Sunday, February 21, 2010

အတွေးမှတ်စုများ-၎

*
အတွေးအခေါ်ပညာရှိတဲ့ ပုဂ္ဂိုလ်ဟာ သူများမှားတာကို သင်ခန်းစာယူတတ်၏။
အတွေးအခေါ်ပညာနည်းတဲ့ ပုဂ္ဂိုလ်ကကျတော့ ကိုယ်တိုင်မှားမှ သင်ခန်းစာယူတတ်၏။
အတွေးအခေါ်ပညာမရှိတဲ့ ပုဂ္ဂိုလ်ကတော့ ကိုယ်ကိုယ်တိုင်မှားတာတောင် သင်ခန်းစာမယူတတ်ပေ။


*
ပညာရှိထံ နည်းခံသင်မှ ပညာရ၏။
ထကြွလုံ့လ ရှိမှ ဥစ္စာရ၏။
သစ္စာတည်မှ ကျော်စော ရ၏။
ပေးကမ်းတတ်မှ ကုသိုလ်ရ၏။



* မိဘနှစ်ဖြာ ရှိနေပါလည်း၊ ကျေးဇူးမသိ မဆပ်ဘိက၊ တစ်သက်လုံးလုံး လူဖြစ်ရှုံး၏။


* ပါရမီဆိုတာ မြင့်မြတ် သူတွေရဲ့ အလုပ်လို့ အဓိပ္ပာယ်ရ၏။ တနည်းအားဖြင့် ပါရမီ ဆိုတာ “မြင့်မြတ်သူ ဖြစ်ကြောင်း အလုပ်” လို့ အဓိပ္ပာယ်ရ၏။ လူတစ်ယောက်ကို မြင့်မြတ်သူ ဖြစ်စေနိုင်တဲ့ အလုပ်၊ မြင့်မြတ်သူ အဖြစ် ပို့ဆောင် ဖန်တီးပေးနိုင်တဲ့ အလုပ်ဟာ ပါရမီရဲ့ အဓိပ္ပာယ်ပါပဲ။



*
မိုက်သူသည် မိမိလုပ်ငန်း မအောင်မြင်လျှင် တစ်ခြားသူများအပေါ် အဖြစ်ဖို့၏။
ထို့ထက် လိမ္မာသူသည် မိမိကိုယ်မိမိ အပြစ်ဖို့၏။
အလိမ္မာဆုံးပုဂ္ဂိုလ်ကတော့ ဘယ်သူ့ကိုမှ အပြစ်မဖို့။



*
မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
ကောင်းတယ်ဆိုတာလည်း ကိုယ်ပဲခံရတာ။



*
စိတ်လေးနေခဲ့သော်…. သင့်စိတ်၏အကြံ မီးဒဏ်သင့် ခံနေရရှာပြီ။
စိတ်ပြေးနေခဲ့သော်…… သင့်စိတ်ထဲ မီးစွဲနေချေပြီ။
စိတ်ဆွေးနေခဲ့သော်… သင့်စိတ်တစ်စဉ်လုံး မီးဟုန်းဟုန်း တောက်ထချေနေခြေပြီ။



*
အလုပ်ရှုပ်ရင် အလုပ်ပြောင်း ကံ ကောင်းအောင်။
အာရုံ ရှုပ်ရင် အာရုံပြောင်း ဈာန်ကောင်းအောင်။
စိတ် ရှုပ်ရင် စိတ်ပြောင်း ဥာဏ်ကောင်းအောင်။



* သေးသိမ်ညံ့ဖျင်းတဲ့ အမှုကို နည်းနည်းလေးမှ မလုပ်လေနှင့်။



* သင်၏ ကောင်းမှန်သော ကြံစည်မှု၊ ပြောဆိုမှု မှန်စေခြင်း ဖြင့်သာ အတူနေများ ဂုဏ်မြင့်ဖွား၍ အင်အား တတ်စေရာ၏။



* အကုသိုလ်တရားမှ အကျိုး ပေးသောအခါ ဒေါသ မဖြစ်လိုက် ပါနှင့်၊ ၀မ်းသာ လိုက်ပါ။ “အကုသိုလ် အကြေး ကျေပြီ” ဟူ၍ နှလုံးသွင်းလိုက်ပါ။



*
စိတ်သည် ဆုံးမရန် အလွန်ခက်၏၊ အလွန်လျှင်မြန်၏၊ ရောက်ချင်ရာသို့ ရောက်တတ်၏။
ထိုစိတ်ကို ယဉ်ကျေးအောင် ဆုံးမနိုင်လျှင် ကောင်း၏။
ယဉ်ကျေးသော စိတ်သည် ချမ်းသာကိုဆောင်နိုင်၏။



* သတိ ဆိုတာ စိတ်ရဲ့နေအိမ်ပါပဲ။ သတိ မရှိတဲ့ စိတ်ဟာ စိတ်မရှိတဲ့ လူလိုပဲ ကြုံရာ၊ ခြေဦးတည့်ရာ လျှောက် သွားနေတတ်တယ်။ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှု မရှိဘူး။ ဂုဏ်သိက္ခာ မရှိဘူး။



*
“ဥစ္စာ” ထဲမှာ အနှစ်ရှာ တွေ့တာ “ဒါန”ပဲ။
“ခန္ဒာ” ထဲမှာ အနှစ်ရှာ တွေ့တာ “သီလ” ပဲ။
“၀ိဥာဉ်” ထဲမှာ အနှစ်ရှာ တွေ့တာ “ဘာဝနာ”ပဲ။



* အကြင် စကားဖြင့် မိမိကိုယ်ကို မပူပန်စေရာ၊ သူတစ်ပါး တို့ကိုလည်း မပူပန်စေရာ။ စင်စစ် ထိုစကားကို ဆိုရာ၏။ ထိုစကား သည်သာ ကောင်းစွာဆိုအပ်သော စကားမည်၏။



* မြတ်သော အကျင့်သီလမရှိဘဲ အနှစ်တစ်ရာ အသက်ရှင်နေရ တာထက် မြတ်သော အကျင့်သီလရှိပြီး တစ်ရက်မျှ အသက်ရှင်နေရတာက သာ၍မြတ်၏။



*
ရန်ကိုရန်ခြင်း မတုန့်ညှင်းရာ။ မေတ္တာဖြင့်သာ အောင်မြင်ရာ၏။
သည်းခံခြင်းထက် လွန်သောတရားမရှိ၊ သည်းခံခြင်းသည် မြတ်သောအကျင့်တရားဖြစ်၏။



* လောကဓံအား သည်းခံနိုင်ခြင်း (ခန္တီတရား) သည် အမိနှင့် တူ၏။ လောကဓံအား လစ်လျှူရှုနိုင်ခြင်း (ဥပက္ခာတရား) သည် အဖ နှင့် တူ၏။



*
အချိန်ကို အကျိုးရှိအောင် အသုံးချရန် နည်းလမ်းလေးသွယ်….
(က) အခါအားလျော်စွာ တရားနာခြင်း၊
(ခ) အခါအားလျော်စွာ တရားဆွေးနွေးခြင်း၊
(ဂ) အခါအားလျော်စွာ မိမိ သိရှိထားပြီးသော တရား သဘောတွေကို ကောင်းစွာ သုံးသပ်ခြင်း၊ ပြန်လည် ဆင်ခြင် စဉ်းစားခြင်း။
(ဃ) အခါအားလျော်စွာ ရှေ့နောက် ဆက်စပ် သတိကပ်၍ ခန္ခာ၏ “အဖြစ်-အပျက်” ကို ရှုမှတ်ပွားများခြင်း။



* အရင်ကောင်းလို့ အခုကောင်းသည်။ အခုကောင်း…. နောင်ကောင်းပါလိမ့်မည်။



* လူမိုက်တစ်သောင်း ချီးမွမ်းရှောင်းလည်း၊ လူကောင်းတစ်ယောက် ပြစ်တင်ကြောက်လော့။



*
အိပ်ယာမှ ခဏခဏနိုးနေသူတို့အတွက် “ည” သည် ရှည်လျားလှစွာ၏။
ခရီးပန်းလာသော သူတို့အတွက် “ခရီး” သည် ရှည်လျားလှစွာ၏။
သူတော်ကောင်းတရားကို မသိကြသော သူတို့အတွက် “သံသရာခရီး” သည်ရှည်လျားလှစွာ၏။


* ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍၊ ပုန်းလျှိုးနေခို မသေလိုလည်း၊ ဤကိုယ်မုချ မနေရဘူး။



* သေခြင်းတရားဟာ မှည့်နေတဲ့ အသီးလိုဘဲ အချိန်မရွေး ကြွေကျနိုင်တယ်။



*
အားကိုးရာအစစ်ကား ဗုဒ္ဓ၊ ဒမ္မ၊ သံဃ။
မိတ်ဆွေအစစ်ကား ကံ၊ ဥာဏ်၊ ၀ီရိယ။
ရန်သူအစစ်ကား လောဘ၊ ဒေါသ၊ မောဟ။
နေ့စဉ်အလုပ်ကား ဒါန၊ သီလ၊ ဘာဝနာ။
အမြဲနှလုံးသွင်းရန်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တ။
အမြဲလက်ကိုင်ထားရန်ကား ခန္တီ၊ မေတ္တာ၊ သစ္စာ။


*
တကယ့်သူတောင်ကောင်းဆိုတာ ရယူခြင်းထက် ပေးဆပ်ရတာကို နှစ်သက်တယ်။



*
တရားအားထုတ် ကုသိုလ်လုပ် အဟုတ်မပျင်းနှင့်။



* ငါတို့ဖြစ်ရ ဤ လောက၀ယ်၊ ဘ၀သမိုင်း မရိုင်းစေရန်၊ စိတ်မာန်မချ မာနမပါ၊ တို့ စွမ်းရာဖြင့် တို့သာသနာ၊ တို့ ပြည်ရွာကို သာယာစေမှု လုံ့လပြုအံ့။

No comments:

Post a Comment