Saturday, May 29, 2010

နိဗ္ဗာန်ကို ကြောက်နေကြသူများ


ဘာသာခြား ပုဂ္ဂိုလ် အချို့က နိဗ္ဗာန်ဆိုတာ အသေကြီးသေသွားတဲ့ ကိစ္စပဲလို့ အပြစ်တင် ကဲ့ရဲ့စာတွေ ရေးခဲ့ဖူးတယ်။ တချို့ကလဲ နိဗ္ဗာန်ဆိုတာ အိပ်မက် မမက်ပဲ အိပ်ပျော်နေမှုပဲလို့ ဆိုကြတယ်။ ပုဂ္ဂိုလ် သတ္တ၀ါ ပျောက်ကွယ်သွားလို့ ကြောက်စရာကြီးလို့ ထင်မှတ်သူက ထင်မှတ်နေကြတယ်။

တကယ်တော့ နိဗ္ဗာန်ဆိုတာ အသင်္ခတဓာတ်လဲဖြစ်၊ သန္တိသုခလဲဖြစ်၊ ဒုက္ခနိရောဓသစ္စာလဲ ဖြစ်လို့ အထွတ်အထိပ် နိုးကြားမှုပဲ။ သီလ၊ သမာဓိ၊ ပညာ ခိုင်မြဲမှုပါပဲ။ အိပ်မက် ဘ၀ကနေ သစ္စာတရား သိမြင်နိုးကြားတယ်။ ဥာဏ်ပညာ ပွင့်လင်းနေတော့ အမြင်မှား ၊ အယူမှား၊ ဒိဋ္ဌိ အားလုံး ကင်းစင်တယ်။

တကယ်တော့ ဘ၀ဆိုတာ အိပ်မက်ပဲ။ ဘ၀မှာ နေထိုင်မှုက အိပ်မက်နေထိုင်မှုပါပဲ။

ဘ၀ဟာ မီးလောင်နေမှုပဲ။ လောကဟာ တံလျှပ်၊ ရေပွက်ပဲ။ ပုထုဇဉ်တွေက လောဘ၊ ဒေါသ၊ မောဟ ဒိဋ္ဌိမျက်စိနဲ့ ကြည့်ရှု့တော့ ဒွါရ ခြောက်ပါးမှာ ကိလေသာမီးလောင်နေတယ်။ နိဗ္ဗာန်ကို သိလဲမသိ၊ ကြိုက်လဲ မကြိုက်ဘူး။ မြတ်စွာဘုရား အစရှိတဲ့ အရိယာတွေက နိဗ္ဗာန်ကို သိလဲသိ ကြိုက်လဲကြိုက်တယ်။ ပုဂ္ဂိုလ်၊ အတ္တ၊ ဇီဝ ကွယ်ပနေလို့ အသေကြီးသေနေတာလို့ ထင်ကြတယ်။ ထာဝရ အိပ်ပျော်မှု မဟုတ်ဘူး။ မီးဆယ့်တစ်ပါး ချုပ်ငြိမ်းသွားတဲ့ အိပ်ပျော်မှုသဘောပဲ။ အရိယာဖြစ်အောင် လေ့ကျင့်ရင် မီးငြိမ်းတယ်။ ဗုဒ္ဓမြတ်စွာလဲ မီးငြိမ်းတယ်။


It is not an annihilation or nothing. နိဗ္ဗာန်ဆိုတာ ဘာမှ မရှိတဲ့ဟာမျိုးလဲ မဟုတ်ဘူး။ ခုဘ၀မှာပဲ လင်ငင်း ခံစားလို့ ရတယ်။ ဒီ အငြိမ်းဓာတ်ခေါ် နိဗ္ဗာနဓာတ် သစ္စာတရားကို ခုဘ၀ ခုအချိန်မှာပဲ ရနိုင်တယ်။ နောင်ဘ၀ကျမှ ရမယ့် နိဗ္ဗာန်မျိုးမဟုတ်ဘူး။ ဒါကို သိလို့ ဘုန်းကြီး ဗုဒ္ဓဘာသာကို ကူးပြောင်းလိုက်တယ်။


အဲဒီရောမ ဗရင်ဂျီ ဘုန်းကြီးကပဲ “ဗုဒ္ဓဘာသာဟာ Pessimism စိတ်ပျက်စရာ၊ အားလျှော့စရာ၊ အဆိုးမြင်ဝါဒပဲ” လို့ ဟောပြောပြန်တယ်။


ဒီဘ၀မှာပင် နိဗ္ဗာန်အထိ အတုမရှိ ချမ်းသာကို ပေးနိုင်တဲ့ ဗုဒ္ဓဘာသာကို ဘာကြောင့်စိတ်ပျက်ရမှာလဲ။ ဘာကြောင့် အားလျှော့ လက်လျှော့ နေရမှာလဲ။ တကယ် အားတက်စရာ အကောင်းဆုံး ဘာသာကြီးပါပဲ။ ခုဘ၀မှာပဲ ဘ၀ဒုက္ခ၊ ဘ၀သောကတွေ ကုန်ဆုံးရမယ်လို့ မဟာသတိပဋ္ဌာန သုတ်တော်မှာ ကတိဝန်ခံချက် ပေးထားတာ အားတက်စရာကြီးပဲ။ ထာဝရ ချမ်းသာ သုခ ဆိုတာ နိဗ္ဗာန်သုခ၊ သန္တိသုခသာ ရှိလို့ မဂ္ဂင်ရှစ်ပါး လေ့ကျင့်ရတယ်။ မဂ္ဂင် အကျင့်ကြောင့် သန္တိသုခ ရနေကြပြီ။


ဒါကြောင့် ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး သမားတော်ကြီးဆိုတာ ဗုဒ္ဓမြတ်စွာပါပဲ။


မဟာသမုဒ္ဒရာကြီးမှာ ငန်တဲ့အရသာ တစ်ခုတည်းရှိသလို မြတ်စွာဘုရား သာသနာမှာ ၀ိမုတ္တိရသ (လွတ်မြောက်မှုအရသာ) တစ်ခုပဲ ပန်းတိုင်ရှိတယ်လို့ ပြတ်သားစွာ ဟောတော်မူခဲ့တယ်။ ဒုက္ခက လွတ်မြောက်တဲ့ ဗုဒ္ဓဘာသာကို စိတ်ညစ်စရာ၊ စိတ်ပျက်စရာ၊ အားလျှော့စရာ ဘာသာလို့ မစွပ်စွဲနိုင်ဘူး။


ဥပမာ ဌက်ဖျားရောဂါသည်ကို ဆရာဝန်က ဌက်ဖျားဆေးပေးလို့ ကုသပျောက်ကင်းသွားရင် ဆရာဝန်နှင့် အဲဒီဆေးဟာ စိတ်ပျက်စရာ၊ အားလျှော့စရာလား။


သစ္စာလေးပါးမှာ မဂ္ဂသစ္စာဆိုတာ ရောဂါတွေပျောက်တဲ့ ဆေးပါပဲ။ ကာမဂုဏ်သုခ လိုချင်တာတွေ၊ ထာဝရဘုံ၊ ထာဝရအတ္တ လိုချင်တာတွေဟာ ဒုက္ခဖြစ်ကြောင်း သမုဒယ သစ္စာပါပဲ။ ဒွါရ အာရုံအရ ပျော်ရွှင်မှုဟာ ချမ်းသာ မဟုတ်ဘူး။ ဆင်းရဲမှုအစစ်ပါပဲ။ ဘယ်တော့မှ မရောင့်ရဲ မတင်းတိမ်ကြဘူး။ ကာမသုခ ခံစားနေသူဟာ နိဗ္ဗာန်ရတဲ့သူ မဟုတ်ဘူး။ ဆာပြီးရင်းဆာရင်း ဆာလောင်မွတ်သိပ်ခြင်းသာ ဖြစ်နေတော့ ဒါ.....ဆင်းရဲခြင်းပါပဲ။


ဒါကြောင့် ပြောင်းပြန်အကျင့်ကို ကျင့်ရမယ်။ ဒွါရခြောက်ပါး၊ အာရုံခြောက်ပါးအရ ပျော်ရွှင်မှုကို သတိပညာဥာဏ်နဲ့ စွန့်လွတ်ပစ်တော့ နိဗ္ဗာန်ချမ်းသာ အခုဘ၀မှာပဲ ရကြတယ်။ မမြဲတဲ့ ချမ်းသာကို စွန့်ပစ်မှ မြဲတဲ့ချမ်းသာကို ရတယ်။ အရိယာတို့ သွားတဲ့လမ်းကို လိုက်ရမယ်။ ပုထုဇဉ်တို့ သွားတဲ့လမ်းကို မလိုက်ရဘူး။ ဆာလောင်မွတ်သိပ်မှု ကင်းပြီး မီးဆယ့်တစ်ပါးလဲ ချုပ်ငြိမ်းတယ်။ ထာဝရ အငြိမ်းသုခလို့ ခေါ်တယ်။ မီးမွှေးစရာ မီးခြစ်ဆံနှင့် ထင်းမရှိတော့ မီးအသစ် မတောက်လောင်တော့ဘူး။ ဒါမှ သုခ အစစ်အမှန်ပဲ။


စိတ်ပညာ ဆရာကြီးတွေကလဲ အတ္တမရှိ၊ ဇီဝမရှိလို့ ပြောနေကြပြီ။ ရွေ့လျားနေတဲ့ စိတ်သာ ရှိလို့ တစ်ခဏမှာ စိတ်လဲ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားတယ်။ ဒီပြောင်းလဲနေတဲ့ ပရမတ္တ အနိစ္စတရား ရှုလို့ စမ်းသပ်လို့ ရပါတယ်။ ဒီလို စိတ်ကို ရှုတာ မဂ္ဂသစ္စာ ၊ တကယ့်ဆင်းရဲက လွတ်အောင် ပို့ဆောင်နိုင်တဲ့ တစ်ခုတည်းသော လမ်းမတော်ကြီးပါပဲ။


အားလုံးချမ်းသာကြပါစေ၊ ခုဘ၀မှာပဲ နိဗ္ဗာန်ရကြပါစေ။


သာဓု........၊ သာဓု........၊ သာဓု........။


ဓမ္မာစရိယ ဦးဌေးလှိုင် စုစည်းစီစဉ်သည့် အီတာလျံ ဘုန်းတော်ကြီး ဦးလောကနာထ၏ ကမ္ဘာလှည့်တရား မှ.....

ဘ၀အကျိုးပေးများ


ဗုဒ္ဓဘာသာ ကျမ်းဂန်စာပေများ၌ “ကုသိုလ်ကံ”သည် ကောင်းသော အကျိုးကို ပေး၏။ “အကုသိုလ်ကံ”သည် မကောင်းသော အကျိုးကိုပေး၏။ ဤသို့ လာရှိ၏။ သို့ လာရှိပါသော်လည်း လောလောဆယ် မျက်မြင်အားဖြင့် သူများ မျက်ခုံးအပေါ် စင်္ကြံ လျှောက်နိုင်သော “လူပါးလူနပ်”များက ချမ်းသာကြသည်ကို တွေ့ရတတ်၏။ ဘယ်သူ သေသေ ငတေမာပြီးရော ဟူ၍ ခံယူပြီး ဆောင်ရွက်တတ်သူများက ကြီးပွားကြသည်ကိုလည်း တွေ့ရတတ်၏။ ဤသည်မှာ လောကမျက်မြင်ပင်ဖြစ်၏။ ငြင်း၍ မရ။


ထို့အပြင် ပါးစပ်က အမျိုးဘာသာ သာသနာအတွက်ဟု အော်ဟစ်ကြွေးကြော်ပြီး လက်တွေ့တွင်မူ ကြီးမားသော ဣသာမစ္ဆရိယများဖြင့် မိမိအတွက် လုပ်နေသူများက မြင့်မားနေကြသည်ကိုလည်း တွေ့ရတတ်၏။ တချို့ကမူ ပစ္စည်းဥစ္စာ၌ ဖြစ်စေ၊ ရာထူးဂုဏ်သိန်၌ ဖြစ်စေ၊ ထင်ပေါ်ကျော်စောမှု၌ ဖြစ်စေ တပ်မက်သော စိတ်၊ မောက်မာ ၀င့်ကြွားသော စိတ်၊ အခိုင်အမာ ပြုသောစိတ်များဖြင့် မိမိဘာသာ မိမိ ကြိုးပမ်းရုံ သက်သက်မျှဖြင့် အားမရသေးဘဲ ၊ သူတစ်ဖက်သားကို အပုပ်ချပြီး “လု”တတ်ပါလျှင်လည်း “လု”သည့်အတိုင်း ရတတ်သည်ကိုလည်း တွေ့ရတတ်၏။


ဗုဒ္ဓစာပေ၌ပင် အဇာတသတ်က ဖခမည်းတော် သောတာပန် ဗိမ္ဗိသာရမင်းကြီးကို သတ်ပြီး ဘုရင်ဖြစ်အောင် လုပ်နိုင်သည်ကိုလည်း တွေ့ရ၏။ ထို့အပြင် သမိုင်းများ၌လည်း ကောက်ကျစ်စဉ်းလဲသော လုပ်ရပ်များဖြင့် မိမိအာဏာရအောင် ၊ မိမိကြီးပွားအောင် လုပ်ဆောင်ခြင်းဖြင့် ထိုသူများ အာဏာရကြသည်ကိုလည်းကောင်း၊ ကြီးပွားကြသည်များကို လည်းကောင်း တွေ့ရတတ်ပါ၏။


ကမ္ဘာ့သမိုင်း၌လည်း လက်နက်အားကိုးဖြင့် သူတစ်ပါးနိုင်ငံများကို တိုက်ခိုက်သိမ်းယူပြီး “အင်ပါယာ” ထောင်နိုင်သည်အထိ ကြီးပွားချမ်းသာကြသည်များကိုလည်း တွေ့ရ၏။ ဤသည်များမှာလည်း မငြင်းနိုင်သော အထောက်အထားများ ဖြစ်ကြ၏။


သို့ဖြစ်လျှင်......................................


ယာဝဇီဝံ သုခံ ဇီဝေ၊ ဣဏံ ကတွာ ဃဋံ ပိဝေ


တသ္မိ ဘူတဿ ဒေဟဿ၊ ပုနရာဂမနံ ကုတော။


ဟူသော ဥစ္ဆေဒ၀ါဒီစာရ်ဝါက တို့၏ အယူကပင် မှန်နေသယောင် ရှိ၏။ သူတို့၏ အယူအရ ....................


“လောကဟူသည် ကစားကွင်းဖြစ်၏။ ဘ၀ဟူသည်မှာ ကစားပွဲ ဖြစ်၏။ လူတို့သည် ကစားသမား ဖြစ်ကြ၏။ ထို့ကြောင့် ကစားပွဲတို့၏ ထုံးစံအတိုင်း နိုင်အောင်ကစားရမည် ဖြစ်၏။ နိုင်ဖို့သာ အရေးကြီး၏။ ဘယ်နည်းဖြင့် နိုင်နိုင်၊ နိုင်လျှင် “ဆု”ရမည် ဖြစ်၏။ တရားသည်၊မတရားသည်များကို အလေးထားရမည်မဟုတ်။ တမလွန် ဘ၀ကိုလည်း ထည့်တွက်ရမည် မဟုတ်။ တကယ်တမ်း ထည့်တွက်ရမည်ကား မိမိ နိုင်ရေးပင် ဖြစ်၏။”


ထိုအယူသည် ယနေ့ မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ အမည် ခံနေကြသူများတွင် အများစုက လက်တွေ့ လိုက်နာ ကျင့်သုံးနေကြသည့် အယူဝါဒနှင့် တူသယောင်ရှိ၏။


အထက်ပါ ဂါထာ၏ မြန်မာပြန် အနက်မှာ...............................


လူ့ဘ၀မှာ အသက်ရှင်နေရမည်ဆိုလျှင် မည်သည့်နည်းဖြင့် ဖြစ်ဖြစ် ချမ်းသာစွာ အသက်ရှင်နေရအောင် လုပ်သင့်၏။ ကြွေးတင်ခံပြီး ထောပတ်ကို မှီဝဲသင့်၏။ သေပြီးနောက် ပြာမှုန့်ဖြစ်သွားပြီးတော့ နောက်ဘ၀၌ မည်သို့လျှင် အသက်ပြန်ရှင်နိုင်ပါတော့မည်နည်း ဟူ၍ ဖြစ်၏။


ဤသည်မှာ မဇ္စျိမဒေသရှိ ဒဿနဂိုဏ်းကြီးတစ်ခု၏ အမြင်အယူ ဖြစ်၏။ ဤ ဒဿန ဂိုဏ်းကြီး၏ အမြင်အယူသည် ပါးစပ်ပြောအနေဖြင့် ဆိုရလျှင် များစွာပင် စက်ဆုပ်ဖွယ် ဖြစ်၏။ သို့ရာတွင် ယနေ့လူတို့သည် လုပ်ငန်းကို လုပ်ရာတွင် ထိုအမြင်၊ ထိုအယူအတိုင်း လက်တွေ့အားဖြင့် ကျင့်သုံးနေသည်ကို တွေ့ရ၏။ ထိုအမြင် ထိုအယူကား ဗုဒ္ဓဘာသာဝင် မစစ်သူများအတွက် ပါးစပ်အနေဖြင့် မကြိုက်ဆုံးဖြစ်သော်လည်း လက်တွေ့ အနေနှင့်မူ အကြိုက်ဆုံး ဖြစ်နေသည်ကို တွေ့ရတတ်ပါ၏။


သို့ဖြစ်လေရာ ယနေ့ လက်တွေ့အခြေအနေများကို သုံးသပ်ကြည့်လျှင် အထက်၌ ဖော်ပြထားသည့်အတိုင်း “လူနပ်“ များက ချမ်းသာနေကြသည်မှာ မှန်ပါ၏။ သို့ရာတွင် “လူနပ်” တိုင်း ချမ်းသာကြပါသလော။ သူများ မျက်ခုံးအပေါ်၌ စင်္ကြံလျှေက်သူတိုင်း ကြီးပွားကြပါလော။ ဖခမည်းတော်ကို သတ်သူတိုင်း ဘုရင် ဖြစ်ကြပါသလော။ သူများနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်သူတိုင်း အင်ပါယာကို ထူထောင်နိုင်ပါလော။ ဤ မေးခွန်းများ၏ အဖြေများမှာ ဗုဒ္ဓစာပေ ကျမ်းဂန်လာ အကြောင်းအကျိုး ဆက်သွယ်မှုနှင့် နှီးနွယ်၏။


ပဋ္ဌာန်းကျမ်းတွင် ဥပနိဿယ ပစ္စည်းကို ဖော်ပြရာ၌ အကုသိုလ်ကံ ကလည်း ကုသိုလ်ကံအား အားကြီးသော ဥပနိဿယ ပစ္စည်းဖြင့်် ကျေးဇူးပြုတတ်၏။ ကုသိုလ်ကံ ကလည်း အကုသိုလ်ကံအား အားကြီးသော ဥပနဿယ ပစ္စည်းဖြင့် ကျေးဇူးပြုတတ်၏။ ထို့ကြောင့် ကောက်ကျစ် စဉ်းလဲစွာ ပြုလုပ်သူ ဖြစ်ပါလျှက် သူကောင်းပြု ခံရတတ်၏။ ထိုကဲ့သို့ ခံရခြင်း၌ ဖြစ်စေ၊ ရိုးသား ဖြောင့်မတ်စွာ ကြိုးကြိုးစားစား လုပ်သူ ဖြစ်ပါလျှက် ပြစ်တင် မောင်းမဲခြင်း ခံရတတ်၏။ ထိုကဲ့သို့ ခံရခြင်း၌ ဖြစ်စေ ဤဥပနိဿယ ပစ္စည်းသည် ဗုဒ္ဓဒေသနာကို နားလည်အောင် ရှင်းပြပါ၏။ ကုသိုလ်ကံမှသာ ကောင်းသော အကျိုးကိုပေး၏။ အကုသိုလ်ကံ ဖြစ်ပါက မကောင်းသော အကျိုးကို ပေး၏ ဟူသော အမြင်ကိုလည်း ကြည်လင်စေပါ၏။ အယူကိုလည်း ခိုင်မြဲစေပါ၏။


လူတို့သည် ကံကို ပြုကြ၏။ ထိုသို့ပြုရာတွင် ဒါန၊ သီလ၊ ဘာဝနာ ဟူသော ပုညကြိယာကို ပြုသည်ပင်ဆိုဦး ၊ ကုသိုလ်ကံ စစ်စစ် ဖြစ်သည်လည်း ရှိ၏။ အကုသိုလ်ကံ ရောသည်လည်း ရှိ၏။ အကယ်၍ ကံပြုချိန်က ကုသိုလ်၌ အကုသိုလ် ရောသော ကံဖြစ်ပြီး ထိုကံက အကျိုးပေးသည် ဆိုလျှင် အကုသိုလ် လုပ်ငန်းဖြင့် ကောင်းသော အကျိုးကို ရတတ်၏။ သူများ မျက်ခုံးအပေါ် စင်္ကြံလျှေက်ခြင်းဖြင့် ကြီးပွား၏။ ချမ်းသာ၏။ ဖခမည်းတော်ကို သတ်လျှင် အဇာတသတ်လို ဘုရင် ဖြစ်နိုင်၏။


သို့မဟုတ်ဘဲ အခြားကံမျိုးက အကျိုးပေးသည်ဆိုပါက အကုသိုလ် လုပ်ငန်းဖြင့် ကောင်းကျိုးကို မရနိုင်။ စီးပွားရေး ဖြစ်လျှင် စီးပွားပျက်၏။ နိုင်ငံတော် ဥပဒေနှင့် မလွတ်ကင်းသော လုပ်ငန်းဖြစ်လျှင် ကြိုးစင်သို့ပင် အတင်ခံရတတ်၏။ “ရာဇ၀တ်ဘေး ပြေးမလွတ်” ဟူသည်မှာ ကုသိုလ်ကံ၏ ကျေးဇူးပြုခြင်း မခံရသော အကုသိုလ် ကံကြောင့် ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်၏။


ထို့ကြောင့် အကုသိုလ်လုပ်ငန်းဖြင့် အသက်မွေးရန် အားထုတ်ခြင်းသည် စင်စစ် မကောင်းသည်သာ ဖြစ်၏။ အကယ်၍ ကုသိုလ်ကံ က ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုခြင်း ခံရသော အကုသိုလ်ကံကြောင့် အဇာတသတ်လို ဘုရင်ဖြစ်သည် ဆိုစေဦး၊ အဇာတသတ်သည် တကယ်တမ်း ချမ်းသာသည် မဟုတ်။ အမြဲတမ်း သောက ရောက်နေရ၏။ ခဏတိုင်း ခဏတိုင်း လှံမ တစ်ရာဖြင့် ထိုးခြင်းကို ခံနေရဘိသကဲ့သို့ လည်းကောင်း၊ အ၀ီစိမှ ငရဲ မီးလျှံများ တက်၍ လောင်ကျွမ်းခြင်းကို ခံနေရဘိသကဲ့သို့ လည်းကောင်း စိတ်ထဲ၌ ခံစားနေရ၏။ ထို့ကြောင့် အဇာတသတ်၏ မင်းစည်းစိမ်သည် အမြင်အားဖြင့်သာ ကောင်း၏။ သာယာဖွယ် ဖြစ်၏။ မက်မောဖွယ် ဖြစ်၏။ အနှစ်သာရ အားဖြင့်မူ မကောင်း။ သာယာဖွယ် မဟုတ်။ မက်မောဖွယ် မဟုတ်။ အမှန်အားဖြင့် မကောင်းမှုကံကို ရှေ့သွားပြုသော ချမ်းသာမှန်သမျှသည် သောကတို့ဖြင့် ၀န်းရံထားသော အသွင်ချမ်းသာမျှသာ ဖြစ်၏။ အစစ်ချမ်းသာ မဟုတ်။


အဇာတသတ်၏ ဘ၀ကို လေ့လာကြည့်လျှင် များစွာ သံဝေဂ ဖြစ်ဖွယ် ကောင်း၏။ မြတ်စွာဘုရား၌ အတုမဲ့ကြည်ညိုသူ ဖြစ်လာလင့်ကစား ထိုကောင်းမှုများသည် အဇာတသတ်အား ငရဲမှ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ပါချေ။ သို့ရာတွင် အ၀ီစိငရဲ၌ ကျခံရမည့်အစား လောဟကုမ္ဘီ ငရဲ၌သာ ကျခံရရုံလောက်မျှသာ စွမ်းဆောင်နိုင်ပါ၏။


အမှန်အားဖြင့် အကုသိုလ် လုပ်ငန်းဖြင့်ရသော စည်းစိမ်ချမ်းသာများကို အဇာတသတ်မင်းက မြတ်စွာဘုရား၌ ကောင်းမှုပြုသကဲ့သို့ ရတနာသုံးပါး၌ ကောင်းမှုများ ပြုစေကာမူ မြတ်စွာဘုရားက အဇာတသတ်အား အထိုက် အလျေက် သက်သာရာ ရစေနိုင်ရုံလောက်မျှသာ ထောက်မပေးသကဲ့သို့၊ ထိုနည်းအတူ ရတနာသုံးပါးကလည်း ထိုထို မကောင်းမှုဖြင့် အရင်းတည်ထားသော ကောင်းမှုရှင်များအား အထိုက်အလျေက် သက်သာရာ ရစေနိုင်ရုံမျှသာ ထောက်မပေးမည် ဖြစ်၏။ အမှန်အားဖြင့် ကံ၏ အကျိုးကို မည်သူမျှ မတားမြစ်နိုင်။ ထောက်မ ပေးနိုင်ရုံသာ တတ်နိုင်၏။ ထို့ကြောင့် “အတ္တာဟိ အတ္တနော နာထော” ဟူ၍ ဆိုခြင်း ဖြစ်၏။


ဤနေရာ၌ သတိပြုသင့်သည်မှာ “လောကအနေနှင့်အလွန်မက်မောဖွယ် ဖြစ်သော မင်းစည်းစိမ်သည်ပင် အကုသိုလ် လုပ်ငန်းဖြင့် ရရိုးမှန်ပါက သံသရာ၌ အားကိုးဖွယ် ဖြစ်မလာနိုင်ပါလျှင်၊ အခြားသော မင်းစည်းစိမ်အောက် ယုတ်သော ချမ်းသာများဆိုပါက သံသရာ၌ အဘယ်သို့လျှင် တကယ်တမ်း အားကိုးဖွယ် ဖြစ်နိုင်ပါလေမည်နည်း။ ထို့ကြောင့် အကုသိုလ် လုပ်ငန်းဖြင့်ရသော ချမ်းသာဟူသမျှ မင်းစည်းစိမ်ပဲ ဖြစ်ဖြစ် အခြားမည်သို့သော စည်းစိမ်ပဲ ဖြစ်ဖြစ် သံသရာ၌ တကယ်တမ်း အားကိုးဖွယ်ဖြစ်သော ချမ်းသာမျိုးအဖြစ်သို့ ရောက်အောင် မစွမ်းဆောင်နိုင်လေသောကြောင့် စင်စစ်အားဖြင့် သုခအသွင်ကို ယူထားသည့် ဒုက္ခစစ်စစ်သာ ဖြစ်ပါ၏” ဟူ၍ ဖြစ်၏။


ထို့ကြောင့် အနန္တသူရိယ အမတ်ကြီးကလည်း ................................


ရွှေအိမ်နန်းနှင့်၊ ကြငှာန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း.............ဟူ၍ ဆိုခြင်း ဖြစ်၏။


အမှန်အားဖြင့်လည်း သံသရာသက်တမ်းနှင့်စာလျှင် လူ့ဘ၀ သက်တမ်းသည်၊ လူ့ဘ၀၏ တစ်သက်လျာသည် သမုဒ္ဒရာ ရေမျက်နှာထက်က ရေပွက်ပမာ တစ်ခဏမျှသာ ဖြစ်၏။ သို့ပါလျက် ထိုတစ်ခဏတာကိုပင် မဟာကပ် တစ်ခုလို သဘောထားပြီး တစ်ဘ၀ကောင်းစားရေးအတွက် အကုသိုလ်ကို လုပ်ကြ၏။ အကုသိုလ် လုပ်ငန်းဖြင့် ချမ်းသာကို ရှာကြ၏။ ထိုသို့ရှာကြရာတွင် ဆင်ခြေအနေဖြင့် ပါးစပ်က “ဓမ္မ”အတွက်ဟု ဆိုပြီး လက်က“အတ္တ” အတွက် လုပ်ကြလေ၏။ သို့ရာတွင် ထိုသဘောကို ကြည့်တတ်သူများက မြင်ပါ၏။ နားထောင်တတ်သူများက ကြား၏။ ဆင်ခြင်ဥာဏ် ရှိသူများက သိ၏။


ထို့ကြောင့် ဘ၀၏ အကျိုးပေးများနှင့် စပ်လျဉ်း၍ လေ့လာရာတွင် “အကုသိုလ် လုပ်ငန်းဖြင့် ချမ်းသာကြ၏” ဟူ၍ ဆိုသည်မှာလည်း မှန်ပါ၏။ “မင်းစည်းစိမ်ကို ရသည်အထိပင် ချမ်းသာကြ၏” ဟူ၍ ဆိုသည်မှာလည်း မှန်ပါ၏။ သို့ရာတွင် ထိုကဲ့သို့သော ချမ်းသာခြင်းမျိုးကား ကုသိုလ်ကံက ဥပနိဿယ ပစ္စည်းဖြင့် ထောက်ပံ့လိုက်သော အကုသိုလ် လုပ်ငန်းကြောင့် အကျိုးပေးခြင်းသာ ဖြစ်၏။ ထိုကံမျိုးသာ မရှိပါက အကုသိုလ် လုပ်ငန်းဖြင့် ချမ်းသာခြင်းဟူ၍ မရှိနိုင်ပါချေ။ အကယ်၍ ကုသိုလ်ကံ၏ ဥပနိဿယပစ္စည်းကြောင့် အကုသိုလ် လုပ်ငန်းဖြင့် ချမ်းသာသည် ဆိုစေဦး၊ ထိုချမ်းသာသည် အဇာတသတ်မင်း၏ ချမ်းသာမျိုးသာ ဖြစ်၏။ သံသရာ၌ ဘာမျှ အားကိုးလောက်သော ချမ်းသာမဟုတ်။


ထို့အပြင် “ရိုးရိုးသားသားနှင့် ကြိုးကြိုးစားစား လုပ်ပါလျက် ပြစ်တင် မောင်းမဲခြင်းကို ခံရတတ်ကြ၏” ဟူ၍ ဆိုသည်မှာလည်း မှန်ပါ၏။ သို့ရာတွင် ထိုကဲ့သို့ ပြစ်တင်မောင်းမဲခြင်းကို ခံရခြင်းသည်လည်း အကုသိုလ်ကံ က ဥပနိဿယပစ္စည်းဖြင့် ထောက်ပံ့လိုက်သော ကုသိုလ်ကံကြောင့်သာ ဖြစ်ပါ၏။ ကုသိုလ်ကံ သက်သက်ကြောင့် မဟုတ်။


ထိုနှစ်မျိုးတွင် အကုသိုလ်ကံက လမ်းဖွင့်ပေး၏။ ကုသိုလ်ကံ က တိုက်ရိုက်အကျိုးပေး၏။ ထိုအခါ ချမ်းသာ၏။ ဤသည်က တစ်မျိုး။ ကုသိုလ်ကံ က လမ်းဖွင့်ပေး၏။ အကုသိုလ်ကံ က တိုက်ရိုက်အကျိုးပး၏။ ထိုအခါ ပြစ်တင် မောင်းမဲခြင်းကို ခံရ၏။ ဤသည်က တစ်မျိုး။ သို့ရာတွင် လမ်းဖွင့်ပေးခဲ့သော အကုသိုလ်ကံ နှင့် ကုသိုလ်ကံ များကလည်း တိုက်ရိုက်အကျိုးများကို ပေးဦးမည်ဖြစ်၏။ လောလောဆယ် ဒိဋ္ဌဓမ္မအကျိုး အနေဖြင့် ကောက်ကျစ် စဉ်းလဲသူများကို စရိုက်တူ၊ ၀ါသနာတူ မဟုတ်သော လောက လူအပေါင်းက ရွံရှာ၏။ စက်ဆုပ်၏။ ရိုးရိုးသားသားနှင့် ကြိုးကြိုးစားစား လုပ်သူများကို လူငစဉ်းလဲများမှတစ်ပါး ကျန်သော လောကလူအပေါင်းက မြတ်နိုး၏။ လေးစား၏။ သို့ရာတွင် လူငစဉ်းလဲများကမူ တုံးသည်၊ အသည်၊ ဖျင်းသည် ဟူ၍တော့ ဆိုကြပေလိမ့်မည်။ ထိုသို့ ဆိုခြင်းသည်လည်း အကုသိုလ်ကံ၏ တိုက်ရိုက် အကျိုးပေးမှုများပင် ဖြစ်၏။


ဤလောက၌ ၀မ်းရေးသည် အရေးကြီးပါ၏။ ထိုသို့ပင် အရေးကြီးသော်လည်း သမ္မာဒိဋ္ဌိအမြင်အရ သံသရာ သက်တမ်းကို အလေးမူ၍ “သီလစောင့်မှ အူမတောင့်သည်” ဟူသော ယုံကြည်ချက်ဖြင့် ဘ၀၏ အကျိုးပေးများကို ရှာရာ၌ မဂ္ဂင်ရှစ်ပါးတွင် အရေးအကြီးဆုံးဖြစ်သော သမ္မာအာဇီဝမဂ္ဂင် ကို လိုက်နာ ကျင့်သုံး၍ ရှာအပ်ကြောင်း နားလည်အပ်ပါ၏။ မိစ္ဆာဒိဋ္ဌိအမြင် အရ၊ လူ့ဘ၀၏ ခဏသက်တမ်းကို အလေးမူ၍ “အူမတောင့်မှ သီလစောင့်သည်” ဟူသော ယုံကြည်ချက်ဖြင့် မိစ္ဆာအာဇီဝမဂ္ဂင်ကို လိုက်နာကျင့်သုံး၍ ဘ၀၏ အကျိုးပေးများကို မရှာအပ်ကြောင်းကိုလည်း နားလည်အပ်ပါ၏။


ဦးရွှေအောင် မဟာဝိဇ္ဇာ(သက္ကတ)(၀ဋံသကာ နှင့် သိရောမဏိ) ၏ အမြင်များပြောင်းလဲခြင်းနှင့် အတွေးအမြင်စာစုများ မှ...................

ဗုဒ္ဓဘာသာ ဆိုင်ရာစုစည်းချက်များ

၁. မည်ကဲ့သို့သော ပုဂိုလ်ကို ဘုရားဟုသတ်မှတ်ပါသနည်း။ စစ်မှန်သောဘုရား တစ်ဆူတည်း ရှိသည်ဟု ယုံကြည်ပါသလား။ အဘယ်အထောက်အထားသက်သေအရ ပြောနိုင်ပါသနည်း။

ဆရာတော်: သစ္စာလေးပါး တရားကို သိမြင်ပြီး လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါ၊ တို့ကို သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်အောင် လမ်းပြသော မြတ်စွာဘုရား ကို ဘုရားဟု သတ်မှတ်သည်။
အစစ်အမှန် ဟူသော ဝေါဟာရသည် အစစ်အမှန် ကို သိမြင်သူတို့၏ ရင်တွင်းတွင် အလိုလိုခွဲခြားသိမြင်နိုင်သည်။ မျက်မှောက်ခေတ်အထိ ဗုဒ္ဓမြတ်စွာဘုရား လေးဆူ တိတိ ပွင့်တော်မူပြီးခဲ့ပြီ။

ဗုဒ္ဓဘာသာဝင်တို့သည် မြတ်စွာ ဘုရား သက်တော်ရှိစဉ်မှာ ဘုရားကို ဘုရားအဖြစ် ကိုးကွယ်နိုင်သည်။ မြတ်စွာဘုရား ပဋိနိဗ္ဗာန်ပြုသွားသော် မြတ်စွာဘုရား ဟောကြားခဲ့သော ဓမ္မတရားတို့ကို ကိုးကွယ်နိုင်သည်။
ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်တို့ကို ဆက်လက်ဆည်းပူးဖြန့်ဝေသော သံဃာတော်တို့ကို ကိုးကွယ်နိုင်သည်။ မြတ်စွာဘုရားဟောကြားသော တရားတော်တို့ကို လေ့လာအားထုတ်ခြင်းဖြင့် ဗုဒ္ဓဘုရား ပရိနိဗ္ဗာန် ပြုရာ နိဗ္ဗာန် သို့ ရောက်ရှိနိုင်သည်။
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် ကတည်းက တရားတော် ကို ခံယူနိုင်စွမ်းသော အမျိုးမျိုးသော သူတို့ကို အမျိုးမျိုးသော တရားကို ပေးတော်မူသည်။

၁။ မြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်ကို သရဏဂုံ၌၊ အချို့သော ပုဂ္ဂိုလ်ကို ငါးပါးသီလတို့၌၊ အချို့သော ပုဂ္ဂိုလ်ကို ဆယ်ပါးသီလ၌ တည်စေတော်မူ၏။

၂။ မြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်အား အရိယမဂ်ကိုလည်းကောင်း၊ မြတ်သော ဖိုလ်လေးပါးတို့ကို လည်းကောင်း ပေးတော်မူ၏။ အချို့သော ပုဂ္ဂိုလ် အား အတုမရှိသော ပဋိသမ္ဘိဒါတရား တို့ကို ပေးတော်မူ၏။

၃။ မြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်အား မြတ်သော သမာပတ် ရှစ်ပါးတို့ကို ပေးတော်မူ၏၊ အချို့သော ပုဂ္ဂိုလ်အား ၀ိဇ္ဇာသုံးပါး အဘိညာဉ်ခြောက်ပါးတို့ကို ပေးတော်မူ၏။

၎။ မြတ်စွာဘုရားသည် သစ္စာလေးပါးကို သိစေထိုက်သော သတ္တ၀ါကို မြင်တော် မူသည် ရှိသော် ယူဇနာတစ်သိန်း ဝေးကွာသော အရပ်၌ပင် (တည်သော) ထို သတ္တ၀ါထံသို့ တစ်ခဏဖြင့် ချဉ်းကပ်၍ (သစ္စာလေးပါးတရားကို) သိစေတော်မူ၏။

၂. လူသည် ပညတ်သီလတို့ကို စံမှီအောင်ကျင့်နိုင်ပါသလား။ မကျင့်နိုင်ဘူးဆိုရင် ဘာဖြစ် မည်နည်း။ ဘယ်လို သီလအမျိုးအစာ ဘယ်နှစ်မျိုးရှိပြီး ဘယ်လိုကျင့်ရပါသလဲ...

ဆရာတော်: လူသည် လူလောက က စံ သတ်မှတ်ထားသော စည်းကမ်းဘောင်အတွင်း နေထိုင်နိုင်သည့်သူသည် လူ့လောကတွင် လူအဖြစ် ကျင့်ကြံနိုင်သည်။
အကျင့်သီလ ဥပဒေတို့ကို မကျင့်ကြံနိုင်သော ဖောက်ဖျက်သော သူတို့သည် လူ့အသိုင်းအ၀င်း၏ အပြင်ဘက် အကျဉ်းထောင်တွင် ရာဇ၀တ်သားအဖြစ် နေထိုင်ရသည်။

ဗုဒ္ဓဘာသာ ၀င်တို့ အတွက် သီလလုံခြုံရန် ငါးပါးသီလ ကို ဆောက်တည်နိုင်သည်။ ငါးပါးသီလ ဆိုသည်မှာ..
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
((သူ့အသက်လည်း မသတ်ဘဲ အမြဲရှောင်ကြဉ်မည်။))

၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
((သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ်မည်။))

၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
((သူ့အိမ်သူ၊ သားမယားအားလည်း မပြစ်မှားဘဲ အမြဲရှောင်ကြဉ်မည်။))

၎။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
((လိမ်လည်၍လည်း မပြောဘဲ အမြဲရှောင်ကြဉ်မည်။))

၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
((သေရည်အရက်လည်း မသောက်ဘဲ အမြဲရှောင်ကြဉ်မည်။))

ငါးပါးသီလ မလုံခြုံသူတို့ ပေါများလာလျှင် ဘာဖြစ်လာမည် ကို သင်တွေးကြည့် နိုင်မည်ဟု မျှော်လင့်ပါ၏။
ငါးပါးသီလ ကို မည်ကဲ့သို့ လက်တွေ့လုံခြုံအောင် ဆောက်တည်ရမည် ကို သင်နားလည်သိမြင်မည်ဟု မျှော်လင့်ပါ၏။

၃. လူသည်ဘယ်ကဆင်းသက်လာ၊ လောကတွင်ဘာအတွက်အသက်ရှင် ပြီး ဘယ်ကို ပြန်သွားရမှာလဲ။

ဆရာတော်: လူသည် သံသရာမှ လာသည်။ ထိုသူ၏ မျက်မှောက်ဘ၀တွင် ထိုသူ ဘ၀ အဆက်ဆက်တွင် ပြုလုပ်ခဲ့သော ကောင်းမှု ဆိုးမှု အပေါ်တွင် မူတည်၍ ကွဲပြားသော ဘ၀ ကို ပိုင်ဆိုင်သည်။ သံသရာ မှ လွတ်မြောက်သော သစ္စာတရား ကို ရှာဖွေ၍ မတွေ့မခြင်း သံသရာမှာပင် ကျင်လည်ရသည်။

၎. လူသည် မိမိကိုယ်ကိုယ် ငရဲမှလွတ်ဖို့ ကယ်တင်နိုင်မည်ဟုထင်ပါသလား။

ဆရာတော်: ကောင်းမှုပြုသော သူသည် မိမိ၏ လုံ့လပြု အားထုတ်သော ကောင်းမှုကြောင့် မိမိ ကို မကောင်းသည့် အပယ်ငရဲမှ ကယ်တင်သည်။ မကောင်းမှု ပြုသူသည် မိမိ၏ မစင်ကြယ်သော လောဘ၊ ဒေါသ၊ မောဟ ကြောင့် မိမိ ကို အပယ်ငရဲသို့ ဆောင်ကျဉ်း၏။

၅. မာရ်နတ်ရဲ့ အစဘ၀၊ ယခု ဘာလုပ်နေ၊ သူ့ရဲ့နောက်ဆုံးခရီးကဘယ်ကို။

ဆရာတော်: သင် မြင့်မြတ်သည့် အလုပ်တစ်ခု ကို ပြုလုပ်မည့်အချိန်တွင် မာန်နတ်သည် သင့်ကို ထိုအလုပ်ကို မလုပ်ဖြစ်အောင် တားဆီးနေသည်။ သင် ယုတ်ညံ့သော အလုပ်ကို လုပ်ရန်ကြံစည်လေတိုင်း မာန်နတ်သည် သင့်ကို ကျေနပ်အားရစွာဖြင့် အားပေးနေပေလိမ့်မည်။ မာန်နတ်သည် သင်ဘ၀ တစ်ခုကို ပိုင်ဆိုင်နေသရွေ့သင်နှင့်အတူ ရှိနေလိမ့်မည်။
ဤအရာသည် ဆရာတော် ၏ ယုံချက်မှု ဟုလည်း သင်မှတ်ယူလိုက မှတ်ယူနိုင်ပေသည်။ ထိုအတွက် စောတက တက်လိုကလည်း တက်နိုင်ပေ၏။

၆. အကျွတ်တရားလမ်းကို ယခုတွေ့ပါက ယခုရောက်ပါသလား။ ဘယ်အထောက်အထားအရ ပြောနိုင်ပါသနည်း။ လူသည် ယနေ့ပင် အဘယ်ကဲ့သို့ဖြစ်နိုင်သည်ကို မသိနိုင်....

ဆရာတော်: အကျွတ်တရားလမ်းသည် ကျွန်ုပ်ဆီမှာ ရှိပါသည်ဟု ယူဆပါစို့။ အသင်သည် အသင်၏အပေါ်မှာ မည်မျှယုံကြည်ပါသနည်း။ အသင်သည် အသင်၏ ဇွဲလုံ့လ အပေါ်မှာ မည်မျှယုံကြည်ပါသနည်း။ သင့်ကို ကျွန်ုပ်က မွန်မြတ်သန့်စင်သော ကျောက်စက်ရေ ကို ပေးမည်ဆိုလျှင် သင့်ဆီမှာ ထိုကျောက်စက်ရေ ကို မညစ်နွမ်းအောင် ခံယူဖို့ သန့်စင်သော ခွက်တစ်ခွက် ရှိပါမည်လား။ သင့်ကို ဗုဒ္ဓမြတ်စွာဘုရား ၏ ဓမ္မတရား ကို ပေးကမ်းမည် ဆိုပါလျှင် သင့်ဆီမှာ ထိုတရားကို နားလည် နာယူနိုင်သော ဦးနှောက် ရှိပါမည်လား။ သင့်ကို ဒုက္ခလေးပါး မှ လွတ်မြောက်ရာ သစ္စာတရား ကို ပြသမည်ဆိုပါလျှင် သင့်ဆီမှာ ထိုတရားတော်ကို နာခံရန် မွန်မြတ်သန့်စင်သော နှလုံးအိမ်ရှိ ပါမည်လား။ ထိုတရားတို့ သည် လက်တွေ့ရှိသည်။ ထိုတရားတော်တို့ကို အားထုတ်နေသောသူတို့သည် လက်တွေ့ရှိသည်။ ထိုတရားတော်တို့ကို သိမြင်ပြီးသွားသော သူတို့သည်လက်တွေ့ရှိသည်။

၇.အဖြေမရှိလို့လား၊ ဒါမှမဟုတ် ဗုဒဘာသာဝင်တို့အတွက် အရေးမကြီးတဲ့ မေးခွန်းတွေဖြစ်နေလို့လား......

ဆရာတော်: ဗုဒ္ဓတရားတော်တိုင်းမှာ အဖြေရှိပါတယ်။ သင်၏ မေးခွန်းသည် မိုက်မဲသော မေးခွန်းလား၊ လိမ္မာယဉ်ကျေးသော မေးခွန်းလားဆိုတာကို သင်မမေးခင် သင့်ကိုယ်သင် ဆင်ခြင်နိုင်ပါသည်။

၈. စကြာ်ဝဌာကြီးနဲ့ လူသားများ ဘယ်ကနေဖြစ်လာပြီး ခေတ်အဆက်ဆက် ဘယ်လိုတိုးပွါးကာ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာလေး ဗုဒတရားသဘောအရသိလိုပါသည်။

ဆရာတော်: စကြာဝဠာ သည် သဘာဝ တရားဖြစ်သည်။ သဘာဝ တရားသည် ယနေ့ မျက်မှောက်ကမ္ဘာ ကို ဖန်ဆင်းသည်။ သမိုင်းမတင်ခင်မှ ယနေ့အထိ ဖြစ်ပျက်လာသော အရာရာ တိုင်းကို သင်သည် သမိုင်းတွင် သိရှိနိုင်သည်။ သင်သည် သမိုင်းကို နားမလည်ခဲ့လျှင် သမိုင်းသင်သော စာသင်ကျောင်းကို ပြန်လည်တက်ရောက်ပြီး လေ့လာနိုင်သည်။ ဗုဒ္ဓသည် လူ့ဘ၀တွင်သာ ဘုရားအဖြစ်ရောက် ရှိနိုင်သည်။ ဗုဒ္ဓသည် သဘာဝ တရား၏ ဖြစ်ခြင်း နှင့် ပျက်ခြင်းကို ဟောကြားသည်။ လူသတ္တ၀ါများ၏ ဘ၀သံသရာများ အဖန်ဖန် ဖြစ်ပြီး အဖန်ဖန် ပျက်နေရသည့် ဘ၀မှ လွတ်မြောက်နိုင်သော သစ္စာလေးပါးတရား ကို ဟောကြားသည်။ ဗုဒ္ဓ၏ တရားတော် ကို ဗုဒ္ဓဘာသာဝင်များက ပိဋိကတ် သုံးပုံဖြင့် ထိမ်းသိမ်းလာခဲ့သည်။ သင်သည် အကျယ်ကို သိလိုသော် ပိဋိကတ် သုံးပုံ ကို လေ့လာနိုင်သည်။ အကျယ်ကို လေ့လာနိုင်စွမ်း မရှိပါက ပိဋိကတ် သုံးပုံကို အဆီထုတ် အနှစ်ချလျှင် သီလ၊ သမာဓိ၊ ပညာ ဟူသော တရားသည် လက်တွေ့ကျန်သည်။ သင်သည် ပညာ ကို လိုသော် သမာဓိ ကို ပိုင်ဆိုင်နိုင်ရမည်။ သင် သမာဓိ ကို ဆောက်တည်နိုင်ဖို့ သီလ စင်ကြယ်ရမည်။ ထိုအတွက် သင်သည် ပညာကို လိုချင်ပါလျှင် သင့်ဆီမှာ သီလတရား လုံခြုံရန်လိုပြီး သင်၏ လောဘ၊ ဒေါသ၊ မောဟ၊ တို့ ကို သိမ်းဆည်းနိုင်သည့် သမာဓိ လိုသည် ဟု မှတ်ယူပါလေ။ သီလ ဆိုသည်မှာ အထက်တွင် ဖေါ်ပြထားသော လူပုဂ္ဂိုလ် တို့ အတွက် ငါးပါးသီလ နှင့် ရဟန်းသံဃာ တို့ အတွက် ဆယ်ပါးသီလ ဖြစ်သည်။

မိစ္ဆာဒိဋ္ဌိ

အယူဝါဒအမှန်ကို ပျက်စီးစေနိုင်သော အယူမှား၊ (မိစ္ဆာဒိဋ္ဌိ) တို့မှာ အောက်ပါအတိုင်းဖြစ်၏

(၁) လောက၌ ဖန်ဆင်းရှင်ရှိ၏၊ မြေကြီး၊ ဟိမ၀န္တာတောင်၊ စကြ၀ဠာ၊ မဟာသမုဒ္ဒရာတို့နှင့် သတ္တ၀ါအားလုံးကို ထိုဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆတတ်ကြသည်။ ယင်းသို့ယူဆသော ၀ါဒကို "ဖန်ဆင်းရှင် (ဣဿရနိမ္မာန) ၀ါဒ" ဟုခေါ်ပါသည်။

(၂) လောက၌ ကုသိုလ်ကံ၊ အကုသိုလ်ကံ ဟူ၍မရှိ၊ ကောင်းမှုကိုပြုသော်လည်း ကောင်းမှုကုသိုလ် မမည်။ မကောင်းမှုကို ပြုသော်လည်း မကောင်းမှု အကုသိုလ်မမည်ဟု ယူဆတတ်ကြသည်။ ယင်းသို့ယူဆခြင်းသည် အကြောင်းကံကို ပယ်ခြင်းဖြစ်၍ "အကိရိယဒိဋ္ဌိ" ဟုခေါ်ပါသည်။

(၃) တဖန် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးတရားဟူ၍မရှိ။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကို ပြုလုပ်သော်လည်း မည်သည့်ကောင်းကျိုး၊ မကောင်းကျိုးကိုမျှ မခံစားရဟု ယူဆတတ်ကြသည်။ ယင်းသို့ ယူဆခြင်းသည် အကျိုး(၀ိပါက)ကို ပယ်ခြင်းဖြစ်၍ "နတ္တိကဒိဋ္ဌိ"ဟု ခေါ်ပါသည်။

(၄) ထို့ပြင် ကုသိုလ်ကံ၊ အကုသိုလ်ကံဟူ၍လည်းမရှိ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးဟူ၍လည်းမရှိဟု ယူဆတတ်ကြပြန်သည်။ ယင်းသို့ယူဆခြင်းသည် အကြောင်း၊ အကျိုး နှစ်မျိုးလုံးကို ပယ်ခြင်းဖြစ်၍ "အဟေတုကဒိဋ္ဌိ"ဟု ခေါ်ပါသည်


ဘုရား၊ တရား၊ သံဃာကို မပစ်ပယ်ဘဲ လာဘ်လာဘ ရွှင်စေလို၍ နတ်ကိုပူဇော်ပသခြင်း၊ နတ်ဖမ်းစားမည်ကို စိုးရိမ်၍ ရိုးရာတင်မြှောက်ခြင်းတို့သည် သရဏဂုံ မပျက်ပေ

ဘုရားကို ပစ်ပယ်ပြီး နတ်ကိုဖြစ်စေ၊ တစ်ခြားသော ဘုရားအလောင်း (တရုတ်အန်းကုန်း) စသည်တို့ကိုဖြစ်စေ ကိုးကွယ်ရာဟူ၍ ဆည်းကပ်မူကား သရဏဂုံ ပျက်သည်


ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် စာ-၁၇၊၁၈၊၁၉

မာရ် (၅) ပါး ရှင်းတမ်း

မာရ် (၅) ပါး ။ ။
မြတ်စွာဘုရားရှင် တရားဦးဟောရန် ဗောဓိမဏ္ဍိုင်မှ ဗာရာဏသီ မိဂဒါဝုန်သို့ ကြွတော်မူရာလမ်းမှာ ဂဟာမရောက်ခင် တစ်နေရာမှာ
ဥပက တက္ကတွန်းကြီးနဲ့ တွေ့ပါတယ်။ ( တက္ကတွန်းဆိုတာလည်း အ၀တ်မ၀တ်ဘဲ ၊ ရေမချိုးဘဲ တရားရှာ ၊ တရားကျင့်တဲ့ ရသေ့ တစိမျိုးပါပဲ ။သူကတော့ နာဋပုတ္တ ဆရာကြီးရဲ့ တပည့် ပါ ။)
အဲဒီ ဥပက မေးလျှောက်တဲ့ မေးခွန်းတွေထဲမှာ (
ယထာ ခေါ တွံ အာဝုသော ပဋိဇာနာသိ ) ငါ့ရှင် ၀န်ခံတဲ့ စကားအရ ( အရဟသိ အနန္တဇိနော ) အဆုံးမရှိ အောင်တော်မူသော အနန္တဇိန ဖြစ်ထိုက်ပါရဲ့လား၊ အနန္တဇိန ဘွဲ့ ခံထိုက်ပြီလား .... ဆိုတဲ့ မေးခွန်းပါ တယ် ။ ဘာကြောင့်ဆိုရင် သူတို့ နိဂဏ္ဌဂိုဏ်းမှာ အကုသိုလ် ကိလေသာ အားလုံးကို ပယ်ဖျက်အောင်မြင်နိုင်သူကို အနန္တဇိန ဖြစ်တယ်လို့ ယူဆကြလို့ပါ။ သူတို့ရဲ့ ဆရာကြီး နာဋပုတ္တ ကို လည်း ဇိန လို့ခေါ်ကြပါတယ်။ အိန္ဒိယ အသံနဲ့ ( ဂျိန) ဖြစ်တယ်။ အဲဒါကနေ ဂျိန်းဘာသာ ဖြစ်လာပါတယ်။ ယနေ့လည်း ရှိနေပါတယ်။ထားပါတော့ ။
မြတ်စွာဘုရား ပြန်ဖြေတာက -
မာဒိသာ ဝေ ဇိနာ ဟောန္တိ၊ ယေ ပတ္တာ အာသ၀က္ခယံ ။
ဇိတာ မေ ပါပကော ဓမ္မာ ၊ တသ္ဓာဟမုပက ဇိနော ။ ..
..လို့ဖြစ်ပါတယ်။
ဆိုတာတာကို တိုတိုပြောရရင် …
ငါကဲ့သို့ အာသဝေါကိလေသာ ကုန်ခြင်းရောက်တဲ့ သူကိုမှ ဇိန မည်တယ်။ ကိလေသာကုန်အောင် တရားအားမထုတ်ရသေးရင် ဇိန မခေါ်ရဘူး ။ ငါ သည် ယုတ်မာသော အကုသိုလ် ကိလေသာ တရားအားလုံးကို အောင်နိုင်ပြီး ဖြစ်လို့ ငါ သည် ဇိန ဖြစ်တယ် လို့ မိန့်ကြားပါတယ်။
ဒီနေရာမှာ ထပ်ဆင့် ရှင်းထားတာက ဇိန ဆိုတာ .. မာရ် (၅) ပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရား လို့ အဓိပ္ပါယ်ရပါတယ် ။ ဇိန ဂုဏ်တော်လို့ လဲ သုံးကြပါတယ် ။
ဘုန်းတော် (၆)ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား လို့ နားလည်နေကြတဲ့ ဘဂ၀ါ ဂုဏ်တော်ရဲ့ အခြား အဓိပ္ပါယ်တစ်ခုကလည်း မာရ် (၅) ပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရား ပဲဖြစ်ပါတယ် ။
ဒါတွေကတော့ -
(၁) ဒေ၀ပုတ္တ မာရ် ၊
(၂) ကိလေသ မာရ် ၊
(၃) အဘိသင်္ခါရ မာရ် ၊
(၄) ခန္ဓ မာရ် ၊
(၅) မစ္စု မာရ်
တို့ဖြစ်ပါတယ် ။
တနှစ်က ပလန်းနက်မှာ ဖြစ်တာလေး သတိရသေးတယ်။ ဘာသာခြား ညီအစ်ကို တစ်ယောက်က ဗုဒ္ဓအောင်မြင်ခဲ့တဲ့ မာရ် (၅) ပါးကို ဖော်ပြပေးပါ ဆိုလို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ညီအစ်ကိုမောင်နှမတွေ ဖြေပေးကြတယ် ။ အစုံပဲ ၊ ရှင်းလင်းချက်တွေ ရော ရေးကြတာ။ ဒါပေမဲ့ အဲဒီ့ ဘာသာခြား ညီအစ်ကို နားကို မလည်ပါဘူး။ နောက်တော့ သူ က ကျွန်တော်တို့ သခင်ယေရှုမှာ လည်း မာရ် (၅) ပါးရှိပါတယ် ..တဲ့။ဘာတွေလဲ ဆိုတော့ -
လိုတရမာရ် = ပေါင်မုန့် နဲ့ ၀ိုင် နည်းနည်းလေးကို သူဝေပေးတာ အများကြီးဖြစ်တယ် ။ . မြစ်ရေကြီးတာကို တားပေးနိုင်တယ် ။ မြို့ကို ရေလွှမ်းအောင် လုပ်နိုင်တယ် ၊ သေပြီးပြန်ထလာတယ်…… စသဖြင့် ဒါမျိုး အချက် (၅) ချက် ရေးသွားပါတယ်။
ဒါတွေဖြစ်နိုင်တာ မဖြစ်နိုင်တာ ပြောစရာ မရှိ ပါဘူး ။
ပြောချင်တာက ဗုဒ္ဓဘာသာ ရဲ့ စာလုံး အသုံးအနှူံးတွေကို နည်းမလည်
ဲ နဲ့ ခိုးချကြတာ ၊ ရောချကြတာ တွေဟာ ရယ်စရာပါ ။
မာရ် ဆိုတာ .. မာရ …ဆိုတဲ့ ပါဠိကနေ ဆင်းသက်လာတဲ့ ပါဠိသက်မြန်မာ ဝေါဟာရ တစ်ခုပါ။ မာရ ဆိုတာ သေခြင်း ၊သေစေခြင်း လို့ အဓိပ္ပါယ်ရပါတယ် ။ သေတတ်တဲ့ သဘော ၊ သေအောင် သတ်တတ်တဲ့ သဘော ကို လည်း မာရ ( မာရ် ) လို့ ခေါ်ပါတယ် ။ လူကို သတ်တတ်တဲ့ မာရ် ၊ စိတ်ကို သတ်တတ်တဲ့ မာရ် (၅) ပါးကို ဗုဒ္ဓမြတ်စွာကအောင်နိုင်ခဲ့တာပါ ။ တခြား ဘုန်းတော်တွေ ၊အားတော်တွေ ၊ တန်ခိုးတော်တွေ ၊ ပေါင်မုန့် ဝေတာတွေနဲ့ အဓိပ္ပါယ်အားဖြင့်ကို မသက်ဆိုင်ပါ ။

(၁) ဒေ၀ပုတ္တ မာရ် ။ ။ မာရ် (၅)ပါးမှာ တစ်ခုတည်းသော သက်ရှိ မာရ်ဖြစ်ပါတယ် ။ ကျန်တာ သက်မဲ့ မာရ်တွေ ပါ ။
ဒေ၀ပုတ္တ မာရ် = ဒေ၀ပုတ္တ ( နတ်သား ) + မာရ် (သေအောင် သတ်တတ်တဲ့ ) = သေအောင် သတ်တတ်တဲ့ နတ်သား ဆိုတဲ့ အဓိပ္ပါယ်ရပါတယ် ။
မာရ်နတ် ကတော့ နတ်ပြည် ၆-ထပ်မှာ အပေါ်ဆုံးထပ် ( ပရနိမ္မိတ ၀သ၀တ္တီ နတ်ပြည် - ကာမဂုဏ်ကို အလိုရှိတိုင်း ပြီးစေသော ဘုံ ) မှ နတ်ဆိုးတစ်ဦင်္းပဲ ဖြစ်ပါတယ် ။ အဲဒီ့ နတ်ပြည်ရဲ့ အဓိပတိခေါင်းဆောင်က ၀သ၀တ္တီ နတ်မင်းကြီး ပါ ။ မာရ်နတ် ကတော့ ပွကြီးပေါ့ ။ ၃၁-ဘုံမှာ သူတန်ခိုးကြီးတယ် ၊ကာမဂုဏ်ဆိုတာ သတ္တ၀ါတွေ အတွက် သူကပဲ ဖန်ဆင်းပေးထားတာ မျိုး အထင် ရောက်နေသူပါ။ သတ္တ၀ါတွေ သံသရာမှာ ဘ၀မျိုးစုံ ကျင်လည်ရင်း သူဖန်တီးပေးထားတဲ့ လောကီအာရုံ ကာမဂုဏ်တွေကို ခံစားနေကြတာပဲ သူကကြိက်ပါတယ် ။ဒါကြောင့် ကာမဂုဏ်ကို စွန့်ပယ်ဖို့ နည်းလမ်းမှန်မှန်နဲ့ တရားဟောမဲ့ ဘုရားလောင်းတွေဆိုရင် သူနှောက်ယှက်တာပါပဲ ။

တောထွက်မယ်ဆိုလဲ တားတာပဲ ။ဘုရားလောင်း တောထွက်ခါနီးမှာ…. အသင်မင်းသား…..တောမထွက်ပါနဲ့ ။ နောက် (၇)ရက်ကြာရင် စကြာရတနာ ဆိုက်ရောက်လာပါမယ် ။ အသင်မင်းသား…..စကြာမင်းဖြစ်တော့မယ်။အခုလို ငယ်တုန်းမှာ ကာမဂုဏ်တွေ ခံစားပါဦး ၊ တရားအားထုတ်တယ်ဆိုတာ အသက်ကြီးပြီး ကာမဂုဏ်တွေ မခံစားနိုင်တော့မှ လပြိရမှာလေ ။ နောက်ကြောင်းပြန်လှည့်ပါ ၊အသင်မင်းသား…..တောမထွက်ပါနဲ့ ။ ...လို့ တားပါတယ်။

ဘုရားဖြစ်ခါ နီးတော့ လဲူနှောက်ယှက်တာပါပဲ။
အဲဒီ.ညနေစောင်း မာရ်နတ်နဲ့ တိုက်ပွဲကတော့ တော်တော်ကို ပြင်းထန်တယ်ပြောကြတာပဲ ။ဘုရားလောင်းရဲ. အနားမှာ ဘုရားဖြစ်တာနဲ့ ခရူသင်းမှုတ်မယ်ဆိုပြီး ခရူသင်းကြီးကိုင်ပြီးစောင့်နေတဲ့ သက္ကမင်း (သိကြားမင်း) နဲ့ ဗြဟ္မာတွေ၊နတ်တွေလဲ တိုက်ပွဲစတာနဲ့ အကုန်ပြေးကြတာပဲတဲ့။ မပြေးခံနိုင်ရိုးလား ။ သူသုံးတာတွေက မုန်တိုင်းလက်နက် ၊ မိုးလက်နက် ၊ ကျောက်ခဲလက်နက် ၊ ဓားလှံမိုးလက်နက် ၊ မီးကျီမိုး လက်နက် ၊ ပြာပူမိုးလက်နက် ၊ သဲပူမိုးလက်နက် ၊ ညွန်ပူမိုး လက်နက် ၊ အမှောင်တိုက် လက်နက် စတဲ့ လက်နက်(၉)ပါး ၊ စစ်သည်အင်အား များစွာ တို့နဲ့ ပြင်းပြင်းထန်ထန်ကို အကြမ်းဖက် တိုက်ခိုက်ပါတယ် ။

ဘုရားရှင်က မဟာပထ၀ီ မြေကြီးကို တိုင်တည်တော့ မာရ်နတ်ကြီးလည်း ဂိရီမေခလာဆင်တော်ပေါ်က ပြုတ်ကျပြီး ထွက်ပြေးရပါတယ်။

အဲဒီမှာ မာရ်နတ်ကြီးကိုင်လာတဲ့ ရွှေဆောင်းတော်ကြီးဟာ ဗောဓိပင်နားမှာ ကျန်ခဲ့တယ်…တဲ့။ အဲဒီဆောင်းကို သိကြားမင်းကကောက်ပြီး ပဉ္စသင်္ခနတ်သားကို ပေးထားတာလို့ ပြောပါတယ်။ အခု ပဉ္စသင်္ခနတ်သားကိုင်ထားတာ မာရ်နတ်ကြီးရဲ့ဆောင်းပါ။ ကျွန်တော်ပြောတာ မဟုတ်ဘူးနော် (ဆရာတော် အသျှင်ဥာဏိသာရ ဟောတာ )….တော်ကြာနတ်ကိုင်တာ ခံနေရမှာ စိုးလို့။
ဘုရားရှင် ဒီတိုက်ပွဲကို မေတ္တာပါရမီ ၊ အဓိဌာန် ပါရမီ တန်ခိုးတွေနဲ့ နိုင်ခဲ့ပါတယ် ။

ဘုရားဖြစ်တော့လဲ ကြံဖန်ပြီးတားတာပဲ ။
အရှင်ဘုရား ၊ ဘုရားဖြစ်ချင်လို့ ပါရမီတွေ ဖြည့်ခဲ့ရတာ ၊ ကြိုးစားခဲ့ရတာ …..အခု ဘုရားဖြစ်ပြီလေ ။ သိစရာအားလုံးလဲ သိနေပြီ ။ တော်ပြီပေါ့ ။ ဘာလို့ လှည့်လည်ပြီး တရားဟောဦးမှာလဲ ။ ကိုယ် ဖြစချင်တာလဲ ဖြစ်ပြီးပြီ ဆိုတော့ ပရိနိဗ္ဗာန် ပြုပါတော့ .……….တဲ့ ။

ဒါ့ အပြင် ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် တစ်စူံတစ်ယောက် သံသရာ ပြတ်ကြောင်း ကျင့်ကြံနေပြီဆိုရင် သူက ကာမဂုဏ်မျိုးစုံနဲ့ နှောက်ယှက်တတ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် သူ့ကို မာရ်နတ် = သတ်ဖြတ်သူ ၊ ညှုဉ်းပန်းနှိပ်စက်သူ လို့ ခေါ်နိုင်ပါတယ်။

ဘုရားရှင်တွေကတော့ သူ့ကို မေတ္တာနဲ့ ပဲ အနိုင်ယူပါတယ်။ ကလေးဆိုးကြီးလို ခွင့်လွတ်ကြတယ် ။ သူ့ကို ခွေးသေကောင် ပုပ်ကြီး လည်ပင်းမှာ ဆွဲပေးပြီး ဒဏ်ပေးတာတော့ ပိဋကတ်တော်မှာ ရဟန္တာ တစ်ပါးရှိပါတယ် …. ( ရှင် ဥပဂုတ္တ မဟုတ်ဘူး..နော် … ရှင် ဥပဂုတ္တဆိုတာပိဋကတ်တော်မှာ မပါဘူး) အဲဒီ ရဟန္တာ ကတော့ သဋိမတ္တိယ လို့ ဘွဲ့တော် ခေါ်ပါတယ်။ ( ဓမ္မစေတီ ဦးကောသလ္လ ဟောတဲ့ ….. မာရ်နတ်ရဲ့ လည်ပင်း ခွေးသေကောင် ပုပ် ဘယ်သူဆွဲလဲ တရားမှာ နာကြည့်ပါ ။ )

သူရှိနေတဲ့ နတ်ပြည်ရဲ့ သက်တမ်း ( ၁၆ ၀၀၀ ) …လူနှစ်နဲ့ ဆို ( ၉၂၁၆ ၀၀၀ ၀၀၀ ) နှစ် ကြာမှ စုတေပြီးရင် ကမ္ဘာတစ်သိန်းအကြာမှာ အာထိတ်သရ အမည်နဲ့ ပစ္စေကဗုဒ္ဓ ဖြစ်မယ်လို့ ဗျာဒိတ် ရထားသူပါ။ ခုတော့ လိမ္မာနေပြီ ထင်တာပဲ ။ ဘာသံမှ မကြားဘူး ။ နောက်ဘုရားပွင့်မှ ဘာလုပ်ဦးမလဲတော့ မသိဘူး။

—————————————-

( ဆက်ရန် )

(၂) ကိလေသမာရ် ။ ။ ကိလေသာ ဆိုတာကတော့ ရယူလက်ခံထားသူရဲ့ စိတ်နှလုံးကို ပူလောင်ဆင်းရဲအောင် နှိပ်စက်တတ်တဲ့ တရားတွေပဲ ဖြစ်ပါတယ်။ ဒီ ကိလေသာရှိနေသမျှ သံသရာက မလွတ်ဘဲ တ၀ဲလည်လည် ကျင်လည် ပြီး သေပြီးရင်း သေ နေရဦးမှာ မို့လို့ ကိလေသ ကိုလည်း သတ်တတ်တဲ့ မာရ် လို့ခေါ်ပါတယ်။ ကိလေသ အကျဉ်း(၁၀)ပါးရှိပါတယ်။
၁- လောဘ = လိုချင်တပ်မက်ခြင်း

၂- ဒေါသ = အမျက်ထွက်ခြင်း ။
( စိတ်ထဲမှာ တနှံ့နှံ့နဲ့ အသားထဲဆူးဝင်သလို မျက် နေတာ ၊ စိတ်ထဲမှာပဲ တင်းပြီး မပေါက်ကွဲသေးတဲ့ အဆင့် ၊ physically ဘာမှ မလုပ်သေးတာကို ကောဓ (အမျက်) လို့ ခေါ်ပါမယ် ။အဲဒီ ကောဓ အပြင်ထွက်ပေါက်ကွဲရင် ဒေါသ ဖြစ်ပါတယ်။ ဒါကြောင့် ကဏ္ဍဇာတ်တော်မှာ ကဏ္ဍရသေ့ကြီးက ကောဓမဖြစ်ရပါလို၏ ၊ ဒေါသမဖြစ်ရပါလို၏ လို့ ခွဲပြီး ဆုတောင်းအဓိဌာန်ပြုပါတယ်။)

၃- မောဟ = တွေဝေမိုက်မဲခြင်း ။
( မောဟ ရဲ. သဘောကို ဗုဒ္ဓဘာသာလူငယ်တွေ ရောထွေးနေတတ်ပါတယ်။ အ၀ိဇ္ဇာ နဲ့ မောဟ ဘာကွာလဲ ဆိုတာမျိုး မေးရင် မသိတာ ဆိုတာ ပဲ ပြောနိုင်ကြတယ်။ ဆရာတော်ဘုရားများ ဟောတဲ့ အရှင်းဆုံးကတော့ သစ္စာ(၄)ပါး ကို မသိခြင်းဟာ အ၀ိဇ္ဇာ ပါပဲ ။ ဒိဌိနဲ့ နွယ်ပါတယ် ။ ကိုယ်လုပ်နေတာကို သတိမကပ်ဘဲ တွေတွေဝေေ၀ ငေးငေးငိုင်ငိုင်နဲ့ လုပ်နေတာ ၊ ကိုယ်လုပ်နေတာကုသိုလ်လား ၊ အကုသိုလ်လား မသိတာ …မောဟ ပါပဲ ။ သစ္စာမသိခြင်းလောက်လဲ အဆင့်မမြင့်ပါဘူး။သစ္စာမသိရင်သံသရာလည်မယ်၊ မောဟများရင် အပယ်လားမယ်။

အလှူ လှူတယ် ဘယ်လိုလှူသင့်လဲ မသိ ၊ ဒီအလှူကဘာကုသိုလ်ရမယ်မှန်းမသိ ၊လှူတော့လှူနေတာပဲ ။ ဒါမောဟဖုံးလွှမ်းတာလို့ ဆိုပါတယ်။ မောဟရဲ့ တွေဝေမှုမှာ Action ကရှိနေပါဦးမယ်။ ဘာလို လှူရင်ကုသိုလ်ရမှန်းသိတယ်။ ကုသိုလ်ရအောင်လှူတယ်။ ပြီးမှ ဒီကောင်းမှုကြောင့် နတ်ဖြစ်ရပါလို၏ ဆိုတာမျိုးဆုတောင်းလိုက်ရင်တော့ အ၀ိဇ္ဇာပါ သွားပါပြီ။ ဒုက္ခသစ္စာကို မသိလို့ နောက်သမုဒယသစ္စာကို လိုချင်တာ ပါပဲ။

နောက်ဥပမာတစ်ခု- လူတစ်ယောက် အတိတ်ကိုတွေးရင် ဒေါသဖြစ်မယ်။ ဒီတော့ ဘာမှ လုပ်လို့ မရတော့တဲ့ အတိတ်ကို မတွေးပါနဲ့ ။ အနာဂတ်ကိုတွေးရင် လောဘ ဖြစ်မယ်။ အနာဂတ်ကမရောက်သေးလို့ ဖြစ်၊ပျက်သံသရာမှာ ကြိုတင်ပြီး လောဘစိတ်မထားနဲ့ ။ ပစ္စုပ္ပန်မှာ တော့ မောဟ နဲ့ မနေနဲ့ လို့ ဆရာတော်များဆုံးမလေ့ရှိပါတယ်။ သတိနဲ့ ကုသိုလ်၊အကုသိုလ်ခွဲခြားနိုင်တဲ့ ပညာ ရှိနေခြင်းဟာ မောဟကင်းခြင်းပါပဲ ။ ပညာကမြင့်လာ လို့ သစ္စာတရားတွေကို မြင်လာရင်တော့ အ၀ိဇ္ဇာပါ ကင်းပါလိမ့်မယ်။ မောဟရဲ့ တွေဝေမှုမှာ Action ကရှိနေပါဦးမယ်။ ထိနမိဒ္ဓ လို ငိုက်နေတာ တော့ မဟုတ်သေးပါဘူး။

၎- မာန = ထောင်လွှားခြင်း ။
(မာန ဆိုတာ မာန် ပါပဲ ။ မာန်တက်နေတယ် ။ မာနကြီးနေတယ် …ပြောကြပါတယ်။
မာန်(မာန) (၃) မျိုး ရှိပါတယ် ။
1 - သေဌမာန် = ငါသာမြတ်တယ် လို့ မာန်တက်ခြင်း
2 - သဒိသမာန် = ငါနှင့် တန်းတူတွေပါပဲ လို့ မာန်တက်ခြင်း
3- ဟိနမာန် = ငါကား နိမ့်တယ် ၊ဒါပေမဲ့ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး လို့ မာန်တက်ခြင်း တို့ဖြစ်ပါတယ်။

မာန်တက်ရန် (၃) ချက် ။
1 - ဇာတိမာန် = ဇာတ်ကို စွဲ၍ မာန်တက်ခြင်း
2 - ဣဿရိယ မာန် = အစိုးရခြင်း ကို စွဲ၍ မာန်တက်ခြင်း
3 - ဂေါတ္တမာန် = အမျိုးအနွယ်ကို စွဲ၍ မာန်တက်ခြင်း တို့ဖြစ်ပါတယ်။

၅ - ဒိဌိ ( မိစ္ဆာ ဒိဌိ ) = အယူမှားခြင်း ။
( အားလုံး ၆၂-ပါး ။ ဒါပေမယ့် ၃ ပါး ၊ နိယတ (၄) ပါး။ (၁၀)ပါး ၊ (၁၁)ပါး စသဖြင့် ဆရာတော်များ သင့်သလိုဟောပြော ကြပါတယ် ။ မိစ္ဆာ ဒိဌိ လုံးလဲ မရှင်းတော့ဘဲ သမ္မာဒိဌိ (၅) ပါးကို ဟောပြောသည်လည်းရှိပါတယ် ။)
ဒိဌိ ဟာ ရှစ်ပါးသော တရားတွေပေါ်မှာ အမှီပြုပြီး ဖြစ်တတ်ပါတယ်။
ခန္ဓာ အ၀ိဇ္ဇာ ဖေဿာစ ၊ သညာတက္ကော အယောနိသော ဒုမ္ပိတ္တော၊ ပရသော ဃောသော ဒိဌိဌာနာနိ အဌဓာ …လို့ မှတ်ထားဖူးပါတယ် ။
(က) ခန္ဓာ ကိုယ်နဲ့ ပတ်သက်၍ ၄င်း ၊
(ခ) သစ္စာ (၄) ပါး နဲ့ ပတ်သက်၍ ၄င်း ၊
(ဂ) အတွေ့အထိနဲ့ ပတ်သက်၍ ၄င်း ၊
(ဃ) မှတ်သားမှု နဲ့ ပတ်သက်၍ ၄င်း ၊
(င) အကြံအစည် နဲ့ ပတ်သက်၍ ၄င်း ၊
(စ) နှလုံးသွင်းမှု နဲ့ ပတ်သက်၍ ၄င်း ၊
(ဆ) မိုက်မဲသူများနှင့် ပေါင်းသင်းမိ၍၄င်း ၊
(ဇ) သူတပါး၏တရားစကား နဲ့ ပတ်သက်၍ ၄င်း ဒိဌိ ဖြစ်လာပါတယ်။

၆- ၀ိစိကိစ္ဆာ =တွေးတော ယုံမှားခြင်းသဘော ( သို့လော သို့လော စိတ်နှခွဖြစ်ခြင်းသဘော )
( ၀ိစိကိစ္ဆာ ဟာလဲ ရှစ်ပါးသော တရားတွေပေါ်မှာ အမှီပြုပြီး ဖြစ်တတ်ပါတယ်။
(က) ဘုရားရှင်၏ ၃၂-ပါးသော လက္ခဏာတော်များ ၊ ဥာဏ်တော်များ နဲ့ ပတ်သက်၍ ၄င်း ၊
(ခ) သစ္စာ (၄) ပါး ၊ မဂ် ၊ဖိုလ် ၊နိဗ္ဗာန် သည် သံသရာမှ တကယ် လွတ်/မလွတ် နဲ့ ပတ်သက်၍ ၄င်း ၊
(ဂ) အရိယာပုဂ္ဂိလ် နဲ့ ပတ်သက်၍ ၄င်း ၊
(ဃ) သီလ ၊ သမာဓိ ၊ပညာ ဟူသော သိက္ခာ (၃) ပါးနဲ့ ပတ်သက်၍ ၄င်း ၊
(င) အတိတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၄င်း ၊
(စ) အနာဂတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၄င်း ၊
(ဆ) သံသရာ တလျှောက်လုံး ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နှင့် ပေါင်းသင်းမိ၍၄င်း ၊
(ဇ) ပဋိစ္စသမုပ္ပါဒ် တရားတော် နဲ့ ပတ်သက်၍ ၄င်း ၀ိစိကိစ္ဆာ ဖြစ်လာပါတယ်။
ဒိဌိ နဲ့ ၀ိစိကိစ္ဆာ ကို ပယ်သတ်နိုင်သူဟာ သောတာပန် ပုဂ္ဂိလ်ဖြစ်ပါပြီ ။

(၇) ထိနမိဒ္ဓ = ထိုင်းမှိုင်းခြင်း ၊ ငိုက်မျဉ်းခြင်း ။
( မြွေ ဘ၀ကနေ ဖြစ်လာတဲ့ လူတွေ ထိနမိဒ္ဓ များတယ်လို့ ဘုရားရှင်က ပုဏ္ဏား(၄)ယောက်ကို ဥပမာပြပြီးဟောခဲ့တယ်။)

(၈) ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်ခြင်း ။

(၉) အဟိရိက = မကောင်းမှုလုပ်ရမှာ မရှက်ခြင်း ။

(၁၀ ) အနောတ္တပ္ပ = မကောင်းမှုလုပ်ရမှာ မကြောက်ခြင်း

ဒါတွေဟာ ကိလေသ ( ၁၀ ) ပါး (အပြား ၁၅၀၀ )ဖြစ်ပါတယ်။
ကိလေသာကို အမျိုးအစားအားဖြင်.လည်း ခွဲလို့ရပါသေးတယ်။
ကိလေသာ (၃)မျိုး
(၁) ၀ိတိက္ကမ ကိလေသာ - အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ ၍ ကာယကံ ၊ ၀စီကံ ၊ မနောကံ တို့ဖြင့် လောဘ ၊ ဒေါသ အလျောက် ဖောက်ပြန်ကျူးလွန်စေတတ်မှု ။ ( သီလ စောင့်ထိန်းခြင်းဖြင့် တားဆီရန် )
(၂) ပရိယုဌာန ကိလေသာ - မနော ဒွာရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာ ။ ( သမထ ဘာဝနာကျင့်ကြံ ခြင်းဖြင့် တားဆီးရန် )
(၃) အနုသယ ကိလေသာ - သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့် သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျုးလွန်တတ်သော ကိလေသာ ။ ( ၀ိပဿနာ ဘာဝနာအားထုတ် ခြင်းဖြင့် အမြစ်ဖြုတ် ပယ်သတ်ရန် )

ဘုရားရှင်တို့ အောင်မြင်သော မာရ် (၅)ပါးမှာ ကိလေသမာရ် ဟာ အဓိက ရန်သူကြီးဖြစ်ပါတယ်။ အရဟတ္တမဂ်၏ တန်ခိုးဖြင့်သာ အမြစ်ပျက် အောင် နိုင် ပါမယ်။
*************
(၃) အဘိသင်္ခါရ မာရ် ။ ။
ပြုလုပ်ကျင့်ကြံ အားထုတ်ထားသော ကုသိုလ်ကံ ၊ အ ကုသိုလ်ကံ တွေကို ဆိုလိုတာပါပဲ ။ ကုသိုလ်ကံ ကြောင့် ကောင်းရာ သုဂတိ ရောက်မယ် ။ အ ကုသိုလ်ကံကြောင့် မကောင်းရာ ဒုဂ္ဂတိဘ၀ရောက်မယ်။ ဘယ်ဘ၀ပဲ ရောက်ရောက် သေရ ဦးမယ်။ ဒါကြောင့် ကုသိုလ်ကံ ၊ အကုသိုလ်ကံ တွေဟာလည်း တဖန်သေမယ့် ဘ၀ရအောင် ပြုလုပ်ရာ ရောက်နေလို့ သတ်တတ်သော ၊ သေစေတတ်သော မာရ် ပဲ ဖြစ်ပါတယ် ။

သင်္ခါရ တရားကို (၃) မျိုး ခွဲလို့ရပါတယ်။

(၁) ပုညာဘိ သင်္ခါရ = မဟာကုသိုလ် ၊ ရူပကုသိုလ် စေတနာစု ၊ လူ့ဘုံ ၊ နတ်ဘုံ ၊ ရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။

(၂) အ ပုညာဘိ သင်္ခါရ = အ ကုသိုလ်စိတ် (၁၂)ခု နှင့်ယှဉ်သော စေတနာစု ၊ အပါယ် (၄)ဘုံ အတွက် ပြုပြင်သော သင်္ခါရ။

(၃) အာနဉ္ဇာဘိ သင်္ခါရ = အရူပ ကုသိုလ် (၄)ခု နှင့် ယှဉ်သော စေတနာစု၊ အရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။

ကုသိုလ်ကံ ၊ အ ကုသိုလ်ကံ ဆိုတာကတော. လူသား (၀ါ) သတ္တ၀ါရဲ. ကာယ၊၀ါစာ ၊ ဥာဏ လုပ်အား ပါပဲ ။ အဘိဓမ္မာအရလဲ ကံသည်စေတနာ ပဲဖြစ်ပါတယ် ။

မြတ်ဗုဒ္ဓ က -
စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ ။ ” စေတနာ ကို ကံဟု ငါဘုရားဆို၏ ။ ” လို. ဟောခဲ.တယ်။

ပဋ္ဌာန်းမှာ ကမ္မပစ္စယော တိ - ကုသလာ ၊ကုသလံ - ကုသိုလ်အကုသိုလ်ဖြစ်သော ၊ ကမ္မံ - ကံသည် ၊၀ိပါကာနံ - အကျိုးဖြစ်ကုန်သော ၊ ခန္ဓာစ - နာမ်ခန္ဓာ တို.အား၎င်း ၊ ကဋတ္ထာစ ရူပါနံ - ကမ္မဇ ရုပ်တို.အား၎င်း ၊ ကမ္မပစ္စယေန- ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင်. ၊ ပစ္စယော -ကျေးဇူးပြုသည်၊ ဟောတိ - ဖြစ်၏ ။ …..

စေတနာ - စေတနာသည် ၊ သမ္ပယုတ္တကာနံ - ယှဉ်ဖက်ဖြစ်ကုန်သော ၊ ဓမ္မာနံစ - တရားတို.အား၎င်း ၊ တံသမုဋ္ဌာနာနံ - ထိုစေတနာကြောင်.ဖြစ်ကုန်သော ရူပါနံစ - စိတ္တဇရုပ်တို.အား၎င်း ကမ္မပစ္စယေန- ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင်. ၊ ပစ္စယော -ကျေးဇူးပြုသည်၊ ဟောတိ - ဖြစ်၏ ……လို.ပါနေတယ်။

ဒီတော. ကောင်းတာလုပ် ကောင်းတာဖြစ် ၊ မကောင်းတာလုပ် မကောင်းတာဖြစ် ၊ ကောင်းတာလုပ် ပြီး ကောင်းတာမဖြစ် ၊ မကောင်းတာလုပ် ကောင်းတာဖြစ် နေတဲ. အခြေအနေတွေ ရှိပါမယ်။

အောက်ပါ ကံ ( ၄ ) ချက် ပေါ်မူတည်ပါတယ်။

ကံ ၊ ကံ ၏အကျိုး ဖြစ်ထွန်းမှု ကို အတိုချုပ်ရရင်-

၁- ချက်ချင်းလက်ငင်း အကျိုး ပေးသော ( ဒိဌဓမ္မ ဝေဒနိယ ကံ )

၂- နောင်ဘ၀မှ အကျိုး ပေးသော ( ဥပ ပဇ္ဇဝေဒနိယ ကံ )

၃- ချက်ချင်းလက်ငင်း ယခုဘ၀ရော ၊ နောင်ဘ၀မှာပါ အကျိုးမ ပေးသေးဘဲ ၊ တတိယ ဘ၀မှသည် ကံပိုင်ရှင် ထိုလူသား နိဗ်ဗာန် မရသေးမီ ကြားကာလ တချိန်ချိန် တွင် အကျိုး ပေးမည်. ( အပရာပရိယ ဝေဒနိယ ကံ )

၎- ချက်ချင်းလက်ငင်း လည်း အကျိုးပေးခွင်.မရ ဘဲ ကြာလာရာမှ အခြားအင်အားကြီး ကံ တခုခုရဲ. ဖျက်ဆီးခြင်း ခံလိုက်ရသော ( အဟောသိကံ ) …..… တို.ဖြစ်သည်။

အဘိဓမ္မာနည်းအရ ၀ီထိ တစ်ခုတွင် ပါဝင်သောဇော (၇) ကြိမ် အနက် ပထမဇောစိတ်နဲ. ယှဉ်သော စေတနာကံ သည် ဒိဌဓမ္မအကျိုး ပေးမည်။ သတ္တမ (၇) ဇောစိတ်နဲ. ယှဉ်သော စေတနာကံ သည် ဥပ ပဇ္ဇ ဝေဒနိယ (ဒုတိယဘ၀) အကျိုး ပေးမည်။ အလယ်ဇော (၅) ခုသည် အပရာပရိယ ဝေဒနိယအကျိုး ပေးမည် ။ ထိုကံတို. မရင်.ကျက်နိုင်လျှင် အဟောသိကံ ဖြစ်သွားမည်။

(က)မကောင်းသောကံ တွေ ရှိပေမယ်. ကောင်းသောကံ အားကြီးအောင် ကိုယ် က လုပ်နိုင်တာလဲ ရှိတယ်။( ဥပမာ အရှင် အင်္ဂုလိမာလ …. လူသတ်မှု အကုသိုလ်ကံတွေ ရဟန္တာဘ၀ ကို အကျိုးပေးခွင်.မရ ဘဲ အဟောသိကံ ဖြစ်သွားကြရတယ်။ )

(ခ) ကောင်းသောကံ တွေ ရှိပေမယ်. မကောင်းသောကံ အားကြီးလွန်းလို.အကျိုးပေးခွင်.မရ အောင် တားလို. မရတော.တာလဲ ရှိတယ်။ ( ဥပမာ - ပထမသံဃာယနာ ရဲ့ ဒါယိကာ ဘုရင် အဇာတသတ်….. အဖကို သတ်တဲ့အကုသိုလ် ကြောင့် ဘုရားကို ကြည်ညိုတဲ့ ပုထုဇဉ်တွေထဲမှာ အသာဆုံးဖြစ်သော်လည်း လောကကုမ္ဘီ ငရဲမှာ လူနှစ် ( ၆၀၀၀၀ ) ခံရရှာဦးမယ်။ဒါပေမဲ့ အဲဒီ ငရဲကလွတ်ရင်တော့ ၀ိစီတာဝီ မည်သော ပစ္စေကဗုဒ္ဓ ဖြစ်ပါမယ် )

အရေးကြီးတဲ. သင်ခန်းစာ ကတော. အကုသိုလ် လုပ်မိရင် မတိုးပွားအောင် တိုတိုဖြတ် ၊ ဒါမှ အကျိုးပေးခွင်.မရ ဘဲ အဟောသိကံ ဖြစ်သွားကြမယ်။ ကုသိုလ် လုပ်ရင် တိုးပွားအောင် အားဆင့်ပေး ၊ ဒါမှ ကောင်းကျိုးပေးခွင်.ရမယ်။

ဒါပေမယ့် ပြုလုပ်တဲ့ ဒါန ၊သီလ ၊ ကံတွေ အပေါ်မှာ ဘာဖြစ်ချင်တယ် ၊ ညာ ဖြစ်ချင်တယ်ဆိုတဲ့ တဏှာ မကပ်ငြိရဘူး။(မိုးကုတ်ဆရာတော် ဘုရားကြီး အကြိမ်ကြိမ်ဟောပါတယ်။ နတ်သမီး ၅၀၀ နဲ့ သုဗြဟ နတ်သားဇာတ် တို့ ၊ ဘယ်ဘ၀ရောက်ရောက် သေရဦးမယ် ဆိုတာ ထင်ရှားတဲ့ ဇာတ်တော်တွေ နာယူကြည့်ပါ)

နောက် ဒါန ၊သီလ ၊ဘာဝနာ ပြုနေချိန်မှာ ဘယ်လို စိတ်ထားရမယ်ဆိုတာ ဓမမစေတီ ဦးကောသလ ရဲ့ ဒသနသမ္ဗဒါ နည်း နဲ့ ရှင်းတဲ့ ဒါန ၊ အ မြတ်ဆုံးဒါန ၊ သဒ္ဒါမှသည် နိဗာန်ဆီသို့ စတဲ့တရားတွေမှာ မှတ်သားကြပါ ။

ဒါမှ အဘိသင်္ခါရ မာရ် ကို အသိနဲ့ တားရာရောက်မယ်။ အရဟတ္တမဂ်၏ တန်ခိုးဖြင့်သာ အဘိသင်္ခါရ မာရ် ကို အမြစ်ပျက် အောင် နိုင် ပါမယ်။

(၅) မစ္စုမာန် ။ ။ ဒါကတော့ သေခြင်းပါပဲ ။ သေခြင်းအတွက် Reason မျိုးစုံ ရှိပါတယ်။ အခြားသော ဘာသာဝင် တွေကလည်း ဘာလို့သေရတယ်ဆိုတာကို အမျိုးမျိုး အကြောင်းပြကြပါတယ်။ အခြားသော ဘာသာတွေရဲ့ သေခြင်းအပေါ် သုံးသပ်ချက်တွေကို မတင်ပြလိုပါ ။ ဘုရားသခင် စိတ်ကောက်သွားလို့ သေရတာပဲ ဖြစ်ဖြစ်၊ အပြစ်ပေးတာပဲ ဖြစ်ဖြစ် အရေးမကြီးပါ။ ဗုဒ္ဓဘာသာအလိုအရတော့ မွေးလို့ သေရပါတယ်။ မသေချင်ရင် နောက်တစ်ခါ မွေးဖွားခြင်းမခံရအောင် ဒီဘ၀ဟာ နောက်ဆုံး မွေးဖွားခံရခြင်း ဖြစ်အောင် ကြိုးစားကြရပါမယ်။

မွေးလာပြီးရင် အကြောင်း (၄) ချက်နဲ့ ပြန်သေကြရပါတယ်။ ဒါတွေကတော့ -
(၁) အာယုက္ခယ = အသက်တမ်းကုန်၍ သေခြင်း ။ (ဖယောင်းတိုင် ဖယောင်းသားကုန်၍ မီးငြိမ်းရခြင်း )

(၂) ကမ္မက္ခယ = ကံကုန်၍သေခြင်း ၊( ဖယောင်းတိုင် မီးစာကြိုးကုန်၍ မီးငြိမ်းရခြင်း )

(၃) ဥဘယက္ခယ = အသက်တမ်းနဲ့ ကံကုန်၍သေခြင်း ၊( ဖယောင်းတိုင် မီးစာကြိုးရော ၊ ဖယောင်းသားပါကုန်၍ မီးငြိမ်းရခြင်း )

(၄)ဥပစ္ဆေဒက = အသက်တမ်းနဲ့ ကံရှိသေးသော်လည်း အခြား ဥပစ္ဆေဒက ကံ က ဖြတ်သတ်၍သေခြင်း ( လေပြင်းတိုက်သောကြောင့် မီးငြိမ်းရခြင်း ) ….. တို့ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် သေရမှာကို သတ္တ၀ါတွေ ကြောက်ကြပါတယ်။ကြောက် ရခြင်း မှာလည်း သေခြင်း၏ နှိပ်စက်တတ်သော အချက် (၄)ချက် ကြောင့် ဖြစ်ပါမယ်။

(၁) မိမိ၏ချစ်သူ၊ ခင်သူ မိသားစု များနဲ့ အပြီးတိုင်ခွဲခွာရမည်ကို ကြောက်ခြင်း ၊ တဖန် ကိုယ်တိုင်က သေမှာကို မကြောက်သလိုဖြစ်နေသော်လည်း မိမိနဲ့ ခွဲခွာရမည်ကို ပူဆွေးငိုကြွေးနေကြသော မိသားစုဝင်များကို ကြည့်ပြီး သနားကာ မိမိသေမှာကို ကြောက်လာခြင်း ။

(၂) မိမိ၏ အမြတ်တနိုး သုံးစွဲခဲ့သောသိမ်းစည်းစုဆောင်းခဲ့ရသော ဥစ္စာ ပစ္စည်းများကို ခင်တွယ်၍ အပြီးတိုင်စွန့်လွတ်ရမည်ကို တွေးပြီး ကြောက်ခြင်း ၊

(၃) သေခါနီးဖြစ်ပေါ်တတ်သော ဝေဒနုာများကို တွေး၍ကြောက်ခြင်း၊

(၄) သေပြီးလျှင် လားရာဂတိ မသေချာသောကြောင့် ပူပန်ကြောက်ရွံ့ခြင်း …. တို့ဖြစ်ပါတယ်။

သေခါနီးသတ္တ၀ါတွင် ဆိုးဝါးလွန်းသော ဝေဒနာများ ခံစားရလေ့ရှိသည် ဆို၏။
လူတစ်ယောက်၏ နောက်ဆုံးအချိန်တွင် သေဆုံးသွားအောင် နှိပ်စက်သော ဝေဒနာ တို့သည် လေ (၃) မျိုး ကြောင့် ဖြစ်လာရသည်ဆို၏။ ( မှတ်ချက် ။ ။ ပုံမှန် အချိန်တွင် လေ (၆) မျိုးရှိသည်။ အကျယ် အားဖြင့် လေမျိုး (၈၀)ဆိုတာလည်းရှိသေးတယ်)
ထို သေစေသော လေ (၃) မျိုး မှာ-
(၁) သတ္ထက ၀ါဓ - ဓားငယ် နှင့်တူသောလေ ( ကိုယ်တွင်း၌ ဓားငယ်ဖြင့် မွှန်းနေသကဲ့သို့ နာကျင်စေသော လေ )
(၂)ခုက္တက ၀ါဓ - သင်တုန်းဓားနှင့် တူသောလေ ( အူ ၊အသဲများကို ပိုင်းဖြတ်နေ သကဲ့သို့ နာကျင်စေသော လေ )
(၃) ဥပလ္လက ၀ါဓ - နှလုံးသားကို ပင် အပြင်ထုတ်ပစ်နိုင်လောက်အောင် ပြင်းထန်စွာတွန်းကန်သော လေ ( ၀မ်းတွင်းမှ အူကလီစာများ ၊ ငယ်ချီးများပါ အပြင် ထွက်ကျလာအောင် နာကျင်စေသော လေ )
ဤလေများကို ကြံ့ကြံ့ခံနိုင်ရန် ဝေဒနာနုပဿနာ ကို လေ့ကျင်ကြရသည်။

သေခြင်းနှင့် ပတ်သက်ပြီးရေးရင် အများကြီး ဖြစ်နေပါမယ်။သေချိန်မှာ ဘယ်လိုကံတွေ ၊ဇောစိတ်တွေ ဖြစ်တယ်ဆိုတာလည်း ၀ိပဿနာ ဆိုင်ရာ ခေါင်းစဉ်တွေမှာ အများကြီး ရေးပြီးကြပါပြီ ။ ဒီနေရာမှာ ဆိုလိုရင်းက သေခြင်းမာရ်ကိုအောင်နိုင် ခြင်း ဖြစ်တော့ ဘယ်လို အောင်နိုင်တယ် ဆိုတာကိုပဲ အလေးထားဖေါ်ပြပါမယ် ။ တခြားဘာသာဝင်တွေကတော့ သေခြင်းကို အောင်နိုင်ဖို့ သေကြည့်ရမယ် …ပြီးလို့ ပြန်ရှင်လာမယ် ဆိုရင် သေခြင်းကိုအောင်နိုင် ပြီ လို့ ဆိုကြပါတယ် ။
ဗုဒ္ဓဘာသာ အလိုအရကတော့ ရုပ်နာမ်တို့၏ ချုပ်ငြိမ်းရာ ၊ နိရောဓဖြစ်နေတဲ့ အသစ်တဖန် မွေးဖွားခြင်း၊သေဆုံးခြင်း ကင်းရာ နိဗ္ဗာန် ကို အရဟတ္တဖိုလ် ဖြင့် ဆိုက်ရောက်ရခြင်းဟာ သေခြင်းမာရ်ကိုအောင်နိုင် ခြင်း ဖြစ်ပါတယ် ။

နိဗ္ဗာန် ။

နိဗ္ဗာန် ဆိုတာနဲ့ ဗုဒ္ဓဘာသာဝင်တွေ က သိသလိုလို ဖြစ်နေတာပါပဲ ။ ဘာသာခြားတွေ မေးလာရင်လည်း လွယ်လွယ်ကူကူ ပဲ ဘာမှ မရှိတာ နိဗ္ဗာန်ပဲံ(ဥစ္ဆေဒ/ နတ္တိက ဒိဋ္ဌိ ဖြစ်နေတယ်) ၊ ငြိမ်းအေးနေတာ နိဗ္ဗာန်ပဲ ၊ အားလုံးချုပ်ပျောက်သွားတာ နိဗ္ဗာန်ပဲ စသဖြင့် ကိုယ်သဘောကျ လက်ခံထားသလို ဖြေတတ်ကြပါတယ်။ဘာသာခြားတွေလည်း နားထဲသိပ်ရှင်းသွားတယ်လို့ မရှိလှပါဘူး။ အကန်းက အကန်းကိုရှင်းပြသလို မြင်သာတဲ့နှိုင်းပြစရာလည်း မရှိ ဖြစ်နေလို့ ထင်ပါတယ်။ ကျွန်တော်တို့ကလည်း စာဖတ်ပြီးရှင်းပြကြရတာကိုး ။

အခုလည်း သေခြင်းမာရ်ကိုအောင်နိုင် ခြင်း အတွက် အရေးပါလှသော နိဗ္ဗာန် နဲ့ ပတ်သက်သည်များကို ကျွန်တော် တတ်နိုင်သမျှ အတိုချုပ်ပြီး တင်ပြပါရစေ။ အချက်အလက်များကို လယ်တီ ဆရာတော် ဘုရား ၊ အုတ်ဖိုဆရာတော် ဘုရား ၊ မိုးကုတ်ဆရာတော် ဘုရား ၊ ပထမရွှေကျင်ဆရာတော် ဘုရား ၊ ဓမ္မစေတီ ဦးကောသလ္လ ၊ အရှင် ဇ၀န ၊ ဦး ဓမ္မ ပိယစသဖြင့် ဆရာတော်များ၏ တရားခွေများ ၊ စာအုပ်များ၊ စာတမ်းများမှ သင့်တော်သလို ထုတ်နှုတ်ပြီး တင်ပြလိုက်ပါတယ်။

နိဗ္ဗာန် သည် အဘိဓမ္မာ တွင် အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ပါတယ်။ ယင်းအစစ်အမှန်တရားကို အမျိုးမျိုးသော အဓိပ္ပါယ် ဖွင့်ဆိုမှုများကြောင့် လည်း နိဗ္ဗာန် အယူအဆသည် ဗုဒ္ဓဘာသာလောကတွင် သာမက အခြား အတွေးအခေါ်ပညာရှင်များ ၊ ဘာသာဝင်များကြားတွင်ပါ စိတ်ဝင်စားစရာ ထင်ရှားလာရပါတယ်။ သို့သော် ရှိသမျှသော သမိုင်းတလျှောက် အဓိပ္ပါယ် ဖွင့်ဆိုမှုများသည် နိဗ္ဗာန် ဟူသည်မည်သည့် အရာဖြစ်ကြောင်း တိကျရှင်းလင်းသော အဖြေသို့ မရောက်ခဲ့ကြပါ။ ထိုသို့ ဖြစ်ရခြင်းမှာ

(၁) ကျမ်းပြုသူ အသုံးပြုသော ဘာသာစကားတွင် ကန့်သတ်ချက်ရှိနေသောကြောင့် ဖြစ်သည် ။

(၂) ကျမ်းပြုသူ ကိုယ်တိုင် နိဗ္ဗာန် ကို မျက်မှောက်ပြုသည်အထိ ကျင့်ကြံအားထုတ်မှုမရှိသောကြောင့် ဖြစ်သည်။

(၃) ကျင့်ကြံအားထုတ်သော်လည်း နိဗ္ဗာန်နှင့် ထပ်တူထပ်မျှ နှိုင်းယှဉ်ပြစရာ မည်သည့်အရာမှ မရှိသောကြောင့်လည်း ဖြစ်ပါတယ်။

ထိုအခါ ကိုယ်တိုင်ကျင့်ကြံပြီးသူများ၏ ဆုံးဖြတ်ချက်မှာ -
နေ့စဉ်ဘ၀တွင် ဘာသာစကားဖြင့် ဆက်သွယ်ကြရသည် ။ ဘာသာစကားအကူအညီမပါဘဲ ရှင်းလင်းဖော်ပြမရသော အတွေ့အကြုံ သိရှိမှုများ ရှိနေသည်။ (ဆိုလိုတာက - အချို့ ဟာတွေကို လက်ဟန်ခြေဟန်နဲ့ ပြလို့ နားလည်တယ်။ အချို့ အကြောင်းအရာ ခံစားချက်တွေကတော့ ဘာသာစကားနဲ့ ပြောမှကို ရတယ်) ..ဒါပေမယ့် နိဗ္ဗာန် ၏ အနှစ်သာရကား အဆုံးစွန်သော ဓမ္မ အရသာ ၊ အမြင့်မားဆုံးသော ပရမတ္တ တရားဖြစ်နေပြီး ဘာသာစကားများ၏ နယ်နိမိတ်ကို ကျော်လွန်နေသည်။ အတိအကျ နားလည်အောင် ဖော်ပြနိုင်သော ဘာသာစကားမရှိ ။ မဟာသတိပဌာနသုတ်တော် ကို အခြေခံသည့် ၀ိပဿနာကို ပွားများအားထုတ်ခြင်းမရှိဘဲ ဒဿနအမြင် ဖြင့် စဉ်းစားတွေးခေါ်ကာ နိဗ္ဗာန် ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုလို့ မရနိုင်ပါ……. ဟု ဆိုကြပါတယ် ။

ဗုဒ္ဓမြတ်စွာသည် တရားဦး ဓမ္မစက္ကပ၀တ္တန သုတ်တော်တွင် နိဗ္ဗာန် နှင့် ပရိယာယ်တူသော ဒုက္ခ နိရောဓ သစ္စာ ကို စတင် အသုံးပြုတော်မူခဲ့သည် ။ နောင် တရားပေါင်းများစွာတွင် နိဗ္ဗာန် ဟူသော ဝေါဟာရကို ပိုမို သုံးစွဲတော်မူခဲ့သည် ။ မဟာပရိ နိဗ္ဗာန သုတ်တော်တွင်လည်း -

ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ သောကပရိဒေ၀ါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဥာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္စိကိရိယာယ ယဒိဒံ စတ္တာရော သတိပဌာနာ ။

ရဟန်းတို့ … သတ္တ၀ါတို့ စင်ကြယ်စေရန် သောကပရိဒေ၀ကို လွန်မြောက်ရန် ဒုက္ခဒေါမနဿကို ငြိမ်းစေရန် မှန်ကန်သည့် မဂ္ဂလမ်းစဉ်ကို ရရှိရန် ၊ နိဗ္ဗာန်ကို ရရှိရန် သတိပဌာန်လေးပါးသည်သာ တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်တယ် ။

ဒီမှာဆိုရင် နိဗ္ဗာန် ဟု တိုက်ရိုက် ဟောတော်မူပါတယ်။
နိဗ္ဗာန် ဟူသော ဝေါဟာရကို ပင် အတွဲ (၄၀) ရှိသော ပါဠိတော် ကျမ်း နှင့် အဌကထာ ဋီကာ ကျမ်းများတွင် အကြိမ် ( ၆၀၀ ) ထက်မနည်းတွေ့ရပါမယ် ..လို့ ဆိုကြတယ်။ အသုံးများ ဝေါဟာရကို သာ အဓိပ္ပါယ် ဖွင့်ဆို လိုသောကြောင့် ခွဲထုတ်ရတာဖြစ်ပါတယ်။ သဘောတရားတူ ၊ဝေါ ဟာရကွဲများစွာရှိပါတယ် ၊ ဒုက္ခ နိရောဓ သစ္စာ ၊ သုညတ ၊ အမတ ၊ နိဗ္ဗာန် ၊ အသင်္ခတ စသည် ရှိနေရာ အားလုံးကို ခြုံငုံ မိစေမယ့် အဓိပ္ပါယ် ဖွင့်ဆိုချက်များကို တင်ပြပါမယ်။

နိဗ္ဗာန် ဟူသည် ပါဠိစာလုံး နိဗ္ဗ န္တိ ဟူသော ကြိယာပုဒ်မှ လာသည် ။ ငြိမ်းသတ်သည် ဟု ဆိုလိုသည် ။ ထို့ကြောင့် လောဘ၊ဒေါသ၊မောဟ မီးများကို ငြိမ်းသတ်နိုင်ခြင်းသည် နိဗ္ဗာန်ဖြစ်သည် ။ (ရတန သုတ်တွင် တွေ့နိုင်သည် )

တဖန် နိဗ္ဗာန ဟူသော ပုဒ်သည် ပါဠိဘာသာ နိ နှင့် ၀ါန ကို ပေါင်းထားခြင်းဖြစ်သည် ။ နိ - မရှိ ၊ ထွက်ခွာခြင်း ။ ၀ါန - တဏှာ ။ နိဝါန = နိဗ္ဗာန = တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ဖြစ်သည်။

ဆင်တူဝေါဟာရ နှင့် ပရိယာယ် အဟောများကိုပါ ဘာသာပြန်လျှင် -
နိဗ္ဗာန် ၏ ဂုဏ်ပုဒ်များမှာ -
ကံ၊စိတ်၊ဥတု ၊ အာဟာရ တို့၏ ပြုပြင်စီရင် ခြင်းမှ လွတ်သော တရား ၊ အလုံးစုံငြိမ်းချမ်းခြင်း ၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု ၊ တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း ၊ မွေး၊အို၊နာ၊သေ မရှိခြင်း ၊ စွန့်လွတ်ခြင်း ၊ လွတ်မြောက်ခြင်း ၊ မကပ်ငြိခြင်း ၊ ဘ၀ မရှိခြင်း ၊ ပူဆွေးမှု မရှိခြင်း ၊ ငိုကြွေးမှုမရှိခြင်း ၊သောက မရှိခြင်း ၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည် ။
ဒီဃနိကယ် မဟာ သတိပဌာန သုတ်တော်(အဌကထာ )တွင်းမှ ဂုဏ်ပုဒ်များဖြစ်သည် ။
သဠာယတန - သံယုတ်ပါဠိတော် လာ ဂုဏ်ပုဒ် များကို ပထမ ရွှေကျင်ဆရာတော်ဘုရား အနက်ပေးထားရာ နိဗ္ဗာန် ၏ ဂုဏ်ပုဒ် (၃၀) ရှိသေးသည်။

ဒုက္ခ နိရောဓ သစ္စာ ၊ သုညတ ၊ အမတ ၊ နိဗ္ဗာန် ၊ အသင်္ခတ ၊ အဘူတ ၊ သန္တိ ၊ ခေမ စသော ဝေါဟာရ အားလုံးကို ဘာသာပြန်လျှင် လွန်စွာ များပေလိမ့်မည် ။ ထို့ကြောင့်လည်း တိုတိုရှင်းရှင်းနှင့် ထိထိမိမိ အတိအကျ နားလည်အောင် ဖော်ပြနိုင်သော ဘာသာစကားမရှိ ဟု ဆိုကြရပေသည် ။ အဂ္ဂသာဝကကြီးများ ၊ ရဟန္တာကြီးများ ၏ နိဗ္ဗာန် ကို ဖွင့်ဆိုချက်များသည်လည်း တမူထူးခြားကြသေးသည်။

အခုကျွန်တော်တင်ပြခဲ့ သမျှတွင် နိဗ္ဗာန်ဆိုတာ အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ကြောင်း ၊ရှိကြောင်း နဲ့ နိဗ္ဗာန်ကို ရရှိရန် ပြည့်စုံသိရှိနားလည်ရန် သတိပဌာန်လေးပါးသည်သာ တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်ကြောင်း ကို သတိပြုမိရင် ကိုယ်နှစ်သက်ရာ ဂုဏ်ပုဒ်များနဲ့ ကြည်ညိုလို့ ရပါပြီ။

ဗုဒ္ဓဘာသာဝင်တို့သည် သေခြင်းနှင့် ပတ်သက်လျှင် သဿတ ဒိဌိ ဖြစ်တတ်ကြပြီး ၊ နိဗ္ဗာန် နှင့် ပတ်သက်လျှင် ဥစ္ဆေဒ ဒိဌိ ဖြစ်တတ်ကြပါတယ် ။

နိဗ္ဗာန်ကို ဘာမှ မရှိဟု ဥစ္ဆေဒ ဒိဌိ ဖြစ်ပုံ ။ ။

နိဗ္ဗာန်ကို ဘာမရှိဟု
စာမကြည့် ဖြန်းကာ၊
ပါဠိ နှင့် ကျမ်းအလာကို

အဘာဝ ယူ့ပြန်လျှင်
မူမမှန် စွဲချက်ကမှား
ယမကသုတ်အလာကို
ဥစ္ဆေဒဖြစ်ငြား။
မာန်တံခွန် ထောင်လွှားပါလို့
ငါတကား ငြင်းရှာ
ဘယ်ကျမ်းဂန် ဘယ်လို
ဟောပါသော်လည်း
သူ့သဘော ရွေးမျှ မပါ
နိဗ္ဗာန်မြို့ ပြည်အောင်ချာမှာ
စိန္တေယျာ ဂုဏ်ရှိဖို့
မယုံသည့် သူ့ကိုပင်
ဟောဖို့မမြင်
လေမီးခိုး အကယ်ထင်လျှင်
အပါယ်တွင် နစ်ဦးတော့ လေး

ဒီကဗျာလေးမှာ ဗုဒ္ဓလက်ထက်က ယမက ဆိုတဲ့ ရဟန်းတစ်ပါးက အခုခေတ် အချို့သော ဗုဒ္ဓဘာသာဝင်တွေလိုပဲ နိဗ္ဗာန်ဆိုတာ ဘာမှ မရှိတဲ့ အရာ လေလို မီးခိုးလို သဘောမျိုး ဟောပြော တတ်တယ်။ ဒီလို နိဗ္ဗာန်ကို မဟုတ်မမှန် စွပ်စွဲပြောဆိုသော အယူဝါဒကြောင့် သေရင် အပါယ်ကျဖို့ ဖြစ်နေတယ်။ ဒါကြောင့် အရှင် သာရိပုတ္တရာ က ယမကရဟန်းကို ခေါ်ကာ နိဗ္ဗာန်ဆိုတာ ဘာမှမရှိသော တရားမဟုတ် ထင်ရှားရှိသော တရားသာဖြစ်ကြောင်း ရှင်းလင်းဟောကြားတော့မှ အရှင်ယမကလည်း ဥစ္ဆေဒ၀ါဒမှလွတ်ပြီး သောတပန်တည်ပါတယ်။ ဒီတရားဟာလည်း ယာမကသုတ်တော်ဖြစ်လာပါတယ်။

ဒီကဗျာမှာ အဘာဝ ဆိုတာ သတိထားမိပါတယ်

၁၉၂၀ နိုဝင်ဘာလ (၂၆) ရက်နေ့ ထုတ် သီရိလင်္ကာ ၊ကိုလံဘို ဗုဒ္ဓဘာသာ သတင်းစာမှာ သီရိလင်္ကာနိုင်ငံသားများက မေးပြီး လယ်တီဆရာတော် ဘုရားဖြေတော်မူခဲ့ သော ပြဿနာများတွင် အဘာဝ ဆိုတာကို နိဗ္ဗာန်နဲ့ ဆက်စပ်ပြီးတွေ့ရပါတယ်

မေး နိဗ္ဗာန် သည် ဘာဝလော အဘာဝလော အနက်အဓိပ္ပါယ်နဲ့ တကွ ဖြေပေးပါ။
ဖြေ နိဗ္ဗာန် သည် ဘာဝလည်း ဟုတ်၏ အဘာဝလည်း ဟုတ်၏ ။ထိုတွင် ဘာဝဟုတ်ပုံကား -
မဂ်ဥာဏ်လေးပါးသို့ ဆိုက်ရောက်သောအခါ ကိလေသာတရားတို့၏ ချုပ်ငြိမ်းမှုမည်သည် ဧကန်ရှိ၏ အမှန်ရှိ၏
ထိုချုပ်ငြိမ်းမှုသဘောကိုပင် သန္တိ သဘောဟုခေါ်သည် ထို ချုပ်ငြိမ်းမှုသည်လည်းဧကန်ရှိသောကြောင့် ဘာဝ ဖြစ်သည်။

အဘာဝကို ယူပုံကား - နိဗ္ဗာန် ၌ ကိလေသာမရှိခြင်းကြောင့် အဘာဝ ဟုတ်၏ ။ ကိလေသာတရား ၊ သင်္ခါရတရား မရှိခြင်းကြောင့် အဘာဝ ဟုတ်၏ ။(ဆရာတော် ကြီး က အဘာဝ ဖြစ်ပုံကို ကိလေသာ ၊ သင်္ခါရတရား ဘက်သို့ ဦးတည်ပြောသွားကြောင်း သတိထားမိပါတယ်။ အပေါ်က ကဗျာမှာကတော့ နိဗ္ဗာန်ဟူသော ပရမတ္တတရားကြီးကို မရှိ (အဘာဝ)ဟု မယူဆရန် ဟောထားတယ်လို့ ထင်ပါတယ်။ )

အကုသိုလ်ဆိုတာ ဘယ်အချိန်မှာ အကျိုးပေးပါသလဲ၊

လောဘဇော ဒေါသဇော တွေဝင်နေတဲ့  အချိန် အကုသိုလ်ဇောတွေနဲ့ ဗျာများနေရလို့  ရိုးရိုးသာမာန်အချိန်အခါမှာဖြစ်နေတဲ့ ဇောတွေနဲ့ မတူဘဲ ထက်ထက်သန်သန်ဖြစ်နေသလို

လှုဒါန်းပေးကမ်းနေချိန်မှာ (သို့ )ကုသိုလ်ပြုနေချိန်မှာ ကုသိုလ်ဇောတွေဝင်နေလို့ 
ရိုးရိုးသာမန်အချိန်အခါမှာဖြစ်နေတဲ့ ဇောတွေနဲ့ မတူဘဲ ထက်ထက်သန်သန်ဖြစ်နေပါတယ်......

အဲဒီ ကုသိုလ်ကံ အကုသိုလ်ကံ တွေဟာ အစွမ်းသတ္တိထက်မြက်တဲ့ကံတွေကတော့  ခန္ဓာအစဉ်မှာကျန်ရစ်ခဲ့ ...

ဒီဘ၀ ဒီကိုယ်စံ နောက်ဘ၀ နောက်ကိုယ်ခံလိမ့်မည် မဟုတ်ပါ...

သတ္တ၀ါတို့ သတ္တန်မှာပြုခဲ့ သော ကုသိုလ်ကံ အကုသိုလ်ကံ တွေဟာများပြားလွန်းတော
သမ္ပတ္တိကာလရောက်နေရင် အကုသိုလ်ကံ အကျိုးပေးခွင့် မသာသလို...
ဝိပတ္တိကာလရောက်နေရင် ကုသိုလ်ကံ အကျိုးပေးခွင့် မသာပါဘူး....
ကုသိုလ်အကျိုးပေးမှုတွေကုန်မှ အကုသိုလ်ဆိုတာ စတင်အကျိုးပေးတာတော့မဟုတ်ပါဘူး


ကုသိုလ်ဇော အကုသိုလ်ဇော တွေဇြစ်နေတဲ့ အချိန်မှာ ဇော-(၇)ချက်ရှိတယ်တဲ့ ...

ပထမဇော ကတော့ ယခုမျက်မှောက်ဘ၀မှာ အကျိုးပေးတယ်တဲ့ 

အလယ်ဇော-(၅)ချက် ကတော့  တတိယဘ၀ကနေ နိဗ္ဗာန် မရမှီ အခွင့်  ရတိုင်း အကျိုးပေးတယ်တဲ့ ......

တတိယဇော ကတော့  ဒုတိယဘ၀မှာ အကျိုးပေးတယ်တဲ့ 

ဒီဘ၀မှာ ရဟန္တာ ပုဂ္ဂိုလ် ဖြစ်သွားရင်တော့  အကျိုးမပေးတော့ ပါဘူး...

ကိုးကား-ကိုယ်ကျင့် အဘိဓမ္မာ

ငရဲ

ငရဲဆိုသည်မှာ ပါဠိဘာသာ`နိရယ´ ပုဒ်ကလာသည်။

`နိရယ´ကို `နိ+အယ´ဟု ပုဒ်ခွဲရသည်။

နိ = မရှိ ဟု အနက်ရသည်။

အယ = ချမ်းသာ ဟု အနက်ရသည်။

`နိ+အယ´ နှစ်ပုဒ်ကိုပေါင်းလျှင် = ချမ်းသာမရှိသည့်နေရာ ဟု အဓိပ္ပါယ်ရသည်။ `နိရယ´ပုဒ်ကို ရှေးမြန်မာများက `ဆိုငြယ်´ဟုလည်း ရေးကြသည်၊ `နိရဲ´ဟုလည်း ရေးကြသည်၊ အဓိပ္ပါယ်က အတူတူဖြစ်သည်။ နိရဲမှ`ငရဲ´ ဖြစ်လာသည်ဟု ဆိုသည်။

ငရဲဘုံ၌ ငရဲကြီး(၈)ထပ်ရှိလေသည်။

  • ၁။ သဉ္ဇိုင်း ငရဲ
  • ၂။ ကာဠသုတ် ငရဲ
  • ၃။ သင်္ဃာတ ငရဲ
  • ၄။ ရောရုဝ ငရဲ
  • ၅။ မဟာရောရုဝ ငရဲ
  • ၆။ တာပန ငရဲ
  • ၇။ မဟာတာပန ငရဲ
  • ၈။ အ၀ီစိ ငရဲ တို့ဖြစ်သည်။

ငရဲငယ် (ဥဿဒငရဲ)

`ဥဿဒ´ဆိုသည်မှာ `အများအပြား´ဟု အဓိပ္ပါယ်ရသည်။

ငရဲကြီးတွေ၏ အရပ်လေးမျက်နှာမှာ အများအပြား ၀န်းရံတည်ရှိနေတဲ့ ငရဲများဟု ဆိုလို သည်။

ထိုငရဲကြီး(၈)ထပ်တွင် ငရဲတစ်ထပ်စီ၌အရှေ့ဘက်တွင် ငရဲငယ်(၅)ခု၊ အနောက်ဘက်တွင် ငရဲငယ်(၅)ခု၊ မြောက်ဘက်တွင် ငရဲငယ်(၅)ခု၊ တောင်ဘက်တွင် ငရဲငယ်(၅)ခု၊ ပေါင်း (၂၀)ခုစီ ရှိကြသည်။ ထို့ကြောင့် ငရဲကြီး(၈)ထပ်တွင် ငရဲငယ်ပေါင်း (၈x၂၀ =၁၆၀)ခု ရှိသည်။

အရပ်တစ်မျက်နှာစီရှိ ငရဲငယ်(၅)ခု၏ အမည်များမှာ

  • ၁။ကုက္ကုလုဏှ (ခေါ်) ပြာပူငရဲ = ပိုးလောက်ကောင် ဆင်၏လည်ပင်း လှေ ပိန်းကောငယ်မျှကြီးမားလျက်ရှိသော မစင်ဘင်ပုပ်တွင်းကြီး၌ နစ်မြုပ်ထိုးကိုက်ခံရသော ငရဲ။
  • ၂။ဂူထ ပုတိက (ခေါ်) ဘင်ပုပ်ငရဲ = အလျှံရဲရဲထသော မီးခဲတို့ကို အလွန်အမင်းပူပြင်းသောပြာပူတို့က ဖုံးဖိထားသောကျင်းထဲ၌ကျ၍ ဆင်းရဲခံနေရသောငရဲ။
  • ၃။သိမ္ဗလိ (ခေါ်) လက်ပံတောငရဲ = အလွန်ရှည်သော လက်ပံဆူးတို့က ငရဲသားအပေါ် တက်လျှင် အောက်ဖက်သို့ထက်သောအဖျားလှည့်နေလျက်၊ အောက်ဆင်းပြန်က အထက်သို့အဖျား လှည့်နေကြသော ငရဲ။
  • ၄။ အသိပတ္တ (ခေါ်) သံလျက်တောငရဲ = ဓါးလှံ သံလျက်နှင့်တူသည့် အရွက်တွေပေါများ ကြွေကျသော သံလျက်ပင် တောထဲ၌ ပြေးမလွတ်အောင် ဆင်းရဲဒုက္ခခံနေရသော ငရဲ။
  • ၅။ ခါရောဒက(ခေါ်) ကြိမ်ပိုက်မြစ်ငရဲ = ကြိမ်ဆူး ကြိမ်ပိုက်တွေ အထပ်ထပ်ရံလျက် ခါးငန်စပ်ပူသော ရေရှိသည့်မြစ်ထဲ၌ ကူးမလွတ်အောင် ဆင်းရဲခံနေရသော ငရဲ။

တို့ ဖြစ်သည်။

ငရဲငယ် တစ်ခုနှင့် တစ်ခု ယူဇနာ တစ်ထောင့်ငါးရာစီ ဝေးကွာကြသည်။

ငရဲငယ် ၁ဝ-ပါး(တစ်နည်း)

'ထိုပြိနောက်မှ၊ ဥဒဿ၏၊ ပြင်ကပတ်ခြံ၊ စပ်ကာရံသား၊ ဆူလျှံပွပွ၊ ပွက်ပွက်ထလျက်၊ ကြွကြွ တက်ဝေ၊ ကြေးသံရေနှင့်၊ မသေမသက်၊ သိပ်သိပ်နက်ဖြင့်၊ ကျွက်ကျွက်အုတ်အုတ်၊ တရုတ်ရုတ်လျှင်၊ ချက်ဖြုတ် ဘွားဘွား၊ သားငါးချဉ်ချို၊ ဟင်းဒယ်ကျို၍၊ ကြိုကြိုကြားကြား၊ ရှောင်ရှားထွက်ခွာ၊ လွတ်ရာမရ၊ ကြောက်ဖွယ်စွလျှင်၊ လောဟကုမ္ဘီ၊ ကြေးနီအိုးကြီး၊ ညီးညီးပူကဲ၊ ငရဲတစ်ခွင်၊ ရဲချင်ချင်နှင့်၊ ထိလျှင်ရှစူး၊ သင်ဓုန်းဦးသို့၊အဆူးရှည်လံ၊ ဝင်းဝင်းလျှံသည်၊ လက်ပ်ပံငံငရဲ၊ဲ လွန်ကဲချက်ချက်၊ ထက်ထက်မြသား၊ သန်လျက်လက်သည်း၊ အော်မြည်ကြည်းလျက်၊ လန့်ကျည်းပြင်းစွာ၊ ကုတ်ကျစ်ကာလျှင်၊ ခံရာမချိ၊ ကြောက်ဘွယ်တိဖြင့်၊ အသိနိနခ၊ မည်ရမလွဲ၊ ငရဲတစ်တန်၊ စီးဟန်သက်သက်၊ ဆူကြွက်ကြွက်နှင့်၊ ပွက်ပွက်လျှံဝေ၊ ကြေးနီရေဟု၊ ပူထွေလွန်မော၊ တမ္ဗောဒက၊ မည်ရမလွဲ၊ ငရဲတစ်ထွေ၊ သံတွေညီးညီး၊ အရှိန်ကြီးလျက်၊ မီးကြီးအလျှံ၊ တောက်ပျံပူလော၊ အယောဂုဠုဠ၊ အမည်ရသား၊ နာမခေါ်မြဲ၊ ငရဲတစ်ချက်၊ ကြောက်မက်စဖွယ်၊ ကြီးကျယ်ဖြိုးမြင့်၊ မိုးနှင့်တမျှ၊ မီးလျှံထလျက်၊ သေလပဗ္ဗတ၊ မည်ရပြောင်ပြောင်၊ သံမီးရောင်နှင့်၊ ကျောက်တောင်တစ်ခဲ၊ ငရဲတစ်ဆစ်၊ ပူအစ်ထန်ပြင်း၊ စပါးဖျင်းသို့၊ စီးဆင်းလျှံခြောင်း၊ ခိုးထောင်းထောင်းနှင့်၊ မြစ်ချောင်းတူလှ၊ ဆူပွက်ထသား၊ ဘုသုသနဒီ သညီမှတ်စွဲ၊ ငရဲတစ်မျိုး၊ လျှံခိုးမရှိန်၊ မထိန်မတောက်၊ မနောက်မခဲ၊ မရဲမချဉ်၊ မီးလွတ်စင်လည်း၊ ရိုးခြင်ဆီတွင်း၊ အကုန်ချင်းအောင်၊ ထွင်း၍ဧကျဉ်၊ ရေအယဉ်သို့၊ ရှောင်ကြဉ်မဖြစ်၊ ဆင်းရဲနစ်သား၊ မြစ်ပမာဏ၊ သီတီတနဒီ၊ ဤလည်းလွန်ကဲ၊ ငရဲတစ်သီး၊ ကျားကြီးဆင်ပေါက်၊ လောဟီကျောက်သို့၊ လန့်ကြောက်ဖွယ်လိ၊ မျက်စိချင်းချင်း၊ စွယ်ဝင်းဝင်းနှင့်၊ ကောက်ချင်းရှက်ထွေး၊ တောင်ပြေးမြောက်ရစ်၊ အော်ဟစ်မြူးခုန်၊ သဲသဲတုန်အောင်၊ ဝိုင်းကုန်အုန်းအင်း၊ ဗြုန်းဗြင်းဆူဝေ၊ မြင်ရုံသေမျှ၊ ခွေးရွှေခွေးနက်၊ ကျားထက်ဆိုးကျူး၊ ခွေးဘီလူးတို့၊ ရှူးရှူးရှင်ရှင်၊ ရွတ်ရွတ်ငင်၍၊ လျှင်လျှင်ကြွက်ကြွက်၊ ပြေးမလွတ်အောင်၊ ကျွတ်ကျွတ်မျိုဝါး၊ ဟပ်စားကိုက်ခဲ၊ ခွေးငရဲဟု၊ ခေါ်မြဲတစ်ရပ်၊ ကြံညှပ်ယန္တယား၊ စက်အလားသို့၊ ထွားထွားညက်ကြိတ်၊ မည်ကျိတ်ကျိတ်နှင့်၊ ကြောက်ထိပ်ဖွယ်ကြီး၊ တတီးတီးတည့်၊ ယိုစီးအယဉ်၊ ညီးညီးပျဉ်၍၊ မစဉ်တစ်ရစ်၊ ကိုယ်လုံးနစ်မျှ၊ သွေးချောင်းကျသား၊ ယန္တပ္တပါသာ၊ သညာမည်စွဲ၊ ငရဲတစ်ပုံ၊ လုံးစုံဖေါ်ပြ၊ ယမလောကီ၊ တွင်ညီခေါ်ရိုး၊ ဤဆယ်မျိုးလည်း၊ ကြောက်စိုးလန့်ဘွယ်။


ငရဲမင်းကြီး(ယမမင်း)


တိဘက်အယူအဆအရ ယမမင်း

ယမမင်း ဆိုသည်မှာ ပါဠိဘာသာ`ယမ´၊ မြန်မာစကား`မင်း´ကို ပေါင်းပြီးခေါ်ခြင်း ဖြစ်သည်။ အကုသိုလ်ကံ အလျောက် ငရဲထိန်း တို့ ဆောင်ယူပို့လာသော သတ္တ၀ါတွေကို ဒေ၀ဒူတ တမန်ငါးပါး ကိုပြပြီး ကောင်းမှုကုသိုလ်တွေကို အောက်မေ့စေတတ်၊ အမှတ်ရစေတတ်သောကြောင့် `ယမမင်း´မည်သည်။ ငရဲမင်းကြီး(ယမမင်း) များသည် အပြစ်ကြီးကြီးနှင့် ရောက်လာသော ငရဲသားများကို စစ်ဆေးရန်မလိုပေ၊ အပြစ်နဲနဲနှင့် ရောက်လာသော ငရဲသားများကိုသာ စစ်ဆေးရန်ဖြစ်သည်။ ပဉ္စာနန္တရိယကံ ကျူးလွန်သူ၊ စေတီပုထိုးဖြိုဖျက်သူ၊ မိစ္ဆာဒိဋ္ဌိ အယူရှိသူ စသောအပြစ်ကြီးသော ငရဲသားများကို တစ်ခါတည်း ငရဲချ၏။ အကုသိုလ်နည်းပါးသူများ အတွက် ငရဲမှ လွတ်လိုလွတ်ငြား ယမမင်းက စစ်ဆေးခြင်း ဖြစ်သဖြင့် ယမမင်းများကို မင်းကောင်းမင်းမြတ်များဟု သတ်မှတ်ကြသည်။ ငရဲတစ်ထပ်စီတွင် ငရဲမင်းကြီး(ယမမင်း) (၄)ဦးစီ ရှိသည်။ အရှေ့ဘက်တံခါးမုခ် တွင်တစ်ယောက်၊ အနောက်ဘက်တံခါးမုခ် တွင်တစ်ယောက်၊ မြောက်ဘက်တံခါးမုခ် တွင်တစ်ယောက်၊ တောင်ဘက်တံခါးမုခ် တွင်တစ်ယောက်၊ ပေါင်း(၄)ယောက် ရှိသည်။ ငရဲကြီးရှစ်ထပ်တွင် ငရဲမင်းကြီး(ယမမင်း) ပေါင်း(၃၂)ယောက် ရှိသည်။ ငရဲငယ်(၁၂၈)ခုမှာ ငရဲမင်းကြီး(ယမမင်း) များမရှိပါ။ ငရဲမင်းကြီး(ယမမင်း) များ၏ဇာတိမှာ စတုမဟာဇာရ်နတ်ဘုံမှ ဖြစ်သည်။ `ဝေမာနိက ပြိတ္တာ´ များကို အုပ်ချုပ်ရသော မင်းဖြစ်သည်။ `မဟိဒ္ဓိက ပြိတ္တာ´ မျိုးဖြစ်သည်။ မသန့်စင်သည့် ကုသိုလ်ကံ(မိဿက ကုသိုလ်ကံ)ကြောင့် ငရဲမင်းကြီး ဖြစ်လာသည်။

တိဘက်အယူအဆအရ ယမမင်းက ကျွဲခေါင်းနဲ့လို့ ယူဆပါသည်။ ဘေးက သူ့ နှမပါ။ ယမမင်းရဲ့  လက်ယာဘက်မှာ အရိုးနှင်တံကိုကိုင်ထားပြီး လက်ဝဲဘက်မှာ မိစ္ဆာတွေကို ဖမ်းဖို့ ကျော့ကွင်းကို ကိုင်ထားပါတယ်။ တိဘက်တွေက ယမမင်းဟာ ဗုဒ္ဓဘာသာကို စောင့်ရှောက်တဲ့ နတ်မင်းတစ်ပါးဟု ယူဆကြသည်။

ငရဲထိန်း

ငရဲထိန်း ဆိုသည်မှာ အကုသိုလ်နဲနဲနှင့်ရောက်လာသော ငရဲသားများကို ငရဲမင်းကြီး(ယမမင်း) ထံသို့ ပို့ဆောင်ပေးရခြင်း၊ ငရဲကျသည့် ငရဲသားများကို အမျိုးမျိုးညှဉ်းဆဲ သတ်ဖြတ်ရခြင်း များကို လုပ်ဆောင်ရသောသူကို ခေါ်သည်။ ငရဲထိန်းများသည် ငရဲကြီးရှစ်ထပ်တွင် မရှိပါ။ ငရဲငယ်(၁၂၈)ခုမှာသာ ငရဲထိန်းများရှိကြသည်။ ငရဲထိန်းတို့သည် စတုမဟာဇာရ်နတ်မျိုး အပါအ၀င် နတ်ဘီလူး၊ နတ်ရက္ခိုသ်များ ဖြစ်ကြသည်။ `ဝေမာနိက ပြိတ္တာ´မျိုးဖြစ်သည်။ မသန့်စင်သည့် ကုသိုလ်ကံ(မိဿက ကုသိုလ်ကံ) ကြောင့် ငရဲထိန်း ဖြစ်လာသည်။

မိဿက ကုသိုလ်ကံ

သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲပြီး ရလာသောပစ္စည်းများနှင့် အလှူဒါနပြုခဲ့ခြင်း၊ သူတစ်ပါးကို ညှင်းဆဲပါရစေ ဟုဆုတောင်းခဲ့ခြင်း တို့ကြောင့် ရလာသည့် ကုသိုလ်ကံ ကိုခေါ်သည်။ လှူသောပစ္စည်း မသန့်စင်၍ ရလာသောကုသိုလ်မှာလည်း အကုသိုလ်နှင့် ရောနေသည်။ ငရဲမင်းကြီး(ယမမင်း) နှင့် ငရဲထိန်းတို့သည် ထိုကုသိုလ်ကံကြောင့် စတုမဟာဇာရ်နတ်ပြည်ကိုရောက်သော်လည်း ငရဲပြည်တွင် လာရောက် တာဝန်ထမ်းဆောင်နေရသည်။

ငရဲသား

ငရဲသား ဆိုသည်မှာ အကုသိုလ် မကောင်းမှုကို ကျူးလွန်၍ ငရဲပြည်၌ အပြစ်ကျခံရသူကို ခေါ်သည်။ ငရဲသား၏ ဦးခေါင်းမှာ ငါးဦးခေါင်းနှင့်တူသည်။ ခြေလက်စသော ကိုယ်အင်္ဂါအစိတ်အပိုင်းတို့သည် လူသားတို့၏သဏ္ဍာန်နှင့် တူသည်။ ငရဲသား၏ ကိုယ်ခန္ဓာ ပမာဏမှာ သုံးဂါဝုတ်မျှ ကြီးမားသည်။ ငရဲသားများသည် ဥပစ္ဆေဒကံနှင့် မသေကြရပေ။ ငရဲဘ၀ ခံရမည့် အကုသိုလ်ကံကုန်မှ သေကြရသည်။

ဒေ၀ဒူတ (သေမင်းတမန်)ငါးပါး

ဒေ၀ဒူတ (သေမင်းတမန်)ငါးပါး ဆိုသည်မှာ ကလေး၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသမား ထို(၅)ဦးကို ပမာပြုခြင်းဖြစ်သည်။ ငရဲမင်းကြီးက အပြစ်နဲနဲနှင့် ရောက်လာသော ငရဲသားများကို စစ်ဆေးသောအခါ ဒေ၀ဒူတ (သေမင်းတမန်)ငါးပါးကို ပမာထားပြီး ငါးကြိမ်တိုင်တိုင် စစ်မေးရ၏။ ငရဲသားက မိမိပြုခဲ့သော ကုသိုလ်ကောင်းမှုကို သတိမရလျှင် ကုသိုလ်ပြုစဉ် ငရဲမင်းကြီးအား အမျှပေးဝေခြင်း ရှိမရှိကို ငရဲမင်းကြီးက စဉ်းစားကြည့်ရ၏။ အမျှပေးဝေခြင်းရှိလျှင် ငရဲသားအား ကုသိုလ်ကောင်းမှုကို ပြန်လည် သတိရအောင် လုပ်ပေးပြီး ငရဲမှ လွှတ်သည်။ ကုသိုလ်ကောင်းမှု၊ အမျှပေးဝေခြင်းမရှိလျှင် ငရဲသားအား ငရဲထိန်းတို့လက်သို့ အပ်လိုက်သည်။

ဒေဝဒူတ တရား ၅-ပါး လူတို့ သံဝေဂရမှုအတွက် နတ်တမန်ခေါ် သေမင်းတမန်ငါးပါး။

  1. ဇာတိ- ပဋိသန္ဓေတည်နေ မွေးဖွားရမှု၊
  2. ဇိဏ္ဏ- အိုမင်းရင့်ရော်ရမှု၊
  3. အာတုရ-ကျင်နာကိုက်ခဲ ရောဂါသည်းခြင်း၊
  4. အာဝုဓ- ဓား လှံ သေနတ်စသောလက်နက်မျိုး၊
  5. မတ- သေသူ, သူသေကောင်။

ယမမင်းစစ်တမ်း

လူ့ ပြည်မှာ ရှိနေသော (၁) ကလေး (၂) သူအို (၃) သူနာ (၄) သူသေ (၅) အကျဉ်းသမား ဤငါးဦးသားကို ယမမင်း စေလွှတ်အပ်သော တမန်တော်နှင့် အလားတူသောကြောင့် ဒေ၀ဒူတ-ဟုခေါ်ဝေါ်ရသည်။ (ဒေ၀-ယမမင်း၊ ဒူတ-တမန်းတော်)။ ယမမင်းသည် မိမိထံမှောက်သို့ ရောက်လာသော ငရဲသားများကို ဒေ၀ဒူတ ငါးမျိုးကို ဖေါ်ပြလျက် စစ်ဆေးလေ့ရှိသည်။

ယမမင်း။ ။ မောင်မင်း- လူ့ ပြည်မှာတုန်းက ကျင်းကြီး ကျင်ငယ်ကိုပင် မသုတ်သင်နိုင်ပဲ ကျင်ကြီးကျင်ငယ်ထဲ၌ လူးကာလှိမ့်ကာ နေရရှာသော ကလေးများကို မတွေ့ ဘူးခဲ့ဘူးလား?

ငရဲသား။ ။ တွေ့ ခဲ့ဘူးပါသည်ဘုရား

ယမမင်း။ ။ မိမိကိုယ်တိုင် နားလည်သောအရွယ်သို့ ရောက်တဲ့အခါ ထိုကလေးများကို ကြည့်ရှု့ ၍ ငါသည် ဘာမှနားမလည်ရှာသော ယခုလို ကလေးသူငယ်ဖြစ်ဖို့ ရာ နောင်အခါ ပဋိသန္ဓေ နေရဦးမည်။ ပဋိသန္ဓေနေခြင်းသဘောကို မလွန်မြောက်နိုင်သေးပါတကား။ ယခုနှယ်က ကိုယ်နှုတ် စိတ်များကို စောင့်စည်းလျက် ကောင်းကောင်းကြီး နေမှတော်မည်-ဟု အကြံအစည်းများ မဖြစ်ခဲ့ဘူးလား မောင်မင်း။

ငရဲသား။ ။ ကျွန်တော် မေ့လျော့သည့်အတွက် ကုသိုလ်ကောင်းမှုကို စိတ်မ၀င်စားမိခဲ့ပါ။

ယမမင်း။ ။ မောင်မင်း- မကောင်းမှုကို ဆွေးမျိုး ဉာတကာ ဆရာမိဘ စသူတို့ က ပြုပေးကြသည် မဟုတ်။ မောင်မင်း ကိုယ်တိုင် ပြုခဲ့သမျှ အပြစ်ဒဏ်ကို မေ့လျော့သူတို့ ထုံးစံ အတိုင်း မောင်မင်း ခံရချေတော့မည်။

ယမမင်းအား အမျှဝေရကျိုး။ ။ ဤနည်းအတိုင်း သူအိုကို ညွှန်ပြ၍ ဒုတိယ တစ်ကြိမ်မေး၏။ သူနာကို ညွှန်ပြ၍ တတိယတစ်ကြိမ် မေး၏။ သူသေကိုညွှန်၍ စတုတ္ထ တစ်ကြိမ်၊ အကျဉ်းသမားကို ညွှန်၍ ပဉ္စမ တစ်ကြိမ် မေး၏။ ငါးကြိမ်တိုင်းအောင် မေး၍ ကုသိုလ်ကောင်းမှု ကို သတိမရသေးလျှင် ယမမင်းကိုတိုင် ထိုသူ၏ ကုသိုလ်ပြုစဉ်က မိမိအား အမျှဝေဖူးသလား ဟုစဉ်းစား၏။ စဉ်းစား၍ ရလျှင် ထိုကုသိုလ်ကို ဖေါ်၍ ဖြစ်စေ၊ မိမိက ဘာသာသတိရ၍ ဖြစ်စေ ကုသိုလ်ကို သတိရသည်နှင့်တပြိုင်နက် ငရဲမှလွတ်မြောက်၍ နတ်ပြည်ရောက်သူများလည်း အများပင်။ ထိုနေရာမျိုးကျမှ မိမိကုသိုလ်များ အားထားရကြောင်း ထင်ရှာသည်။ ယမမင်း စဉ်းစား၍ မရသောအခါ ဆိတ်ဆိတ်နေရတော့၏။ ထိုအခါ ငရဲသားကို ငရဲထိန်းတို့ ယူဆောင် လျက် အမျိုးမျိုး နှိပ်စက်ကြလေတော့သည်။ (ထို့ ကြောင့် ကုသိုလ်ပြုသောအခါ ယမမင်းအား အမျှဝေသင့်သည်)


ငါးပါးသော ဖွဲ့ချည်ခြင်း

ငါးပါးသော ဖွဲ့ချည်ခြင်းဆိုသည်မှာ ငရဲထိန်းတို့က ငရဲသားကို ချည်နှောင်သောနည်းတစ်မျိုးဖြစ်သည်။ ချည်ပုံချည်နည်းမှာ ငရဲသားကို အလွန်ပူပြင်းသည့် သံမြေတွင် ပက်လက် အိပ်စေသည်။ ငရဲသား၏ လက်နှစ်ဖက်၊ ခြေနှစ်ဖက်နှင့် ရင်လယ်တည့်တည့်ကို ထန်းလုံးခန့် ပမာရှိသော သံချောင်း တစ်ချောင်းစီ ထိုးသွင်းသည်။ ထိုသို့ သံချောင်းငါးချောင်း ထိုးသွင်းချည် နှောင်ခြင်းကို ငါးပါးသော ဖွဲ့ချည်ခြင်းဟုခေါ်သည်။


ငရဲကြီးရှစ်ထပ်

၁။ သဉ္ဇိုဝ်း ငရဲ = အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော ငရဲ

  • လူ့ဘုံ၏ အောက် ယူဇနာ ၁၅,၀၀၀ ဝေးသောအရပ်၌ တည်ရှိသည်။

၂။ ကာလသုတ် ငရဲ = ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး၊ မှောက်လျက်တစ်မျိုး၊ ၀ဲယာတစ်မျိုး၊ ရှေ့နောက်တစ်မျိုးအားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြဘဲ အမျိုးမျိုးခုတ်ရွေခံကြရသော ငရဲ

  • သဉ္ဇိုဝ်း ငရဲ၏ အောက် ယူဇနာ ၁၅,၀၀၀ ဝေးသောအရပ်၌ တည်ရှိသည်။

၃။ သင်္ဃာတ ငရဲ = အောက်မြေအပြင်တွင် မီးလျှံများထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့သည် ထန်းပင်ငုတ်လေးတွေစိုက်ထားသကဲ့သို့ ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှလာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့သွားပြီး နောက်တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့ သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ ကြိတ်ကာကြိတ်ကာ ပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော ငရဲ

  • ကာလသုတ် ငရဲ၏ အောက် ယူဇနာ ၁၅,၀၀၀ ဝေးသောအရပ်၌ တည်ရှိသည်။

၎။ ရောရုဝ ငရဲ = မီးတောက်တို့သည် တ၀ုန်းဝုန်းထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောက်မီးလျှံ အလောင်ခံနေကြရသော ငရဲ

  • သင်္ဃာတ ငရဲ၏ အောက် ယူဇနာ ၁၅,၀၀၀ ဝေးသောအရပ်၌ တည်ရှိသည်။

၅။ မဟာရောရုဝ ငရဲ = မီးခိုးများ ငရဲတစ်လုံးခုံး ဖုံးလွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးများက အတွင်းအပြင်အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော ငရဲ

  • ရောရုဝ ငရဲ၏ အောက် ယူဇနာ ၁၅,၀၀၀ ဝေးသောအရပ်၌ တည်ရှိသည်။

၆။ တာပန ငရဲ = ငရဲသို့ကျရောက်သော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော ငရဲ

  • မဟာရောရုဝ ငရဲ၏ အောက် ယူဇနာ ၁၅,၀၀၀ ဝေးသောအရပ်၌ တည်ရှိသည်။

၇။ မဟာတာပန ငရဲ = မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်များ စိုက်ထူထားပြီး ငရဲသူ ငရဲသားများကို ငရဲထိန်းများက သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသော ငရဲ

  • တာပန ငရဲ၏ အောက် ယူဇနာ ၁၅,၀၀၀ ဝေးသောအရပ်၌ တည်ရှိသည်။

၈။ အ၀ီဇိ ငရဲ = အ၀ီဇိ ဆိုသည်မှာ `အကြားမရှိ´ ဟုအဓိပွါယ်ရသည်။ အ၀ီဇိမှာ ငရဲခံနေရတဲ့ ငရဲသားတွေဟာ အလွန်များသဖြင့် တစ်ဦးနှင့် တစ်ဦး အကြားမရှိအောင် ပူးကပ်နေကြရသည်။ မီးတောက်မီးလျှံများ အကြားမရှိပဲ ငရဲတစ်ခုလုံး မီးလျှံများ ဆက်နေပြီး ငရဲသားချင်းလည်း ၀ါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိ ပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ၊ သတ္တ၀ါ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်နေသော အ၀ီစိငရဲ ဖြစ်သည်။ ငရဲကျရာတွင် အ၀ီစိကိုတန်းကျသူ နည်း၏။ ကံကြီးထိုက်သူတွေလောက်သာ တန်းကျသည်။

  • မဟာတာပန ငရဲ၏ အောက် ယူဇနာ ၁၅,၀၀၀ ဝေးသောအရပ်၌ တည်ရှိသည်။