖွားခင် ကိုယ်ဝန်ဆောင်ထားခဲ့သောကာလနှင့် မွေးဖွားပြီး လက်ရှိအချိန် အထိကာလ နှစ်ခုပေါင်း သင့်၌ အသက်နှစ်ဆယ် ပြည့်ပါသလား?)

(အာမဘန္တေ- အသက် ၂၀ ၊ ပြည့်ပါသည်ဘုရား)

(၉) ပရိပုဏ္ဏံ ဝေါ ပတ္တစီဝရံ

တေ- သင့်အား၊ ပတ္တစီဝရံ- သပိတ်သင်္ကန်းသည်၊ ပုဏ္ဏံ- ပြည့်စုံပါပြီလော။

(အာမဘန္တေ- ပြည့်စုံပါပြီဘုရား)

(၁၀) ကိံနာမာ အတ္ထ

ကိန္နာမောသိ- ဟူသော ပါဌ်ဖြင့် မိမိ၏အမည်ကို မေးလျှင်-

[အဟံ ဘန္တေ နာဂေါ နာမ- (ဘန္တေ- အရှင်ဘုရား၊ အဟံ- တပည့်တော်သည်၊ နာဂေါ နာမ- နာဂအမည်ရှိပါသည်ဘုရား)]

(တပည့်တော်၏အမည်သည် “နာဂ”အမည် ရှိပါသည်ဘုရား)

ကောနာမောတေ ဥပဇ္ဈာယော- ဟူသော ပါဌ်ဖြင့် မိမိ၏ ဥပဇ္ဈာယ်ဆရာတော်ကို မေးလျှင်-

[ဥပဇ္ဈာယော မေ ဘန္တေ အာယသ္မာ တိဿတ္ထေရောနာမ (ဘန္တေ- အရှင်ဘုရား၊ မေ- တပည့် တော်၏၊ ဥပဇ္ဈာယော- ဥပဇ္ဈာယ်ဆရာသည်၊ အာယသ္မာ တိဿတ္ထေရောနာမ- အရှင်တိဿ မထေရ်အမည်ရှိပါသည်ဘုရား)]

(တပည့်တော်၏ဆရာ့အမည်သည်အရှင်တဿမထေရ်အမည် ရှိပါသည်ဘုရား)

ဤသည်မှာ သိမ်တွင်း၌ မေးပုံနှင့် ဖြေကြားပုံများဖြစ်၏။ ထိုသို့ မေးသောအခါများတွင် ဖြေ ကြားရမည်မှာလည်း ဖြေကြားပုံအတိုင်းသာဖြစ်၏။ မှန်သည်မှားသည်အရေးမကြီး ဤအတိုင်း ဖြေကြားရမည်ဆိုသောကြောင့် မိမိ၌ပြည့်စုံထားရမည့်အချက်တို့ကို မပြည့်စုံပါဘဲ လိမ်ညာဖြေ ကြားလျှင် အစတည်းက မုသာဝါဒကံနှင့် စမိနေသလိုဖြစ်နေပေမည်။ “အစကောင်းမှ အနှောင်းသေချာ”ဆိုသလို အစတည်းက သန့်ရှင်းကောင်းမွန် နေရန် ပြင်ဆင်ထားရမည်ဖြစ်ပါသည်။

ရဟန်းသိက္ခာတော်တင်ပေးမည့် ဆရာတော်များအနေဖြင့်လည်း ရဟန်းဝတ်ရန်လာကြသူများ ကို သင်ပေးပါလိမ့်မည်။ သို့သော် တချို့ကျောင်းများ၌ ဒုလ္လဘရဟန်းဝတ်ရန်လာကြသူများ အလွန်များလှသောကြောင့် သေချာကျ န သင်ချိန်မရ၍ မိမိတို့အနေဖြင့် ကြိုတင်သိရှိထားလျှင် ပို၍ကောင်းသည်။ သိက္ခာတော် တင်ပေးကြမည့် ရဟန်းတော်များသည် အနည်းဆုံး ငါးပါး ရှိ ထားကြပြီး မိမိတို့ကို ရဟန်းခံ အစီအစဉ်အတိုင်း လုပ်ဆောင်သွားကြပါလိမ့်မည်။ ထိုသို့ စီစဉ်တကျ လုပ်ဆောင်တိုင်း၌ လေးနက်စွာ ဆင်ခြင်နေသင့်သည်မှာ ရဟန်းမဖြစ်သေးခင်၌ “ငါသည် မြင့်မြတ်သောရဟန်းဘောင်သို့ မကြာခင်ရောက်ရတော့မည်၊ လူဘောင် လူ့အလုပ် စွန့်ရတော့မည်။”၊ ရဟန်းအဖြစ်ရောက်သွားသောအခါ၌လည်း “ငါသည် မြင့်မြတ်သော ရဟန်းဘောင်သို့ ရောက်ခဲ့ချေပြီ။ လူတွေကဲ့သို့ မနေအပ်တော့။”ဟူ၍ ၀မ်းမြောက်ပီတိ ဖြစ်နေ ရပါမည်။

ရဟန်းအဖြစ်သို့တင်ရန် ပထမ ကိုရင်အဖြစ်တင်၊ ပြီးနောက် ရဟန်းအဖြစ် သိက္ခာတော်များ တင်ခြင်း အစဉ်တကျလုပ်ဆောင်ရာတွင် သရဏဂုံရွတ်ဆိုရာ၌ ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုရ မည်ဖြစ်၏။ အာဖျားလျှာဖျားလေးဖြင့် ရွတ်ဆို၍မသင့်ပေ။ ဆရာတော်များ၏ ကမ္မ၀ါစာ ရွတ်ဆို တော်မူခြင်းကိုလည်း လေးနက်စွာနာကြားရပါမည်။ ရွတ်ဆိုသောပါဠိအဓိပ္ပါယ်တို့ကို နား မလည်သော်လည်း ဘုရားရှင်ဆုံးမထားခဲ့သော ၀ိနည်း(စည်းကမ်း)များအတိုင်း မိမိကို ရဟန်း အဖြစ် သိက္ခာတော်များ တင်ပေးနေကြသည်ဟူ၍ နှလုံးသွင့်ဆင်ခြင်သင့်၏။ အဓိပ္ပါယ်တို့ကို သိရှိက ပိုကောင်း၏။ ကမ္မ၀ါစာရွတ်ဆိုကြသော ရဟန်းတော်များ၏ ဌာန်ကရိုဏ်းကျနစွာ ရွတ်ဆိုသံများကို ကြားရပါမည်။ ပထမတစ်ခေါက်ဖြင့် ဌာန်းကရိုဏ်မကျသော စာလုံးများ ပါခဲ့ခြင်းမဖြစ်ရအောင် ကမ္မ၀ါစာကို နှစ်ခေါက် ရွတ်ဆိုကြသည်။ အမြဲတမ်းဝတ်မည့် ရဟန်း လောင်းဖြစ်လျှင် သုံးခေါက်ရွတ်ဆိုကြ၏။



သိမ်မှအထွက် သိမ်ဆွမ်းလောင်းလှူကြသော ဒကာဒကာမများလည်း တွေ့ကြုံရတတ်ပေ သည်။ ထိုအခါတွင်လည်း သာယာတပ်မက်ခြင်းမဖြစ်စေရန် နှလုံးသွင်းသင့်၏။ သိမ်ဆင်း ဆွမ်းလောင်းနေကြသော ဒကာဒကာမတို့ကို မေတ္တာပို့ပေးနေရမည်။ “မိမိကိုခင်လို့ ကျွေးသည်”ဟူ၍ နှလုံးမသွင်းသင့်။ ဒကာဒကာမတို့သည် သံဃာတော်အရှင်သူမြတ်တို့ကို ကြည်ညိုကြသောကြောင့် သာသနာတော်စည်ပင်ကြောင်း “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး” စသည့် ရှင်လေးပါးမှ ဆွမ်းအလှူဒါနဖြင့် ကုသိုလ်ယူလိုသောကြောင့်၊ လယ်ယာမြေကောင်း ဖြစ်သော သံဃာတော်အရှင်သူမြတ်တို့ထံ၌ ကုသိုလ်မျိုးစေ့များ လာရောက်စိုက်ပျိုးနေကြ သည်ဟုဆင်ခြင်ပြီး နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေရန် ရဟန်းကျင့်ဝတ်ဖြင့် ပြည့်စုံစွာရှိနေရ ပေမည်။

“ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး”စသည့် ပစ္စည်းလေးပါး မသုံးဆောင်ခင်တို့၌လည်း နှလုံးသွင်း ဆင်ခြင်ရန် ကမ္မဋ္ဌာန်းများရှိပါသည်။ ၎င်းကမ္မဋ္ဌာန်းတို့ကိုလည်း အလေးအနက်ထား ဆင်ခြင် ပွါးများရပါမည်။ သီရိလင်္ကာ၌ သံဃရက္ခိတမထေရ်ကြီး၏ ကျောင်းတွင် ခုနစ်နှစ်သား ကိုရင်လေး ဆွမ်းစားရန်ပြင်နေချိန်တွင် ပန်းကန်သံများကို ကြားနေရသော သံဃရက္ခိတ မထေရ်ကြီးက ကိုရင်လေးကို သတိပေးစကား ပြောကြားလိုက်သည်မှာ “လျှာအပူလောင်မယ်၊ သတိထားစား”ဟူ၍ဖြစ်၏။ ကိုရင်လေးလည်း သတိဝင်ပြီး ဆွမ်း၌ဆင်ခြင်ရမည့် ကမ္မဋ္ဌာန်းကို ဆွမ်းမစားခင် ဆင်ခြင်ရာတွင် ခန္ဓာဉာဏ်ရောက် တရားပေါက်၍ ကိလေသာကုန်ခန်းကာ ရဟန္တာဖြစ်ခဲ့သည်မှာ ဆွမ်းမစားခင် ဆွမ်း၌ဆင်ခြင်ရမည့်ကမ္မဋ္ဌာန်းကို လေးနက်စွာဆင်ခြင်ခဲ့ သောကြောင့်ဖြစ်၏။ ထို့ကြောင့် “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး” ပစ္စည်းလေးပါး မသုံးဆောင် ခင်တိုင်း၌ ရဟန်းတော်များအနေဖြင့် အလှူရှင်များကို မေတ္တာပို့ခြင်း၊ မသုံးဆောင်ခင် ဆင်ခြင် ပွါးများရသည့်ကမ္မဋ္ဌာန်းတို့ကို မပျက်မကွက် ဆင်ခြင်နှလုံးသွင်းကြရပေသည်။

ပစ္စည်းလေးပါးဆင်ခြင်ပုံတို့ကို ပါဠိတော်ဖြင့် ဆင်ခြင်ရန် အခက်အခဲရှိကလည်း မြန်မာလို ဆင်ခြင်နိုင်ပေသည်။ ဆင်ခြင်ပွါးများရာ၌ အနက်အဓိပ္ပါယ်ကို သိရှိနားလည်ထားရန်သာ လိုရင်းဖြစ်ပါသည်။ ထိုဆင်ခြင်ပုံများကို သေချာကျက်မှတ်ထားသင့်၏။

သင်္ကန်း၌ဆင်ခြင်ပုံ

ပါဠိ။ “ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဍံသ မကသ ၀ါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေ၀ ဟိရိကောပိနပ္ပဋိစ္ဆာဒနတ္ထံ။”

(မြန်မာ။ “ကင်းမြွေလွှဲသုန်၊ ဟိရီဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မသန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်း သုံးဆောင်ပါ သတည်း။”)

ကျောင်း၌ဆင်ခြင်ပုံ

ပါဠိ။ “ပဋိသင်္ခါ ယောနိသော သေနာသနံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဍံသ မကသ ၀ါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေ၀ ဥတုပရိဿယ ပိနောဒနပ္ပဋိသလ္လာနာရာမတ္ထံ။”

(မြန်မာ။ “ချမ်းပူ ကိုဖျက်၊ ခြင်မှက်လေနေ၊ ကင်းမြွေဝေးမှု၊ ဥတုဘေးကြမ်း၊ မသန့်ကင်းစင်၊ စိတ်ကြည်လင် ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်းမှီခိုပါသတည်း။”

ဆွမ်း၌ဆင်ခြင်ပုံ

ပါဠိ။ “ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေ၀ါမိ၊ နေ၀ ဒ၀ါယ၊ န မဒါယ၊ န မဏ္ဍနာယ၊ န ၀ိဘူသနာယ၊ ယာဝဒေ၀ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ၊ ၀ိဟိံသူပရတိယာ ဗြမစရိယာ နုဂ္ဂဟာယ၊ ဣတိ ပုရာနဉ္စဝေဒနံ ပဋိဟင်္ခါမိ၊ န၀ဉ္စ ဝေဒနံ န ဥပါဒေဿာမိ၊ ယတြာ စ မေ ဘ၀ိဿတိ၊ အန၀ဇ္ဇာတာ စ ဖာသုဝိဟာရော စ။”

(မြန်မာ။ “ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာ ဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင် ဟု၊ သုံးဆောင်မှီဝဲပါသတည်း။”

ဆေးပစ္စည်း၌ဆင်ခြင်ပုံ

ပါဠိ။ “ပဋိသင်္ခါ ယောနိသော ဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ ဥပ္ပာန္နာနံ ဝေယျာဗျာဓိကာနံ၊ ဝေဒနာနံ ပဋိဃာတာယ၊ အဗျာပဇ္ဇာ ပရမတ္တာယ။”

(မြန်မာ။ “ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွါပယ်ရှင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာရွှင်လန်း၊ ကျင့်ဖြည့်စွမ်းနိုင်ဖို့ ရည်မှန်း သုံးဆောင်ပါသ တည်း။”

အခြားအသုံးအဆောင်တို့၌ဆင်ခြင်ပုံ

“ဖိနပ်ဆီမီး၊ ထီးတောင်ဝှေးစ၊ ဟူသမျှကို၊ အေးမြချမ်းပူ၊ မြေငူသစ်ငုတ်၊ ခလုတ်ဆူးငြောင့်၊ မနှောင့်ဘေးကျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်၍၊ အားအင်ပြည့်မာ၊ သာသနာကို၊ ကောင်းစွာကျင့်ဆောင်၊ ဖြည့်နိုင်အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။”

ထိုပစ္စည်းလေးပါးတို့မှာ ရဟန်းတော်များအတွက် “ရှင်လေးပါး”တို့ဖြစ်ကြပြီး “သေလေးပါး”မှာ ပါရာဇိကလေးပါးတို့ဖြစ်ကြ၏။ ပါရာဇိကအာပတ်သင့်မိသွားလျှင် အာပတ်ဖြေလို့မရသော ကြောင့် ရဟန်းမဟုတ်တော့ပေ။ ထို့ကြောင့် “သေလေးပါး” ဟုခေါ်ခြင်းဖြစ်၏။ ပါရာဇိက အာပတ်များ ကျူးလွန်မိသွားလျှင် သင်္ကန်းဆင်မြန်းထားသော်လည်း ရဟန်းအဖြစ်၊ ရဟန်းဘ၀ မဟုတ်တော့ပေ။ ထို့ကြောင့် ရဟန်းတော်များအတွက် လုံးဝ သိရှိနားလည်းထားရမည့် အာပတ်များ ဖြစ်ကြပေသည်။ ပါရာဇိကလေးပါးတို့မှာ-

(၁) မေထုန ပါရာဇိက- မေထုန်ဟူသော မမြတ်သောအကျင့်ကိုကျင့်ခြင်း။ (တစ်နည်းနည်းဖြင့် မေထုန်မှီဝဲလျှင် ပါရာဇိကကျ၏။)

(၂) အဒိန္နဒါန ပါရာဇိက- သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။ (တစ်မတ်တန်၊ တစ်မတ်အထက် ထိုက်တန်သောပစ္စည်းကိုယူလျှင် ပါရာဇိကကျ၏။)

(၃) မနုဿဝိဂ္ဂဟ ပါရာဇိက- လူစင်စစ် အသက်ကိုသေစေလိုသောစိတ်ဖြင့်သတ်ခြင်း။ ကိုယ်ဝန်ကျဆေးပေးလျှင်ပင် ပါရာဇိကကျ၏။)

(၄) ဥတ္တရိမနုဿဓမ္မ ပါရာဇိက- မရသေးသောဈာန်မဂ်ဖိုလ်တရားတို့ကို ရ၏ဟု ဟောပြော ခြင်းတို့ဖြစ်ကြ၏။

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီး မွေးမိခင်အား ကျေးဇူးဆပ်ပုံ

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီး မွေးမိခင်အား ကျေးဇူးဆပ်ပုံ

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီးသည် မွေးမိခင်အား ကျေးဇူးဆပ်ပြုစုခဲ့သော အရှင်မြတ် ဖြစ်သည်။ တခါတရံ ဆရာတော်ကြီးသည် ရန်ကုန်သို့ကြွရောက်လျှင် မိခင်ကြီးအတွက် ခါးဝတ်ထမီနှစ်ထည်၊ အင်္ကျီ နှစ်ထည်ဝယ်ပြီး ပေးလှူလေ့ရှိသည်။ ထိုအခါ မိခင်ကြီးက ၀မ်းသာမဆုံး၊ ကြည်နူးမဆုံး ဖြစ်ခဲ့သည်။
တခါတွင် ဆရာတော်ကြီးသည် မိခင်ကြီး မိမိသမီးအိမ်မှာ ကပ်မှီနေရခြင်းမျိုး မဖြစ်စေလို၍ မိခင်အတွက် သစ်သားအိမ်တလုံး သီးသန့်ဆောက်ပေးလေသည်။ ထိုအချိန်က အိမ်၏ ကုန်ကျစရိတ်မှာ ၁၃၂၅-ကျပ် ဖြစ်၏။ အမနှင့် ယောက်ဖကိုလည်း ကုသိုလ်မပါရ မဖြစ်ရလေအောင် ထည့်ဝင်ချင်လျှင် ၂၅-ကျပ် အမတို့ကို ထည့်ဝင်ဖို့ ပြော၏။

ညီအရင်း ဦးဘသင်ကိုလည်း အိမ်ဆောက်ပြီးသည့်အခါ တတ်နိုင်သလောက် ထည့်ဝင်ချင်လျှင် ထည့်နိုင်ကြောင်း ပြောပြသည်။ သုံးရက်ကြာမှ ဦးဘသင်က အမေအလိုရှိတဲ့အခါ သုံးစွဲဖို့ ငွေတရာ ပို့လိုက်ရင် မကောင်းဘူးလား -ဟု ဆရာတော်အား ပြန်လျှောက်သည်။ ဦဘသင်သည် ပဲခူးမြို့ က၀နယ် သပြေကန်ရွာ၌ လယ်ဧက ၅၀- ပိုင်သည့် မြေပိုင်ရှင်ဖြစ်သည်။

ဆရာတော်ကြီး၏ မိခင်သည် အသက် ၇၄-နှစ်မှာ ကွယ်လွန်အနိစ္စရောက်သည်။ မိခင်၏ ဈာပနကိစ္စ သဂြိုဟ်ရန် ညီအကိုမောင်နှမသုံးယောက် တွေ့ဆုံကြပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့သည်။ မိခင်ဈာပနကိစ္စအတွင်း ညီဖြစ်သူ ဦးဘသင်မှာ အဆက်မပြတ် ငိုပါတော့သည်။ မနက်ငို၊ နေ့လယ်ငို၊ ညနေငိုလျက် ဖြစ်နေ၏။

ထိုအခါ ဆရာတော်ကြီးက ငိုရမှာပေါ့ကွာ၊ ငါတော့ တသက်လုံး မငိုရအောင် လုပ်ခဲ့တယ်။ ငါကတော့ မငိုပါဘူး။ ငါ့မိခင်အပေါ် လိုသည်ထက် ပိုပြီး ပြုစုထားတာဖြစ်လို့ ငါ ငိုဖို့ မလိုပါဘူးကွာ။ မင်းတော့ ငိုပေတော့ ငိုပေတော့။ မင်းက န၀ကမ္မငွေ ၁၀၀-ဆိုပြီး ငွေတရာသာ ထောက်ပံ့သူဆိုတော့ ငိုပေါ့ကွာ-ဟု ပြောခဲ့သည်။ ထိုအကြောင်းကို လူအများ သံဝေဂရစေရန် အလို့ငှါ ပြန်လည်တရားဟောကြားခဲ့သည်။

(အရှင်နန္ဒာစာရ-တောကျောင်း)

အကိုး။ ။ ၁၃၅၇-ခုနှစ် ဓမ္မဃောသက ဦးမောင်မောင်၏အိမ်၌ ဆရာတော်ကြီး ဟောသည့် မာတာပိတုသုတ္တန် တရားမှ။

(မြတ်မင်္ဂလာ ၂၀၀၇-ခု ဧပြီလ)

ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်

1. ဗုဒ္ဓ၏ သန့်ရှင်းစင်ကြယ်သော စိတ်တော်နဲ့ လွန်စွာထက်မြက်သော ဥာဏ်တော်တို့ကို ပွားများပြီးတဲ့နောက် ကိုယ်တော်တိုင် အသိဥာဏ်နှင့် ပြည့်စုံသလို အကျင့် မြတ်နဲ့လည်း ပြီးပြည့်စုံတယ်ဆိုတဲ့ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်ကြီး ကို ပွားများကြည့်ပါမယ်။

buddha

2. ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော် (ကျက်မှတ်ပွားများရန်)

3. ၀ိဇ္ဇာတရား၊ စရဏတရားနှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား

4. အသိဥာဏ်၊ အကျင့်မြတ်တို့နှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား

5. ၀ိဇ္ဇာသုံးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

6. ပုဗ္ဗေနိဝါသာနုဿတိဥာဏ်ကို ရတော်မူသောမြတ်စွာဘုရား

7. ဒိဗ္ဗစက္ခုဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား

8. အာသ၀က္ခဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား

9. ရှေးရှေးဘ၀၌ကြုံတွေ့ခဲ့သမျှကို ပြန်၍ အောက်မေ့နိုင်သော ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား

10. ဝေးကွာသော အဆင်း၊ သေးငယ်သော အဆင်းကို မြင်နိုင်သော ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား

11. ကိလေသာ အာသဝေါတို့ကို ကုန်စေနိုင်သော အရဟတ္တမဂ်ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား

12. ၀ိဇ္ဇာဥာဏ်အားလုံးနှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား

13. ရုပ်နာမ်တရားအားလုံးကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရား

14. သူတစ်ပါး၏ စိတ်ကို သိနိုင်သော ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား

15. မိမိခန္ဓာကိုယ်အတွင်း၌ အလားတူ ကိုယ်တမျိုးကို စိတ်ဖြင့် ဖန်ဆင်းနိုင်သော ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား

16. ဝေးသောအသံ၊ သေးငယ်သောအသံကို ကြားနိုင်သောဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား

17. တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော ဥာဏ်ကိုရတော်မူသော မြတ်စွာဘုရား

18. အသိဥာဏ်ပညာ အားလုံးနှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား

19. နိဗ္ဗာန်သို့ရောက်နိုင်သော အကျင့်မြတ်တို့နှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား

20. စရဏ ၁၅ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

21. အရာရာ၌ တတ်သိလိမ္မာမှု ဟူသော ပညာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

22. ၀ီရိယ အားကောင်းတော်မူသော မြတ်စွာဘုရား

23. အကြားအမြင်များမှုဟူသော သုတနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

24. နိုးနိုးကြားကြား အိပ်မှု၊ အအိပ်အနေ နည်းမှု ဟူသော ဇာဂရိယာနုယောဂအကျင့်မြတ်နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား

25. တွေ့မြင် ကြားသိသမျှ၌ လောဘ ဒေါသ စသည် မဖြစ်အောင် စောင့်စည်းနိုင်သော မြတ်စွာဘုရား

26. အကျင့်သီလနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

27. အသိဥာဏ် ရှိသလို အကျင့်မြတ်နှင့် လည်းပြည့်စုံတော်မူသော မြတ်စွာဘုရား

28. ၀ိဇ္ဇာစရဏသမ္ပန္နဟူသော ဂုဏ်တော်ကြီးဖြင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား

(အရှင်ဇနကာဘိဝံသ-ရတနာ့ဂုဏ်ရည်၊ စာ-၃၃ မှ အဓိပ္ပါယ်ရှင်းလင်းချက်များကို ပွားများရေးပါသည်။)

ကြည့်ဖွယ် (၅)ပါး. (သို့) ဘုရားရှင်ပွင့်သော ကာလ..

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ရဲ့ ဗုဒ္ဓ၀င် တရားလေးကို နာဖြစ်ခဲ့ပါတယ်။ ဒီတရားလေး နာဖြစ်လိုက်ရင်..အဲသံသယကို ပြေလည်စေနိုင်ပါတယ်။..အခု အဲတရားလေးထဲက..ဆရာတော်ကြီး ဟောထားတဲ့ ဘုရားအလောင်းတော်ရဲ့ ဘုရားဖြစ်ဖို့ရန် ..ကြည့်ခြင်းကြီး (၅)ပါးကို ရေးလိုက်ချင်ပါတယ်။…

မြတ်စွာဘုရားအလောင်းတော်..သိဒ္ဓတ္ထ မင်းသားဘ၀သို့ မရောက်မီ..
တုသိတာနတ်ပြည်တွင် သေတကေတု နတ်မင်းကြီး..ဖြစ်နေခဲ့ပါတယ်။ သေတကေတု နတ်မင်းဟာ..လူပြည်မှာ. ဘုရားရှင် ဖြစ်ဖို့ ရန်အတွက် ကြည့်ခြင်းကြီး ၅ ပါးဖြင့် သုံးသပ်တော်မူခဲ့ပါတယ်။ ကြည့်ခြင်းကြီး ၅ ပါးကတော့..

  1. ကာလ
  2. ဒီပ
  3. ဒေသ
  4. ကုလ
  5. မာတုအာယု

တို့ ဖြစ်ပါတယ်။

၁။ ကာလ

လူ့သက်တမ်း နှစ် (၁၀၀၀၀၀) ထက်မပိုသော ခေတ် ၊ နှစ် ၁၀၀ အောက်လည်း မကျသော ခေတ်ကာလကို သေသေချာချာ ရွေးချယ်တော်မူရပါတယ်။..
လူ့သက်တမ်း နှစ် (၁၀၀၀၀၀) ထက်မကအသက်ရှည်ကြပါက..လူတို့ လွန်စွာ ကျန်းမာ အသက်ရှည်ကြပြီး..ထိုသူတို့ကို အနိစ္စ ဒုက္ခ အနတ္တ ဟုဟောရင်လည်းပဲ ထိုသူတို့က..ဘယ်လိုမှ ယုံနိုင်ကြလိမ့်မည် မဟုတ်သောကြောင့်..ထိုလောက်အသက်ရှည်လွန်းသော ခေတ်ကာလ ကို ဘုရားရှင်တို့ မပွင့်ပါ။..ထိုကြောင့် လူ့သက်တမ်း နှစ် (၁၀၀၀၀၀) အောက် ခေတ်ကာလ ကို ရွေးတော်မူပါတယ်။
တဖန် လူ့သက်တမ်း နှစ် (၁၀၀) အောက်ရောက်သောခေတ်ကာလ၌လည်းပဲ ဘုရားရှင်တို့ မပွင့်ပါ။ နှစ် (၁၀၀) အောက် အသက်တိုလွန်းပါက..လူတို့ဟာ.ဒုစရိုက်လွန်စွာ ထူပြောပြီး မိုက်မဲလွန်းကြပါမယ်။ အဲလို မှောင်မိုက်လွန်းတဲ့ခေတ်ကာလ မှာ တရားအလင်းရောင်ထိုးပြရင်လည်း လူတွေက.ဘုရားရှင်ရဲ့ စကားကို..မသိနိုင်.မယုံနိုင် လက်ခံနိုင်ကြလိမ့်မယ်မဟုတ်သောကြောင့်. (၁၀၀) အောက်ရောက်သောခေတ်ကာလ အသက်တိုသော ခေတ်ကာလ ၌လည်းပဲ ဘုရားရှင်တို့ မပွင့်ပါ.။
ထို့ကြောင့် လူ့သက်တမ်း နှစ် (၁၀၀) မှ စ၍ နှစ် (၁၀၀၀၀၀) အောက်..ကာလ..လူ့သက်တမ်း မရှည်လွန်းသောကာလ..မတိုလွန်းသော ကာလ အလယ်အလတ် ခေတ်ကာလကို သာ ရွေးချယ်တော်မူခြင်းဖြစ်ပါတယ်။ ထိုကာလတွင် လူတို့ဟာ ချမ်းသာ တလှည့် ဆင်းရဲတလှည့် ကောင်းတလှည့် ဆိုးတလှည့် ဖြစ်နေကြပြီး..ထိုကာလတွင် တရားပြပါက.သတ္တ၀ါဝေနေယျ တို့ဟာ..နားလည်နိုင်တယ်..တရားထူးရနိုင်တယ်..တရားတော်ပိုပြီး..ကျယ်ပြန့်နိုင်တာ ဖြစ်တဲ့အတွက်ကြောင့် ထို ကာလကိုသာ ရွေးချယ်တော်မူခြင်းဖြစ်ပါတယ်။

၂။ ဒီပ (ကျွန်း)

တောင်ဘက်ကျွန်း (ဇမ္ဗူဒီပကျွန်း) ကိုသာ ဘုရားပွင့်ဖို့ရန်အတွက် ရွေးချယ်တော်မူပါတယ်။
မြင့်မိုရ်တောင်ကို အလယ်ဗဟိုထားပါက..အရှေ့ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း၊ တောင်ကျွန်း တို့ရှိကြတယ့် အထဲမှာမှ.. အရှေ့ကျွန်းမှာလည်း ဘုရားမပွင့်..အနောက်ကျွန်းမှာလည်း ဘုရားမပွင့်.မြောက်ကျွန်းမှာလည်း ဘုရားမပွင့်ဘဲ တောင်ကျွန်း၌ သာ ဘုရားပွင့်ခြင်းဖြစ်ပါတယ်။

၃။ ဒေသ (အရပ်)

အထက်ပါ..တောင်ဘက်ကျွန်း (ဇမ္ဗူဒီပကျွန်း) ကြီးရဲ့ အလယ်ဗဟိုဒေသ(မဇ္ဈိမ ဒေသ)အရပ်.ကိုသာ ဘုရားပွင့်ရန် ထပ်မံ ရွေးချယ်တော်မူပါတယ်။
အစွန်အဖြားကျသော ဒေသဆိုလျင် ပညာနည်းမည် အသိဥာဏ်နည်းမည်..ဖြစ်ခြင်းကြောင့် အစွန်အဖြား ဒေသမှာ မပွင့်ဘဲ အလယ်ဒေသဖြစ်သော မဇ္ဈိမ ဒေသကိုသာ ရွေးချယ်တော်မူပါတယ်။ မဟာဗောဓိပင်ကို အလယ်ဗဟိုထားပြီး အရှေ့ ၊အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ ယူဇနာ (၉၀၀) အကျယ်အ၀န်းရှိသော ဒေသသည် မဇ္ဈိမ ဒေသ ပင်ဖြစ်ပါတယ်။ မဟာဗောဓိပင်ကြီးဟာ အလယ်ဗဟို အကျဆုံးနေရာပါ။ ဘုရားရှင်တို့ဟာ.. အလယ်ဗဟိုကျသော ဒေသမျိုးကိုသာ ဘုရားဖြစ်ဖို့ လောကအကျိုးစီးပွားဆောင်ရွက်ဖို့..ရွေးချယ်တော်မူပါတယ်။

၎။ ကုလ (အမျိုး)

မြင့်မြတ်သော ခတ္တိယအမျိုး (မင်းမျိုး) ၌သာ..ဘုရားပွင့်ရန် လောကအကျိုးစီးပွားဆောင်ရွက်ဖို့ ရွေးချယ်တော်မူပါတယ်။
ဘုရားရှင် ဖြစ်မည့် လူသားဟာ. လူသားတော့လူသားပါပဲ..ဒါပေမယ့် မဟာလူသားဖြစ်ပါတယ် ဒါကြောင့် သာမာန်အမျိုး..မမြတ်မြတ်တဲ့အမျိုးမှာ ဘုရားမဖြစ်ပါဘူး..ဘုရားဖြစ်မည့် အမျိုးဟာ.

  1. လူတကာတို့ အလေးအမြတ်ပြုသော အမျိုး ဖြစ်ရမည်
  2. အမျိုးမပြတ်သော အမျိုး ဖြစ်ရပါမယ်..

ဒါကြောင့် တန်ခိုးအာဏာကြီးသော မြင့်မြတ်သော ခတ္တိယ အမျိုး၊ ထို ခတ္တိယ အမျိုးမှာမှ..အမျိုးသန့်သော မပြတ်သော သာကီယအမျိုး ၌သာ. ဘုရားဖြစ်ရန်လောကအကျိုးစီးပွားဆောင်ရွက်ဖို့ရန်. ရွေးချယ်တော်မူပါတယ်။

၅။ မာတုအာယု (မယ်တော့်အသက်)

မိခင်ဖြစ်မယ့်သူရဲ့ အသက်အရွယ်ကို ရွေးခြင်းဖြစ်ပါတယ်။
မိခင်ဖြစ်မည့်သူသည် (၁၀)လ နှင့် (၇)ရက်သာ အသက်ကြွင်းမယ့် သီလစင်ကြယ်သော သူကိုသာ ရွေးချယ်တော်မူပါတယ်။ မိခင်မယ်တော်ဖြစ်မည့်သူဟာ သဘာဝအလျောက်..နောက် (၁၀လ နှင့် ၇ရက်) မှာ သေမည့် သူသာ ဖြစ်ရပါမယ်..ဘုရားအလောင်းတော် ၀င်လာလို့ သေပေးရတဲ့ သဘော(လုံးဝ) မဟုတ်ပါ။ သူရဲ့ သဘာဝအလျောက် အဲကာလကြာရင်..သေမယ့်..အသက်အရွယ်ရှိသော.သူကိုသာ သေချာ စောင့်ပြီး ရွေးချယ်ခြင်းမျိုးဖြစ်ပါတယ်။ မိခင်ဖြစ်မည့်သူ၏ ၀မ်းကြာတိုက်ဟာ. ရှိခိုးထိုက်လောက်အောင်..အလွန်မြင့်မြတ်ပါတယ်။ ရှိရှိသမျှ မိခင်တွေထဲမှာ..အမြတ်ဆုံးမိခင် ဖြစ်မယ့်သူပါ။အဲလို..မြင့်မြတ်မယ့်.. ၀မ်းကြာတိုက်မှာ..ဘုရားအလောင်းတော်သာလျင် ပဋိသန္ဓေ ယူထိုက်ခြင်းဖြစ်ပါတယ်။ ဘုရားမဖြစ်မည့် သူနောက်တစ်ယောက်ဟာ.ဒီဝမ်းကြာတိုက်မှာ မကိန်းကောင်းပါဘူး..တစ်ခေတ်ထဲမှာ လည်းပဲ ဘုရားဆိုတာ..တစ်ဆူပဲ ပွင့်တာဖြစ်ခြင်းကြောင့် မိခင်ဖြစ်မည့်သူဟာ.. (၁၀လ နှင့် ၇ရက်)သာ အသက်ကြွင်းမယ့် သူဖြစ်ပြီး..ထိုသူ၌သာလျင် ပဋိသန္ဓေယူဖို့ ရွေးချယ်ခြင်းဖြစ်ပါတယ်။
—————————————–

အထက်ပါ..အကြောင်းအရာကတော့ ဘုရားအလောင်းတော် ပွင့်မည့် လောကအကျိုးစီးပွားဆောင်ရွက်မည့်. ခေတ်ကာလ ဒေသ..စတဲ့..ငါးပါးကို ညီညွတ်စွာ သေသေချာချာ ရွေးချယ်ခြင်းပါပဲ..အထက်ပါ..ခေတ်ကာလကလွဲလို့ ဘုရားရှင်များမပွင့်ပါ..ဒီလို ကြည့်ခြင်းကြီး ငါးပါးနှင့် ညီညွတ်သော ခေတ်ကာလ.ဒေသ အမျိုး..များ၌သာ ပွင့်ခြင်းဖြစ်ပါတယ်..
ယခုခေတ်ကာလကတော့..သက်တမ်း နှစ် (၁၀၀) အောက်မှာရှိပါတယ်..လက်ရှိ life expectancy အများဆုံးနိုင်ငံဂျပန်တောင်မှပဲ..၈၆လောက်ပဲရှိပါတယ်..ကျန်တဲ့နို်င်ငံတွေဆိုတာ အတော်နည်းကြပါတယ်.(life expectancy table , wikipedia.)
အဲတော့ အခုခေတ်ဟာ.နည်းပညာတွေ တိုးတက်နေလည်းပဲ…လောဘ ဒေါသ မောဟတွေ ထူပြော..ဒုစရိုက်တွေ ထူပြောနေတဲ့ခေတ်ဖြစ်နေတဲ့အတွက်.ဘုရားရှင်တို့ မပွင့်နိုင်ပါဘူး..မိမိကိုယ်တိုင်..ခန့်မှန်းကြည့်လည်းပဲ သိနိုင်ပါတယ်..
အခုခေတ်မှာ.မြတ်ဗုဒ္ဓဘုရားရှင်ထားခဲ့တဲ့.အနိစ္စ ဒုက္ခ အနတ္တ ကောင်းပေ့ဆိုတဲ့ တရားတွေဟာ ရှိနေပါလျက်နဲ့..ကျွန်တော်တို့ မြန်မာမှာပဲ နားလည် လက်ခံ သူများနေတာပါ..ကျန်တဲ့ နားမလည်တဲ့နိုင်ငံတွေဆိုတာ အများကြီးပါ..
အထက်ပါ..ဘုရားရှင် ပွင့်နိုင်မယ့် ကာလ၊ ဒေသ၊ အရပ်၊ အမျိုး၊ မိခင်အသက် တွေ လေ့လာခြင်းအားဖြင့်..ဘုရားရှင် ပွင်မယ့်ခေတ်ကို နားလည်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်..အဲ အချက် ငါးပါးနဲ့ ပြည့်စုံ ညီညွတ်နေမှသာ လောကအားလုံးရဲ့ ပူဇော်အထူးခံထိုက်တဲ့ သုံးလောက ထွဋ်ထား မြတ်ဗုဒ္ဓ ဘုရားရှင်ဟာ ပွင့်ပါတယ်လို့…ဖြေလိုက်ပါတယ်။…
အထက်ပါ ရေးတဲ့ စာသားများကတော့
သီတဂူဆရာတော်ဘုရားကြီး..၁၃၄၃ ခုနှစ် ကဆုန်လဆန်း (၁၅) ရက်တုန်းကဟောတဲ့ ခုနှစ်နေ့ ဗုဒ္ဓ၀င်တရားတော်မှ..ကောက်နုတ်ရေးထားတာဖြစ်ပါတယ်။ ထိုတရားကို dhammaweb.netကနေဒေါင်းလုပ်ချနာနိုင်ပါတယ်..

*သာသနာသုံးရပ်*

သာသနာဆိုတာ ဘုရားရှင်ရဲ့ အဆုံးအမပါဘဲ သာသနာ သုံးရပ်ရှိတဲ့အနက်က-
(၁) ပရိယတ္တိသာသနာ- ဆိုတာ ဘုရားရှင် ဟောကြားတော်မူတဲ့ တရားဓမ္မ စာပေကျမ်းဂန်များကို ကျတ်မှတ် သင်အံ့ ပို့ချတဲ့လုပ်ငန်း ဖြစ်ပါတယ်။ သိရမယ့် (စာပေကျမ်းဂန်သင်ကြားမှု။)
(၂) ပဋ္ဋိပတ္တိသာသနာ- ဆိုတာ ဘုရားရှင် ဟောကြားတော်မူတဲ့ တရားတော်များအတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ (ကမ္မဋ္ဌာန်းဘာဝနာအားထုတ်မှု)။
(၃) ပဋ္ဋိဝေဓသာသနာ- ဆိုတာ ယခုလို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်တဲ့အတိုင်း ဒီတရားဓမ္မတွေအ ပေါ် ယောဂီတို့ဥာဏ်ရောက်ပြီး ထိုးထွင်းသိတဲ့သဘောဖြစ်ပါတယ်။ (မဂ်ဖိုလ်နိဗ္ဗာန်တရားကိုသိမှု၊ ရမှု)
ဒီသာသနာသုံးရပ်ကို ဆရာတော်ဘုရားကြီးက ဥပမာနဲ့တကွ ရှင်းလင်းပြထားပါသေးတယ်။
(၁) ပရိယတ္တိ သာသနာဆိုတာ ကန်ပေါင်ကြီးနဲ့တူတယ်။
(၂) ပဋ္ဋိပတ္တိ သာသနာဆိုတာ ရေနဲ့တူတယ်။
(၃) ပဋ္ဋိဝေဒ သာသနာဆိုတာ ကြာရိုး၊ ကြာစွယ်နဲ့တူတယ်။
ကန်ပေါင်ခံမှ ရေတည်တံ့မယ် ရေတည်မှကြာပေါက်နိုင်သလို ပရိယတ္တိ အခြေခံရှိမှ ပဋ္ဋိပတ်ကျင့်စဉ် မှန်ကန် မယ်။ ပဋ္ဋိပတ်ကျင့်စဉ် မှန်ပါမှ ပဋ္ဋိဝေဓဆိုတဲ့ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် နိဗ္ဗာန်ရနိုင်တယ်လို့ သဘောပေါက်ထား ရပါမယ်။ ဒါကြောင့် သာသနာတော်သုံးရပ်စလုံးတိုးတက်ထွန်းကားပြန့်ပွားအောင်ကြိုးစားကြဖို့ အထူးလိုအပ် လှပါတယ်။
မိုးကုတ်ယောဂီလက်စွဲအမှတ်(၁)
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ကျန်းမာချမ်းသာကြပါစေ။

ဗုဒ္ဓဘာသာနှင့်(၃၁)ဘုံ


(၁)အပါယ်ဘုံ=၄ဘုံ
(၂)လူ့ဘုံ=၁ဘုံ
(၃)နတ်ဘုံ=၆ဘုံ
(၄)ရုပ်+နာမ်(ဗြဟ္မာ)=၁၅ဘုံ
(၅)ရုပ်သက်သက်(ဗြဟ္မာ)=၁ဘုံ
(၆)နာမ်သက်သက်(ဗြဟ္မာ)=၄ဘုံ
(စုစုပေါင်း၃၁ဘုံဖြစ်သည်)
---------------------------------------
-ကမ္ဘာမြေပြင်အောက်ယူဇနာ(၁၅၀၀၀)အကွာတွင်=သိဥ္စိုဝ်းငရဲတည်ရှိသည်။
-ထိုငရဲအောက် ကာလသုတ်ငရဲ၊သံဂါတငရဲ၊ရောရုဝငရဲ၊မဟာရောရုဝငရဲ၊တာပနငရဲ၊
မဟာတာပနငရဲ၊အ၀ီစိငရဲတို့သည်လည်း ယူဇနာ(၁၅၀၀၀)ခြားစီ အဆင့်ဆင့်တည်ရှိကြသည်။
----------------------------------------------------------------------------------------------------------------
-လူ့ဘုံအထက်ယူဇနာ(၄၂၀၀၀)အကွာယုဂန္ဓိုရ်တောင်ထိပ်၌ စတုမဟာရာဇ်နတ်ပြည်တည်ရှိသည်။
-စတုမဟာရာဇ်နတ်ပြည်အထက်ယူဇနာ(၄၂၀၀၀)အကွာမြင့်မိုရ်တောင်ထိပ်၌
တာဝတိံသာနတ်ပြည်ရှိသည်။
-ယင်းအထက် ယာမာ၊တုသိတာ၊နိမ္မာနရတိ၊ပရနိမ္မိတ၀ဿဝတ္တီ၊
တို့သည်လည်းယူဇနာ(၄၂၀၀၀)စီခြားလျှက်အဆင့်ဆင့်တည်ရှိကြသည်။
----------------------------------------------------------------------------------------------------------------
-ပရနိမ္မိတ၀ဿဝတီနတ်ပြည်ဧ။်အထက်-----------

-ယူဇနာ(၅သန်း၊၅သိန်း၊၈သောင်း)အကွာ
အောက်ဆုံးဗြဟ္မာ(၃)ဘုံ(သို့မဟုတ်)ပထမဈာန်(၃)ဘုံ ဖြစ်ကြသော
(ဗြဟ္မာပါရိသဇ္စာ၊ဗြဟ္မာပုရောဟိတာ၊မဟာဗြဟ္မာ)ဘုံတို့သည်
ဘေးတိုက်တန်းစီလျှက်တည်ရှိကြသည်။

-ပထမဈာန်(၃)ဘုံအထက်=ယူဇနာ(၅သန်း၊၅သိန်း၊၈သောင်း)အကွာ
ဒုတိယဈာန်(၃)ဘုံ ဖြစ်ကြသော
(ပရိတ္တဘာ၊အပ္ပမာဏာဘာ၊အာဘဿရာ)ဘုံတို့သည်
ဘေးတိုက်တန်းစီလျှက်တည်ရှိကြသည်။

-ဒုတိယဈာန်(၃)ဘုံအထက်=ယူဇနာ(၅သန်း၊၅သိန်း၊၈သောင်း)အကွာ
တတိယဈာန်(၃)ဘုံဖြစ်ကြသော
(ပရိတ္တသုဘာ၊အပ္ပမာဏာသုဘာ၊သုဘကိဏှာ)ဘုံတို့သည်
ဘေးတိုက်တန်းစီလျှက်တည်ရှိကြသည်။

-တတိယဈာန်ဘုံအထက်=ယူဇနာ(၅သန်း၊၅သိန်း၊၈သောင်း)အကွာ
စတုတ္ထဈာန်(၇)ဘုံ ဖြစ်ကြသော
(ဝေဟဂ္ဖုလ်ဘုံ၊အသညသတ်ဘုံနှင့်သုဒ္ဓါဝါသ-၅ဘုံ)ဘုံတို့သည်
ဘေးတိုက်တန်းစီလျှက်တည်ရှိကြသည်။

-စတုတ္ထဈာန်ဘုံအထက်=ယူဇနာ၅သန်း၊၅သိန်း၊၈သောင်းအကွာ
နာမ်သက်သက်သာရှိသောဗြဟ္မာ့ဘုံ-၄ ဘုံဖြစ်သော
(၁)အာကာသာနဉ္စယတနဘုံ
(၂)၀ိဥာဏဉ္စာယတနဘုံ
(၃)အာကိဉ္စညာယတနဘုံ
(၄)နေ၀သညာနာသညာယတနဘုံ တို့သည်
ယူဇနာ၅သန်း၊၅သိန်း၊၈သောင်း အကွာစီအဆင့်ဆင့်တည်ရှိကြသည်။
(ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှ)
-----------------------------------------------------------------------------------------------------------------
မှတ်ချက်=ထေရ၀ါဒ ဗုဒ္ဓဘာသာသည် ၃၁ ဘုံ ကိုအထူးလက်ခံယုံကြည်ပါသည်

ပဌာန်းအဓိပ္ပာယ်ဖွင့်ဆိုချက်


(၁)ဟေတုပစ္စယော
အကုသိုလ်ကင်း၍ကုသိုလ်နှင့်ယှဉ်တွဲရပါစေသား။

(၂)အရမ္မဏပစ္စယော
မျက်စိနှင့်နားနိဗ္ဗာန်သို့မျက်မှောက်ပြုရပါစေသား။

(၃)အဓိပဓိပစ္စယော
ရုပ်၊နာမ်နှစ်ပါးကိုစောက်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။

(၄)အနန္တရပစ္စယော
များလှစွာသောကုသိုလ်တရားများကိုမျက်မှောက်ပြုရပါစေသား။

(၅)သမနန္တရပစ္စယော
ရုပ်၊နာမ်နှင့်အတူရှိသောတရားများကိုမျက်မှောက်ပြုရပါစေသား။

(၆)သဟဇာတပစ္စယော
ရုပ်ရုပ်ချင်း၊နာမ်နာမ်ချင်း ထင်ရှားစွာသိရပါစေသား။

(၇)အညမညပစ္စယော
ရုပ်မှနာမ်သို့ နာမ်မှရုပ်သို့ ပြောင်းလဲ၍သိရပါစေသား။

(၈)နိဿယပစ္စယော
ရုပ်နာမ်နှစ်ပါးတို့ဧ။်တည်ရာကိုသိရပါစေသား။

(၉)ဥပနိဿယပစ္စယော
ရတနာသုံးပါးကိုဦးထိပ်ထားရပါစေသား။

(၁၀)ပုရေဇာတပစ္စယော
ရှေးကဖြစ်ဖူးသောအကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။

(၁၁)ပစ္ဆာဇာတပစ္စယော
နောက်၌ဖြစ်သောအကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။

(၁၂)အာသေ၀နပစ္စယော
လိုရာဆန္ဒမရှိရအောင်ပြည့်စုံရပါစေသား။

(၁၃)ကမ္မပစ္စယော
ကံသုံးပါးကိုထိမ်းသိမ်းရပါစေသား။

(၁၄)၀ိပါကပစ္စယော
ဝဋ်ကြွေးသုံးသွယ်ကိုပယ်ဖျက်ရပါစေသား။

(၁၅)အာဟာရပစ္စယော
လိုရာဆန္ဒကိုပြည့်စုံစွာထိန်းသိမ်းရပါစေသား။

(၁၆)က္ကုန္ဒြိယပစ္စယော
ရုပ်နာမ်ကိုထိမ်းသောပညာနှင့်ပြည့်စုံရပါစေသား။

(၁၇)ဈာနပစ္စယော
သူတော်ကောင်းတရား(၇)ပါးနှင့်ဉာဏ်စဉ်(၅)ပါးပြည့်စုံရပါစေသား။

(၁၈)မဂ္ဂပစ္စယော
ဘာဝနာနှစ်ပါးကိုအာရုံပြု၍အထွဋ်ထိပ်ပညာကိုအာရုံပြုရပါစေသား။

(၁၉)သမ္ပယုတ္တပစ္စယော
သူတော်ကောင်းတို့နှင့်ပေါင်း၍(၇)ဖြာသောတရားနှင့်ယှဉ်တွဲရပါစေသား။

(၂၀)၀ိပ္ပယုတ္တပစ္စယော
သူယုတ်မာနှင့်ဝေး၍အကုသိုလ်နှင့်ကင်းရှင်းရပါစေသား။

(၂၁)အတ္ထိပစ္စယော
သမုတိနယ်ပယ်ဧ။်အရှိကိုဟုတ်မှန်စွာသိရပါစေသား။

(၂၂)နတ္ထိပစ္စယော
ပရမတ္ထမရှိတရားဧ။်အသိကိုမျက်မှောက်ပြုရပါစေသား။

(၂၃)၀ိဂတပစ္စယော
ရှေး၌ပွင့်ပြီးသောဘုရားတို့ကိုရှိခိုးရပါစေသား။

(၂၄)အ၀ိဂတပစ္စယော
ပွင့်လတ္တံသောဘုရားတို့ကိုရှိခိုးရပါစေသား။
(ပဌာန်းဒေသနာတော်)

ဤအချက်များကိုလိုက်နာပြုကျင့်အပ်သည်

(ငြိမ်းအေးသောနိဗ္ဗာန်ကိုဉာဏ်ဖြင့်သက်ဝင်၍ အကျိုးစီးပွား၌လိမ္မာသောသူသည်
မေတ္တာသုတ်တော်လာ အောက်ပါအကျင့်ကောင်းများကို လိုက်နာပြုကျင့်အပ်သည်။)

(၁)ကျင့်စွမ်းနိုင်ရမည်။
(၂)ကိုယ်နှုတ်ဖြောင့်မတ်ရမည်။
(၃)စိတ်နေစိတ်ထားကောင်းစွာဖြောင့်မတ်ရမည်။
(၄)ဆိုဆုံးမလွယ်ရမည်။
(၅)စိတ်ထားနူးညံ့သိမ်မွေ့ရမည်။
(၆)လွန်ကဲတက်ကြွသောမာန်မာနမရှိရာ။
(၇)ပစ္စည်းလေးပါး၌ရောင့်ရဲလွယ်ရမည်။
(၈)မွေးမြူလွယ်ရမည်။(သူတစ်ပါးအပြုစုမခက်စေရ)။
(၉)အမှုကိစ္စနည်းပါးရမည်။
(၁၀)၀န်ကျဉ်းပေါ့ပါးသောအသက်မွေးမှုရှိရမည်။
(၁၁)ငြိမ်သက်သောအိနြေ္ဒရှိရမည်။
(၁၂)ရင့်ကျက်သောပညာရှိရမည်။
(၁၃)ကိုယ်၊နှုတ်၊နှလုံးကြမ်းတမ်းခြင်းမရှိရာ။
(၁၄)ဒါယကာတို့၌တက်မက်မှုကင်းရမည်။
(ဒကာစွဲ၊ဆရာစွဲ၊လူမျိုးစွဲကင်းရမည်။)
(၁၅)ပညာရှိတို့ကဲ့ရဲ့စွပ်စွဲနိုင်မည့်ဒုစရိုက်မျိုးကိုအနည်းငယ်သော်မျှမပြုရာ။

-ခပ်သိမ်းသောသတ္တ၀ါတွေချမ်းသာကြပါစေ။
-ခပ်သိမ်းသောသတ္တ၀ါတွေဘေးရန်ကင်းကြပါစေ။
-ခပ်သိမ်းသောသတ္တ၀ါတွေကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။

(သူတော်ကောင်းတို့လိုက်နာကျင့်ကြံကြရမည့် မေတ္တာသုတ်တော်လာတရားတော်ဖြစ်သည်။)

သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားများ

(၁)လူမိုက်တို့ကိုမပေါင်းမသင်းရှောင်ခွာခြင်း။
(၂)ပညာရှိသူတော်ကောင်းတို့ကိုပေါင်းသင်းဆည်းကပ်ခြင်း။
(၃)ပူဇော်ထိုက်သူတို့ကိုပူဇော်ခြင်း။

(၄)သင့်လျော်သောအရပ်၌နေခြင်း။
(၅)ရှေးဘ၀ကပြုခဲ့ဖူးသောကောင်းမှုရှိခြင်း။
(၆)ကိုယ်စိတ်နှစ်ပါးကိုကောင်းစွာစောင့်ရှောက်ခြင်း။

(၇)အကြားအမြင်များခြင်း။
(၈)လက်မှုပညာတတ်မြောက်ခြင်း။
(၉)ကိုယ်ကျင့်သီလကိုသင်ခြင်း၊ကျင့်ခြင်း။
(၁၀)စကားကိုကောင်းမွန်စွာပြောဆိုခြင်း။

(၁၁)အမိကိုလုပ်ကျွေးပြုစုခြင်း။
(၁၂)အဘကိုလုပ်ကျွေးပြုစုခြင်း။
(၁၃)သားမယားကိုချီးမြောက်ထောက်ပံ့ခြင်း။
(၁၄)တစ်ဖက်သားအားမထိခိုက်သောအလုပ်မျိုးကိုလုပ်ခြင်း။

(၁၅)ပေးကမ်းလှူဒါန်းခြင်း။
(၁၆)သုစရိုက်(၁၀)ပါးဟူသောမြတ်သောအကျင့်ကိုကျင့်ခြင်း။
(၁၇)ဆွေမျိုးတို့အားထောက်ပံ့ခြင်း။
(၁၈)အပြစ်မရှိသောအလုပ်တို့ကိုလုပ်ခြင်း။

(၁၉)မကောင်းမှုကိုစိတ်ဖြင့်ရှောင်ကြဉ်ခြင်း၊
ကိုယ်နှုတ်ဖြင့်ရှောင်ကြဉ်ခြင်း။
(၂၀)အရက်သေစာတို့ကိုမသောက်စားခြင်း။
(၂၁)ကုသိုလ်ကောင်းမှုဟူသမျှတို့ကိုမမေ့မလျော့ဆောင်ရွက်ခြင်း။

(၂၂)ရိုသေထိုက်သူကိုရိုသေခြင်း။
(၂၃)မိမိကိုယ်ကိုနှိမ့်ချခြင်း။
(၂၄)တင်းတိမ်ရောင့်ရဲလွယ်ခြင်း။
(၂၅)ကျေးဇူသိတတ်ခြင်း။
(၂၆)တရားနာခြင်း။

(၂၇)သည်းခံခြင်း။
(၂၈)ဆုံးမစကားကိုနာယူလွယ်ခြင်း။
(၂၉)သူတော်ကောင်းရဟန်းတို့အားဖူးမြင်ခြင်း။
(၃၀)တရားဆွေးနွေးမေးမြန်းခြင်း။

(၃၁)ခြိုးခြံစွာကျင့်ခြင်း။
(၃၂)သမထ၊၀ိပဿနာဟူသောမြတ်သောအကျင့်ကိုကျင့်ခြင်း။
(၃၃)အရိယာသစ္စာတရားကိုသိမြင်ခြင်း။
(၃၄)နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း။

လောကဓံ(၈)ပါးနှင့်တွေ့ကြုံရသောရဟန္တာအရှင်သူမြတ်ဧ။်စိတ်သည်
(၃၅)တုန်လှုပ်ခြင်းမရှိ။
(၃၆)စိုးရိမ်ခြင်းမရှိ။
(၃၇)တွယ်တာခြင်းမရှိ။
(၃၈)ဘေးရန်မရှိ။

(၃၈-ဖြာမင်္ဂလာတရားများ မြန်မာပြန် ပြီးပြီ။)

ကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီး ၏ ဓမ္မသံဝေဂ နှင့် ဩဝါဒ ကထာများ

ကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီး ၏ ဓမ္မသံဝေဂ နှင့် ဩဝါဒ ကထာများ


• ၁။ ဖြစ်ပျက်သမျှ ၊ သင်္ခါရ ၊ ဒုက္ခ သစ္စာ မှတ်၊ ဖြစ်ပျက်မှုတွင် ၊ ငါကောင်ထင် ၊ ခင်မင်သမုဒယမှတ် ၊ ရုပ်နာမ် အားလုံး ၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံး နိဗ္ဗာန်မှတ် ၊ ချုပ်ဆုံမှုတွင် ၊ ဉာဏ်သက်ဝင် ၊ သိမြင်မဂ်ဟုမှတ် ။
• ၂။ ယုံကြည်ကျမ်းမာ ၊ စိတ်ဖြောင့်စွာ ဖြင့် ၊ လွန်စွာ အားထုတ် ၊ နာမ် နှင့် ရုပ်ကို ၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ မှန်ပင်မဂ်ရကြောင်း။
• ၃။ မစွန့်ကာမ ၊ ဆရာမရှိ ၊ ဝီရိယလျှော့၊ အားအင်ပျော့ခါ ၊ လွန်စွာယူမှား ၊ဤငါးပါး ၊ တရားမဂ်ဖိုလ် ဝေးလေသတည်း။
• ၄ ။ သူတော် ဆည်းကပ်၊ မြတ်တရားနာ ၊ လျော်စွာအကျင့် ၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ ။
• ၅ ။ ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လို တော့ သည် ။


• ၁။ သစ္စာလေးပါး ဆိုတာ - သမုဒယသစ္စာ ၊ ဒုက္ခ သစ္စာ ၊ မဂ္ဂသစ္စာ ၊ နိရောဓသစ္စာ ။
• ၂။ ရခဲတဲ့ဘဝ လေး မှာ အလကား အချိန်တွေ မဖြုန်းလိုက်ပါနဲ့ ။
• ၃။ နားက တရားနာ ပါ ၊ ဉာဏ်က ခန္ဓာလှည့်ပါ ။
• ၄။ တရားနာတာသည် မိမိ အရေး ၊ တရားအားထုတ်တာ သည် မိမိအရေး ။
• ၅။ နားကြီးကြီးနဲ့ တရားနာပါ ။
• ၆။ ဝိပဿနာ အားမထုတ်ဘဲနဲ့ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့ နေတာသည် ဉာဏ်ကမဦးဘဲ အသေက ဦးသွားရင် ကိုယ့် အတွက်နာမယ် ။
• ၇။ ဝိပဿနာ အားထုတ်တဲ့ အခါမှာ ကိလေသာ ကြားမခိုစေနဲ့ ။
• ၈။ ပဋိစ္စ သမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာမဟုတ်ဘူး ။ မိမိခန္ဓာ ထဲမှာ ရှိတဲ့ တရား။
• ၉။ မိမိ ခန္ဓာ ထဲမှာ ရှိတဲ့ ပဋိစ္စ သမုပ္ပါဒ် ကိုမိမိ ဉာဏ်နဲ့ ရှင်းအောင်လုပ်ပါ ။
• ၁၀ ။ စာပဋိစ္စ သမုပ္ပါဒ် သိတာ သည် သညာသိ ၊ ခန္ဓာပဋိစ္စ သမုပ္ပါဒ် သိတာမှ ပညာသိ ။
• ၁၁။ သညာသိ နဲ့ နိဗ္ဗာန်မရောက်နိုင်ပါ ၊ ပညာသိမှ နိဗ္ဗာန် ရောက်နိုင်မယ် ။
• ၁၂။ ရှေ့ - နောက်ခွဲတတ်ပါစေ ။ မိမိ အရေး က ရှေ့ထား ၊ သားရေး သမီးရေး စီးပွါးရေး က နောက်ထား ။
• ၁၃။ ဘဝ ကူးကောင်းအောင် မလုပ်ပါနဲ့ ၊ ဘဝ ချုပ်ငြိမ်းအောင်လုပ်ပါ ။
• ၁၄။ဒါန က သံသရာ ရှည်တာလား ၊ ဒါန နောက်က အသိ မလိုက်လို့ သံသရာ ရှည်တာလား ။
• ၁၅။ ဒါန နောက်က အ သိ မလိုက်လို့ သံသရာ ရှည်တာပါ ။
• ၁၆။ သစ္စာ သိလျှင် ခန္ဓာရောင်းလှူပါ ၊ သစ္စာ မသိလျှင် သစ္စာ သိအောင် အလျင်လုပ်ဦး။
• ၁၇။ အိုရာက နာရာ မရောက်ခင် ဝိပဿနာလုပ်ပါ ။
• ၁၈။ အရှိ နဲ့ အသိ ကိုက်အောင် လုပ်တာ ဝိပဿနာ။
• ၁၉။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှု တာ ဝိပဿနာ ။
• ၂၀။ ရှေ့ နာမ်ကို နောက်ဉာဏ် နဲ့ ရှု တာ ဝိပဿနာ။
• ၂၁။ ရှေ့ အနေ ကို နောက်အနေ နဲ့ ရှုတာ ဝိပဿနာ။
• ၂၂။ အသေဖြစ်ပျက် ၊ အရှင်က မဂ် ၊ အပျက်နဲ့ မဂ် နဲ့ ကိုက်အောင် ရှုတာ ဝိပဿနာ။
• ၂၃။ ရှေ့ က ဖြစ်ပျက်၊ နောက်ကမဂ်နဲ့ ကိုက်အောင် ရှုတာ ဝိပဿနာ။
• ၂၄။ အသေ ကို အရှင်ကကြည့် နေတာ ဝိပဿနာဖြစ်မည် ။
• ၂၅။ အသေ က ဖြစ်-ပျက်၊ အရှင် က မဂ်၊ အပျက်နဲ့ မဂ် ကိုက်အောင် ကြည့်တာ ဝိပဿနာ။
• ၂၆။ သူများစိတ် အကဲမခတ်နှင့် ၊ မှားသော်ရှိ မှန်သော်ရှိ ကိုယ့်စိတ် ကို ကိုယ် အကဲခတ်တာမှအမှန်ရမည် ။
• ၂၇။ အလုပ်ကြည့်ချင် ရင် ခန္ဓာ ကြည့်၊ အလုပ်စဉ် ကြည့်ချင်ရင် မှတ်တမ်းကြည့် ။
• ၂၈။ ကိုယ့်စိတ် ဖြစ်တာ ကိုယ်မ သိတာ အရုပ် အဆိုးဆုံး ။
• ၂၉။ ကိုယ့်စိတ် ဖြစ်တာကိုယ် အကဲ ခတ်နိုင်မှ ဝိပဿနာ ။
• ၃၀။ ခန္ဓာ ကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ် ။
• ၃၁။ ဘယ် ဗေဒင်မှ မယုံကြနဲ့ ၊ ခန္ဓာက သူ့လမ်း သူ ပြေးနေတော့ မနေ့ ကထက် ယနေ့ သေဖို့တရက်ပိုနီးသွားပြီ ဆိုတာ သာ ယုံလိုက်ပါ ။
• ၃၂။ ခန္ဓာ ၏ဝတ္တရား က အသေရှာတာ ၊ ဉာဏ်၏ ဝတ္တရား က အသေရှောင်တာ ။
• ၃၃။ ခန္ဓာ က အပြေးသွားနေတော့ သေ ကဦး၍ ဉာဏ် က နောက်ကျသွားလိမ့်မည်။
• ၃၄။ အပြေး မရပ်တဲ့ ခန္ဓာ ကိုယ်၊ သုဿန်မရောက် ခင် မဂ္ဂင် အလုပ် မြန်မြန်လုပ်ပါ ။
• ၃၅။ အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခိုလုပ်နေမယ် ဆိုရင် အသေစောသွားရင် ကိုယ်ကျိုးနည်း လိမ့်မယ် ။
• ၃၆။ သာသနာ နဲ့ ကြုံမှ သစ္စာ လေးပါး တက်မြောက်ရေး တရားပေါ်တယ် ။
• ၃၇။ ကိစ္စ ဟူသရွေ့ သည် မဂ်တား ဖိုလ်တားလို့ မှတ်ပါ ။
• ၃၈။ ဒကာ - ဒကာမ တွေဟာ တဏှာ( လောဘ) ခိုင်းတာ ကို ကျွန်သားပေါက် ပီပီ လုပ်နေကြတာပဲ ။
• ၃၉။ တဏှာကို အဖော်မလုပ်နဲ့ ၊ ဉာဏ်ကို အဖော်လုပ်ပါ ။
• ၄၀။ အလကား နေသရွေ့ အအားနေသရွေ့ အမှားချည်းသာ လို့ မှတ်ပါ ။
• ၄၁။ ယခု သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ပစ္စည်း ဥစ္စာ တွေနဲ့ မသိ ပြုံး - ပြုံးနေသလောက်၊မသိပျော် ပျော် နေသလောက် နောင်သေခါနီး အိပ်ရာ ညောင်စောင်းမှာ မျက်ရည်ကျရပါလိမ့်မည် ။
• ၄၂။ ကိုယ့်ကိုကိုယ် သနားရင် ဝိပဿနာလုပ်ကြ၊ ကိုယ့်ကိုကိုယ်မသနား ရင် သားနဲ့ မယား - အလုပ်လုပ် ကြ ။
• ၄၃။ အသက်ကြီးလေလေ ကံမွဲ - ဉာဏ်မွဲ လေလေ မှတ် ၊ ကံမွဲတာ အရေးမကြီး ၊ ဉာဏ်မွဲရင်နိဗ္ဗာန် မရောက်။
• ၄၄။ ကံကို ဉာဏ်က ဖြတ်မှ နိဗ္ဗာန် ရမှာ ၊ ဉာဏ်မပါရင် ကံက ချယ်လှယ်သွားလိမ့်မည်။
• ၄၅။ နိဗ္ဗာန် သည် ကံ၏အကျိုး မဟုတ် ၊ ဉာဏ် ၏အကျိုး ဖြစ်တယ် ။
• ၄၆။ လူပြော - သူပြောတွေ မယုံနဲ့ ၊ မိမိခန္ဓာ က ပြောတာကိုသာ အယုံကြီး ယုံလိုက်ပါ ။
• ၄၇။ ခန္ဓာကြီး ရဲ့ စွမ်းရည် သတ္တိ ပင်ကို သဘော က ဖြစ်မှု - ပျက်မှု ပဲ ရှိတယ် ။
• ၄၈။ ဝိပဿနာ က ခန္ဓာမလို ချင်အောင် ရှုတာ ။
• ၄၉။ ဒါန သီလ သည် ကိလေသာရောဂါ သက်သာရုံ ရမယ် ၊ ဝိပဿနာ အလုပ်ပါ လုပ်မှသာ ရောဂါ ပျောက်မည်။
• ၅၀။ အလုပ် တရား ဆိုတာ ခန္ဓာ အရှိနဲ့ ဉာဏ်အသိ နဲ့ ကိုက်အောင် လုပ်တာ ။
• ၅၁။ ခန္ဓာ နဲ့ ငါ နဲ့ မရောပါနဲ့ ။
• ၅၂။ တရားနာ တယ် ဆိုတာ ဒီ အချိန်မှာ မတရားအလုပ်ကို မလုပ်တဲ့ အချိန်ပဲ ။
• ၅၃။ ကြားတဲ့ တရားနဲ့ သိတဲ့ တရား နှစ်ခု ထပ်ရင် သောတာပန် တည်နိုင်တယ် ။

မိုးကုတ် ဩဝါဒ ကထာ ပြီး၏ ။