Thursday, February 25, 2010

လူ့ဘ၀အလှဆိုတာ ဘာလဲ

မိမိတို့တစ်တွေသည်... မိမိတို့ရဲ့ နေရာ အခန်းလေးများကို အလှဆင်ကြတယ်။ မိမိတို့ရဲ့ “၀က်ဘ်ဆိုက်”အိမ်လေးများကို သာယာနာပျော်ဖွယ် သီချင်းလေးများ၊ ချစ်စဖွယ် ပုံလေးများ၊ မှတ်သားဖွယ် စာတမ်းလေးများဖြင့် အလှဆင်ကြတယ်။ နောက်တခါ မိမိတို့ မျာက်နှာစတဲ့ ခန္ဓာကိုယ် ပြင်ပန်းကိုလည်း ဖီးလိမ်းပြုပြင်ခြင်းများဖြင့် အလှပြင်ကြ၊ ဆင်ကြတယ်။

တကယ်အလှပြင်ဆင်ရမည့်နေရာကိုတော့ မိမိတို့တစ်တွေ အလှဆင်ဖို့၊ ပြုပြင်ဖို့ မေ့နေကြတာများပါတယ်။ လူတိုင်းနေ့စဉ်လိုလို မိမိတို့မျက်နှာရဲ့ အပြစ်အနာအဆာ ရှိ/မရှိ သိရဖို့ နေ့စဉ် မှန်ကြည့်ကြပေမယ့်၊ မိမိတို့ရဲ့ စိတ်လေး အပြစ်အနာအဆာ ရှိ/ မရှိ စိတ်မှန်ကြည့်ဖို့ကိုတော့ မေ့နေကြတာ များပါတယ်။ စိတ်မှန်ကို ဘယ်လိုကြည့်မလဲဆိုတော့... မိမိစိတ်လေးနှင့် ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်တဲ့ အချိန်သည် “စိတ်မှန်” ကြည့်နေတာပါပဲ။ ငါဒီနေ့ ငါ့အတွက် ဘာကောင်းတာ လုပ်မိသလဲ၊ သူတစ်ပါးကို ငါမကောင်းတာ လုပ်မိ သလား၊ ပြောမိသလား၊ ကြံမိသလား...စသည်ဖြင့် စဉ်းစားကြည့်တာသည် စိတ်မှန်ကြည့်တာပါ။ ဘာမျှ သူတစ်ပါးအပေါ် မကောင်းတာ မလုပ်မိ၊ မပြောမိ၊ မကြံမိဘူးဆိုရင်... စိတ်ကြည်ပြီး စိတ်လေးလှလို့... မိမိတို့ ရုပ်လေးလည်း လှပနေမှာပါ။ လူတစ်ယောက်ကို လှခြင်း/ မလှခြင်းကို ခွဲခြားနေတာဟာ စိတ်ပါပဲ၊ မျက်နှာစတဲ့ ခန္ဓာကိုယ် ရုပ်ကြီး မဟုတ်ပါဘူး။
မိမိတို့တစ်တွေ ဘယ်လောက်ပင် မျက်နှာစတဲ့ ရုပ်ကို တန်ဆာဆင် ဖီလိမ်းပင် ဖီးလိမ်း ပြုပြင်ထားပါစေ မိမိစိတ်လေးဖြင့် ယုတ်ညံ့တဲ့ အလုပ်၊ အပြော၊ အကြံအစီများ လုပ်ကြည့်လိုက်ပါ။ ဘယ်သူမှ သင့်ကို လှတယ်၊ ယဉ်ကျေးတယ်၊ ဒီကလေး၊ ဒီလူက လိမ္မာတယ်၊ ကိုယ်ကျင့်ကောင်းတယ်လို့ ပြောမှာမဟုတ်ပါဘူး။ ရုပ်သာလှပြီး စိတ်ယုတ်ညံ့နေရင် သင့်ကို သူတစ်ပါးက ပြောကြမည့်စကားက “ရုပ်ကလေး လှသလောက်... စိတ်ဓာတ်က ယုတ်လိုက်တာ၊ ရုပ်ကလေးတော့ လှပါရဲ့ စိတ်က ယုတ်မာလိုက်တာ” စသည်ပဲ ဖြစ်မှာပါ။ ရုပ်ကလည်းဆိုး၊ စိတ်ကလည်း ယုတ်မယ်ဆိုရင်တော့ ပြောဖွယ်ရာ မရှိတော့ပါဘူး။ ရုပ်ဆိုးပင် ဆိုးငြားသော်လည်း စိတ်လေး လှနေရင်... ထိုသူကို အပေါင်းအသင်းလုပ်လိုသူ ရှားမှာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင် အလယ်မှာ လှနေပါလိမ့်မယ်။ ဒါဆိုရင် မျက်နှာစတဲ့ ရုပ်ကို အလှဆင်ဖို့ထက် မိမိတို့ စိတ်လေး အလှဆင်ဖို့က အရေးကြီးတယ်ဆိုတာ သိသာပါတယ်။ မိမိတို့တစ်တွေ အလှဆင်တဲ့နေရာမှာ တကယ်အလှဆင်ရမည့် နေရာကို မမေ့စေဖို့ပါ။

မိမိတို့ရဲ့ အခန်း၊ အိမ်၊ မိမိတို့ရဲ့ ၀က်ဘ်ဆိုက်လေးများ အလှဖန်းတီးဖို့ဆိုရင် အလှဖန်တီးစရာ instrument or furniture-စသည် များစွာ လိုကောင်း လိုပါလိမ့်မယ်။ ဒါပေမယ့် မိမိရဲ့ ရုပ်ရော စိတ်ပါ -၂-မျိုးလုံး လှပစေဖို့ အလှဆင်တဲ့နေရာမှာ instrument or furniture-ကတော့ စိတ်တစ်ခုတည်းပါ။ နှစ်သစ်မှာ မိမိတို့ရဲ့ “စိတ်ကလေး”လှအောင် ပြုပြင်ဖို့ လိုအပ်နေရင် ပြုပြင်ကြပါစို့လို့ တိုက်တွန်းရင်း...

No comments:

Post a Comment