မင်းကွန်းဇေတ၀န် ဆရာတော်ကြီးက
အဟောင်းကို မပြန်လင့်
အသစ်ကို မကြံလင့်
ဖြစ်အောင် မပြုလင့်
ပျက်အောင် မပြုလင့်
ဖြစ်တိုင်း ပျက်တိုင်းမြင်အောင်ရှူ
ဖြစ်အောင်ပြုက လောဘ
ပျက်အောင်ပြုက ဒေါသ
ဖြစ်တိုင်း ပျက်တိုင်း မသိက မောဟ ဟုဆုံးမခဲ့၏ ။
နိဗ္ဗာန်ကို ရည်စူးတဲ့တောင်းဆုဟာ
အမြင့်ဆုံးတောင်းဆုပါ ။
နိဗ္ဗ္ဗာန်ဘူတာအထိကုသိုလ်လက်မှတ်
ဖြတ်ထားပြီးမှတော့လူချမ်းသာနတ်ချမ်းသာဆိုတဲ့
ကြားဘူတာတွေ ဖြတ်သန်းခွင့်မရမှာကို
တွေးပူနေစရာမလိုတော့ပါဘူး ။
သေချာပေါက်ဖြတ်သန်းခွင့်ရမှာပါ ။
(ဆရာတော် အရှင်ဆန္ဒာဓိက)
နွားတစ်ကောင် အသက်ကြီးလေ
သူရဲ့ ဦးချိုရှည်လာလေ ၊
လူတစ်ယောက်အသက်ကြီးလေ
သူရဲ့ တဏှာကြီးလာလေ ၊
အသားတိုးသလောက်တရားမတိုးရင်
မရသေးတဲ့ကာမဂုဏ်ရချင်တဲ့တဏှာရယ်
ရပြီးသားကာမဂုဏ်ခံစားချင်တဲ့တဏှာရယ်
တဏှာတွေပဲ အတိုင်းထက်အလွန်
တိုးပွားလာပါတယ် ။
(ဆရာတော် အရှင်ဆန္ဒာဓိက)
ကိုယ့်ရဲ့ တောင်းဆုကို
အမြင့်ဆုံးမှာထားတတ်ဖို့
ထားနိုင်ဖို့ ၊ ထားဖြစ်ဖို့
အထူးလိုအပ်လှပါတယ်
အမြင့်ဆုံးတောင်းဆုကိုပြုထားရင်
အမြင့်ဆုံးရဲ့ အောက်က
ကောင်းကျိုးဆုလာဘ်တွေကိုလည်း
မလိုချင်အဆုံးရရှိသွားမှာပါ ။
(ဆရာတော် အရှင်ဆန္ဒာဓိက)
ရောဂါပျောက်ချင်လို့ တရားအားထုတ်တာလည်းကောင်းပါတယ်
စီးပွားရေး ၊ လူမှုရေးအဆင်ပြေချင်လို့ တရားအားထုတ်တာလည်းကောင်းပါတယ်
စိတ်ဓါတ်ခိုင်မာငြိမ်းချမ်းပြီး စိတ်နေသဘောထားကြီးကျယ် မြင့်မြတ်ချင်လို့
တရားအားထုတ်တာလည်း ကောင်းတာပါပဲ ဒါပေမယ့် အားလုံးထဲမှာ
ခန္ဓာဇာတ်သိမ်း ဒုက္ခငြိမ်းချင်လို့ တရားအားထုတ်တာကတော့ အကောင်းဆုံးပါပဲ ။
(ဆရာတော် အရှင်ဆန္ဒာဓိက)
ဘယ်လောက်ကောင်းတဲ့ အရသာကိုခံစားရခံစားရ
တဒင်္ဂတစ်ခဏလေးပါ အိမ်မက်ထဲကအပျော်တွေဟာ
ဘယ်လောက်မှမကြာသလိုပါပဲ အိမ်မက်ရဲ့ နောက်ကွယ်မှာ
ဗလာတွေပဲပြည့်နေသလို သာယာမှုတွေရဲ့ နောက်ကွယ်မှာ
ဆင်းရဲပင်ပန်းမှုတွေပဲ ပြည့်နှက်နေပါတယ် ။
(ဆရာတော် အရှင်ဆန္ဒာဓိက)
No comments:
Post a Comment