Sunday, February 14, 2010

မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ်

အနောက်နိုင်ငံအသိုင်းအ၀ိုင်း၏ ဓလေ့ထုံးစံအရ အသက်(၂၁)နှစ်အရွယ်အထိ လူငယ်ဟု သတ်မှတ်၍ အသက်(၂၁)ကျော်လျှင် လူကြီးဟု သတ်မှတ်ကြသည်။ သင့်တင့် လျောက်ပတ်သော အတတ်ပညာ အသိပညာရှိသောအရွယ်ဟု သတ်မှတ်ကာ လူကြီးစာရင်းသွင်းကြခြင်းဖြစ်သည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်တော့ လူကြီးလူငယ်ဟု သီးခြားသတ်မှတ်ချက် ဟူ၍ တွေ့ ကြုံကြားဖူးခြင်း မရှိပါ။ အသက်ကြီးလျှင် လူကြီး၊ အသက်ငယ်လျှင် လူငယ်၊ မူလတန်း ပညာမကုန်မီ အထိတော့ ကလေးဟုသာ အကြမ်းဖျင်းသိမှတ်မိသည်။
အတတ်ပညာ အသိပညာလည်း ပြည့်စုံမှသာ လူကြီးဟု သတ်မှတ် ရလျှင်တော့ လူကြီး အတော် ရှားပါးမည့် သဘောရှိသည်။
ယခု ဆောင်းပါးသည် မြတ်ဗုဒ္ဓ္ဓဟောကြား ညွှန်ပြအပ်သော ၀ိပဿနာ တရားတော်ကို လူငယ် လူလတ်များ သိရှိအားထုတ်ခြင်း ပြုအပ် မပြုအပ် ဆိုသော အကြောင်းအရာကို ဆွေးနွေး တင်ပြလိုခြင်း ဖြစ်ပါသည်။
ဆောင်းပါး၏နောက်ပိုင်းတွင် မြတ်ဗုဒ္ဓဟောကြားသော ၀ိပဿနာတရားစစ် တရားမှန်လည်းဖြစ်၍ လူငယ်လူလတ်များနှင့်လည်း သင့်လျော်သော တရား အားထုတ်နည်းကိုပါ ထည့်သွင်းဖော်ပြပေးမည်ဖြစ်ပါသည်။
ရှေးဦးစွာ ဥပမာလေးတစ်ခုတင်ပြလိုပါသည်။
ဆိုကြပါစို့။ အသက်အရွယ်(၈၀)ခန့် ရှိနေပြီဖြစ်သော အဘိုးအို၊(သို့မဟုတ်) အမယ်အိုတစ်ယောက် သိန်းတစ်ထောင် ထီပေါက်ခဲ့သည်ဆိုပါစို့။ ထိုဆုလာဘ် ၏အကျိုးကို ထိုအဖိုးအို၊ ထိုအမယ်အို ကောင်းစွာခံစားနိုင်ပါမည်လော။
ခါးချိရွေ့ သွားမရှိတော့သော-
မျက်စိမှုံရွေ့ ခြေလက်တို့တုန်နေသော-
ထိုအဖိုးအဘွားအတွက် ကျပ်သိန်းတစ်ထောင် ၏အကျိုးကိုကောင်းစွာခံစား
နိုင်သောအခွင့်အရေး မရှိနိုင်တော့ပေ။ ငွေထုတ်ကို ပိုက်ထားရသည်မှန်သော် လည်း စားလိုတိုင်းလည်းမစားနိုင်၊ သွားလိုတိုင်းလည်းမသွားနိုင် တော့ အလာကောင်းသော်လည်းအခါနှောင်း၍ နေတော့မည်။
ဝိပဿနာတရားသည် သေခြင်းနှင့်ရင်ဆိုင်ရသောအခါ အသုံးဝင်သည်မျှသာ မက အသက်ရှင်နေထိုင်နေသမျှကာလပတ်လုံးလည်းအကျိုးပြုတတ်သောကျေးဇူး ဂုဏ်နှင့်လည်းပြည့်စုံသည်ကို လူငယ် လူလတ်များသတိမူကောင်း၏။
မြန်မာစကားပုံတစ်ခုရှိသည်။
“မြန်မာအိုကျောင်းကြိုကျောင်းကြား” ဟုဆိုကြသည်။
ကျွန်ုပ်တို့သည် ၀ိပဿနာတရားတော်ကို အသက်တော်တော်လေးကြီးမှ အားထုတ်ရမည်ဟု လွှဲမှားစွာ ယုံကြည်နေကြသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့ရ သည်။
အယူအဆမှားလျှင် အတွေးအခေါ်ပါ မှားယွင်းလာပြီင်္း-
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များအတွက် ရရှိအပ် ခံစားအပ်သောအခွင့်အရေး များစွာကို လက်လွတ်ဆုံးရှုံးကြရမည်။
ယနေ့ သိပံ္ပပညာရှင်များ ရှာဖွေတွေ့ရှိ ၊ ယခုမှသိသိလာသော အကြောင်းအရာ များကို မြတ်ဗုဒ္ဓသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၅၀ကျော်ကတည်းက သိရှိခဲ့ သည်။
ယနေ့ခေတ် အလွန်ထိပ်တန်းကျသည့် အတော့်ကို အတော်ဆုံးဖြစ်ပါသည်ဟု ဆိုသော သိပံ္ပပညာရှင်များမသိသေးသည်ကိုလည်း မြတ်ဗုဒ္ဓက သိရှိဟောကြားထား ခဲ့ပြီးဖြစ်သည်။
မြတ်ဗုဒ္ဓဟောကြားခဲ့သော ပိဋိကတ်(၃)ပုံမှ စင်္ကြ၀ဠာနှင့်ဆိုင်ရာ ဒြပ်များဆိုင်ရာ တရားတော်များကို စုဆောင်း၍ သီဟိုဠ်ကျွန်း ဆရာတော် (ဘီ၊ အနန္ဒာ မိုက်ထရေယ နာယက ထေရော ) ၁၉၅၇ ခုနှစ်က ပြုစုသည့် တရားတော်များကို ဆရာကြီး သခင်ဘသောင်းက ဗုဒ္ဓ၏စက်ြဝဠာတရား-ဟု ၁၉၇၅ ခုနှစ်က ဘာသာပြန်ထုတ်ဝေခဲ့သည်။
ယင်းသို့ဆိုလျှင် ထိုမျှတန်ဖိုးရှိနက်နဲသော တရားတော်များကို (ကျင့်သုံးလိုက်နာ လျှင်လည်း အမှန်တကယ် ချမ်းသာမှုရစေမည့် တရားတော်များကို) အိုကြီးအိုမ ညာဏ်တွေထိုင်းမှိုင်းကာမှ သင်ယူလျှင်ရော အမှန်တကယ်တတ်မြောက်နိုင်ပါ တော့မည်လော။ အလွန်ပညာညာဏ်ထက်ကာ သတိကောင်းသော ရာနှုံးနည်း ပါးသည့် လူကြီးလူအိုအနည်းစုတော့ သဘောပေါက်ကောင်း ပေါက်နိုင်မည် ဖြစ်သော်လည်း အများစု လူကြီးလူအိုများအတွက်မူ သင့်လျော် မလျော် စာဖတ်သူတို့ စဉ်းစားကြရန်သာဖြစ်ပါသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၅၅၀ ကျော်က မြတ်ဗုဒ္ဓက စက်ြဝဠာ အနန္တရှိသည်ဟု တရားတပုဒ်ဟောရာတွင်ပင် မည်မျှ အတိုက်ခံလုပ်၍ဟောရမည်ကို ယနေ့ ကျွန်ုပ်တို့စဉ်းစားကြည့်နိုင်သည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၅၅၀ကျော်က လူသားတို့သည် စက်ြဝဠာကိုအသာထား မိမိတို့နေထိုင်ရာ ကမ္ဘာကြီးအကြောင်းပင် ကောင်းကောင်းမသိခဲ့ကြ၊ သိနိုင် လောက်သော သိပံ္ပပညာလည်းမရှိသော ထိုသူများယုံကြည်ရန် အတော်ခက် လိမ့်မည်။ သို့သော် မြတ်ဗုဒ္ဓကမူ အရှိတရား၊ အမှန်တရားကို ဟောကြားခဲ့ သည်။
ယနေ့ ၂၁ ရာစု ထိပ်တန်းကျသော နက္ခတ္တဗေဒပညာရှင်များ မှန်ပြောင်း ကောင်းကောင်းထုတ်လုပ်နိုင်လေ ဂြိုဟ်သစ်ကြယ်သစ်များ တွေ့ရှိလေ ဖြစ်နေ သည်ကိုလည်း သတိထားသင့်သည်။
မြင်မှသိသော အသိတရားနှင့် မမြင်သော်လည်းသိသောပညာကားမနှိုင်းအပ်ရာသည်သာတည်း။
မြတ်ဗုဒ္ဓသည် ညာဏ်တော်ဖြင့်ဟောကြား၍ -
သိပံ္ပပညာရှင်များကမူ Trial and error method ဖြင့်သာအသစ်အဆန်းကို ရှာဖွေတွေ့ရှိကြရသည်။
စက်ြဝဠာရှိလူသားသည် စကြ်ာဝဠာ၏အစုဝင်တစ်ယောက်ဖြစ်သည်။ ထိုလူသား သည်သူ့အကြောင်းကို သူအလုံးစုံသိသောအခါ စက်ြဝဠာကိုလည်း သိပြီးဖြစ်ပေ သည်။
သင် မည်သို့ယူဆသနည်း။ လက်ခံနိုင်ပါ၏လော။
ယနေ့သိပံ္ပပညာရှင်များလက်ခံ ယုံကြည် အသုံးချနေသော သီအိုရီတစ်ခုကို ပြောပြလိုပါသည်။
ဒေါ်လတန်၏အက်တမ်သီအိုရီတွင်-
အရာဝတ္တုဟူသမျှကို အက်တမ်များဖြင့် ဖွဲ့စည်းထားသည်။ ဒြပ်တစ်ခု၏အသေး ငယ်ဆုံးအမှုံကို အက်တမ်ဟုခေါ်သည်ဟု ဆိုသည်။
ရွှေကိုရွှေအက်တမ်များဖြင့် ဖွဲ့စည်းထားသည်။
ရွှေ၏ဂုဏ်သတ္တိကိုလေ့လာလိုလျှင် ရွှေအက်တမ်ကို လေ့လာခြင်းအားဖြင့် အလုံးစုံသိမြင်ကြသည်။
ထိုသို့ဆိုလျှင် စကြ်ာဝဠာအစုဝင်ဖြစ်သည့် လူသားတစ်ဦးသည် သူ့အကြောင်း သူ အလုံးစုံသိလျှင် စက်ြဝဠာကိုပါသိနိုင်သည်ဆိုသော အဆိုကို သင်ငြင်းဆိုမည်ဆို လျှင်-
စက်ြဝဠာအစုအဝေးတစ်ခုဖြစ်သော ကမ္ဘာတွင် သစ်ပင်တောတောင်ရေမြေဟူ သော သက်မဲ့များနှင့် လူနှင့်တိရစ္ဆာန်ဟူသော သက်ရှိသတ္တ၀ါများရှိကြသည်။
လူနှင့်တိရစ္ဆာန်တွင် လူသည် အလွန်ညာဏ်ရည်ပြည့်စုံသည်။
ထိုလူသည် သူ့အကြောင်းသူ အလုံးစုံသိအောင်လုပ်နိုင်သောပညာကို သင်ယူ တတ်မြောက်၍ သိခဲ့သော်၊ စက်ြဝဠာအကြောင်း သိနိုင်ရန်ဝန်မလေးတော့။ သို့သော် ထိုပညာကိုလူတိုင်းသိနိုင်ပါသလော။
ပညာတစ်ရပ်ကို ဆရာထံမှ(မြင်ဆရာ၊ကြားဆရာ)မသင်ယူပဲ၊ ကိုယ်တိုင်တတ် မြောက်ရန်မှာ လွန်စွာခက်ခဲပေလိမ့်မည်။ အတန်းကျောင်း“သညာ” စားဝတ် နေရေး၊စီးပွါးရေး“သညာ”များကိုပင် သင်ပေးသူကသင်ပေးသည့်တိုင် ခံယူသူကို လိုက်ရွေ့ ကွဲပြားခြားနားကြသေးသည်။
မြတ်ဗုဒ္ဓသည် မိမိကိုယ်ကို မိမိအလုံးစုံ သိမြင်သောအခါ စက်ြဝဠာကိုလည်း ခြေဆန့်စရာမလိုပဲ သိခဲ့သည်။
လူသားတိုင်း ခံစားကြရသော သောက ဒုက္ခ(လောဘမီး၊ ဒေါသမီးတို့၏ လောင် ကျွမ်းခံရခြင်း)အပေါင်းမှ လွတ်မြောက်ခဲ့သည်။
ထို မိမိကိုယ်ကိုသိစေသောတရားတော်ကား“၀ိပဿနာ”တရားတော်ပေတည်း။
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည် ထို အလွန်မြင့်မား မြင့်မြတ်လှသောတရား တော်များနှင့် အူဝဲမှသည် သုသာန်ကြား အတူနေထိုင်ခဲ့ကြသော်လည်း ထို တရားတော်များ၏ တန်ဘိုးကို သိ၍ကျင့်ကြံအားထုတ်နိုင်သူကား လွန်စွာ နည်းလှသည်။ ၀မ်းနည်းဖွယ်ရာပင်။
ဝိပသနာတရားတော်ကို ကောင်းစွာသိ၍ ကျင့်ကြံအားထုတ်သောကြောင့် သံသရာ ဆင်းရဲဒုက္ခမှ လွတ်မြောက်ခဲ့သည့် ရဟန္တာပုဂိုလ်ကြီးများ မြန်မာပြည် တွင် အထင်အရှားရှိသည်။
သံသရာမှလွတ်မြောက်ရန်ဆိုသော အဆင့်ကို ခေတ္တထား၍
ဝိပဿနာတရားတော်ကျေးဇူးကြောင့် ပစ္စုပန်ဘ၀တွင်ပင် အောင်မြင်ခဲ့သော လူပုဂိုလ်များလည်း အထင်အရှားရှိသည်။
ကမ္ဘာ့ကုလသမဂ၏အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ခဲ့၍ တတိယကမ္ဘာစစ် မီးကြီးမလောင်အောင် စွမ်းဆောင်ကာကွယ်နိုင်ခဲ့သော ဦးသန့်သည်လည်းကောင်း၊
သာမန်လူတစ်ယောက်ဖြစ်သော်လည်း မြန်မာနိုင်ငံ၏လွန်စွာ အရေးပါ အရေးကြီး သောဋ္ဌာနကြီး(၄)ခုကို တာဝန်ယူ၍အောင်မြင်အောင် ထမ်းဆောင် နိုင်စွမ်းခဲ့သော ဆရာကြီးဦးဘခင်(အပြည်ပြည်ဆိုင်ရာဝိပသနာ ကမ္မဋ္ဌာန်းရိပ်သာ စတင်ခဲ့သူ)သည်လည်းကောင်း၊
ယနေ့လူငယ်များကိုယ်တွေ့မျက်မြင် ကမ္ဘာ့အကြီးဆုံး လှိုင်ဂူဘုရားကြီးကို တည်၍၊ တကမ္ဘာလုံး ၀ိပဿနာတရားပြကာ လွန်စွာကြီးလေးများပြားလှသော တာဝန်ကြီးများကို ထမ်းဆောင်နေသည့် ဆရာကြီး ဂုရုကြီးဦးဂိုအင်ကာသည် လည်းကောင်း၊
ဝိပဿနာတရားတော်၏ အစွမ်းဖြင့် လွန်စွာကြီးသော (သာမန်လူတို့ဖြစ် နိုင်မည်မထင်သော)တာဝန်ကြီးများကို ထမ်းဆောင်နေသည့် ပုဂိုလ်များဖြစ် သည်။
ဝိပဿနာတရားသည်
ညာဏ်အလုပ်ဖြစ်သည်။
သဘောပေါက်အောင်နာယူရမည်။(လွန်စွာနက်နဲသောတရားများဖြစ်သောကြောင့်)
ကျင့်နိုင်စွမ်းရှိရမည်။ (အရွယ်၏ကောင်းခြင်းအလွန်အရေးပါသည်)
ထို့ကြောင့်လူငယ်များနှင့် ပို ၍သင့်လျော်သည်။
သင်သည် လူငယ်လူလတ်ဖြစ်ခဲ့သော် ၀ိပဿနာတရားအားထုတ်ရန် လွန်စွာ သင့်လျော်သောအရွယ် ဖြစ်ပေလိမ့်မည်။
ယနေ့ကမ္ဘာတွင် လူဦးရေ သန်း-၆၅၀၀ကျော်ရှိသည်။
ဗုဒ္ဓဘာသာဝင် သန်းပေါင်းအနည်းငယ်မျှသာရှိသည်။
ထိုဗုဒ္ဓဘာသာဝင်များအနက်မှ ဘုရားဖြစ်ရေးဖက်အားသန်သော မဟာယနပေါင်း များစွာ နှုတ်ပါယ်သော်-
ဝိပသနာတရားအစစ်အမှန်ကို သိခွင့်အားထုတ်ခွင့်ရှိသောသူမှာမူ လွန်စွာနည်းပါး သည်။
ထိုနည်းပါးသောလူစုတွင် သင်ပါဝင်နေပြီဆိုလျှင်-
သင့်အကြောင်း သင်သိပြီးနောက်၊ စကြ်ာဝဠာပါ ထွင်းဖောက်သိနိုင်သောညာဏ် ကို သင့်မှာရနိုင်သောအခွင့်အရေးရှိပြီဆိုလျှင် သင်ဝမ်းမြောက် ၀မ်းသာ မဖြစ်သင့်ပါသလော။
ယခုမှာကား နိဒါန်းသာဖြစ်ပေသည်။ ကျွန်ုပ်က ကျွန်ုပ်တတ်သိသမျှ (ဘုရားဟောတရားများကို) လူငယ်လူလတ်များ ရှင်းလင်းစွာသိရှိခွင့် ရရန် ဆက်လက်တင်ပြသွားမည်ဖြစ်ပါ သည်။

No comments:

Post a Comment