လက်နဲ့ လက်ကောက်ဝတ်နေရာမှာ နာကျင်ကိုက်ခဲမှုဟာ အဖြစ်များတဲ့ ကြွက်သားနဲ့ အဆစ်ဆိုင်ရာ ပြဿနာတခု ဖြစ်ပါတယ်။ လူအများစုဟာ တနေ့လုံးနီးပါး လက်တွေကို အသုံးပြုပြီး အလုပ်လုပ်နေရတဲ့အတွက် လက်နဲ့ လက်ကောက်ဝတ်တွေမှာ ညောင်းညာပင်ပန်းမှု၊ နာကျင်ကိုက်ခဲမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေဟာ ဆိုးရွားတဲ့ ပြဿနာတခု ဖြစ်လာပါတယ်။
( အဖြစ်များသော လက်နှင့် လက်ကောက်ဝတ်ပြဿနာများ )
ခန္ဓာကိုယ်အစိတ်အပိုင်းတခုခုကို သုံးပြီး လှုပ်ရှားမှုပုံစံတမျိုးတည်းကို ထပ်ကာထပ်ကာလုပ်ရင် အဲဒီနေရာမှာ ထပ်ကာထပ်ကာဖိစီးမှုကြောင့် ဖြစ်တဲ့ ထိခိုက်ဒဏ်ရာရမှု (Repetitive stressinjury) ဖြစ်နိုင်ပါတယ်။ ကွန်ပျူတာ စာစီစာရိုက်သူ၊ စာရေး၊ ဂီတသမား၊ လက်သမားနဲ့ အားကစားသမားတွေဟာ သူတို့ရဲ့လက်နဲ့ လက်ကောက်ဝတ်မှာ ဒီလို ပုံစံထိခိုက်မှုမျိုး ဖြစ်တတ်ပါတယ်။
Carpal Tunnel Syndrome ဆိုတာ အဖြစ်များတဲ့ လက်ကောက်ဝတ်ဆိုင်ရာ နောက်ထပ် ပြဿနာတခုပါ။ လက်ကောက်ဝတ်မှာရှိတဲ့ အာရုံကြောကို ဖိမိခြင်းကြောင့် လက်မ၊ လက်ညှိုး၊ လက်ခလယ် စတဲ့ လက်ချောင်းတွေမှာ နာကျင်တတ်ပါတယ်။ ဒီပြဿနာရှိသူတွေဟာ အလုပ်လုပ်နေစဉ်မှာ လက်ကောက်ဝတ်အစွပ် တပ်ထားရတတ်ပါတယ်။
အရင်ကဖြစ်ခဲ့တဲ့ ထိခိုက်ဒဏ်ရာနဲ့ အဆစ်လွဲတဲ့ ဒဏ်ရာအဟောင်းတွေကလည်း ပြန်ပြီး ဒုက္ခပေးနိုင်ပါသေးတယ်။ ဥပမာ-အရင်ဒဏ်ရာအဟောင်းရှိတဲ့နေရာမှာ အဆစ်ရောင်လာတာမျိုးပါ။ အဆစ်ရောင်တာဟာ လက်ချောင်းတွေကို ထိခိုက်နာကျင်စေပါတယ်။ လက်မအဆစ်ရောင်တာမျိုးက အဖြစ်များပြီး နာကျင်တတ်ပါတယ်။
အရွတ်တွေအနားမှာ အဖုဖြစ်တာ၊ ဒါမှမဟုတ်-တစ်သျှူးရောင်တာမျိုးကလည်း လက်နဲ့လက်ကောက်ဝတ်တွေကို နာကျင်စေနိုင်ပါတယ်။
( လက်နဲ့လက်ကောက်ဝတ် နာကျင်တတ်သူများ )
ဘယ်သူမဆို တချိန်မှာ လက်နဲ့လက်ကောက်ဝတ် နေရာတွေမှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေကတော့ သူတို့ရဲ့လက်ကောက်ဝတ် လက်မနဲ့လက်ချောင်းတွေကို အနှောက်အယှက်ဖြစ်စေတဲ့ အဆစ်ရောင်နာရောဂါတွေ အဖြစ်များပါတယ်။ ငယ်ရွယ်သူတွေကတော့ ချော်လဲတာ ဒါမှမဟုတ်-အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာရတာတွေကြောင့် အဆစ်ရောင်နာ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာမှာ စာရိုက်တာ၊ ဆံပင်ညှပ်တာ၊ စားသောက်ဆိုင်မှာ ဟင်းသီးဟင်းရွက်တွေ အမြဲလှီးဖြတ်ရတာနဲ့ အရောင်းကောင်တာမှာ အလုပ်လုပ်တာတွေလိုမျိုး အနေအထားတမျိုးတည်းမှာ ထပ်ကာထပ်ကာ လှုပ်ရှားရတာကြောင့်လည်း လက်နဲ့လက်ကောက်ဝတ် နာကျင်တတ်ပါတယ်။
( ကာကွယ်မှု )
လက်နဲ့လက်ကောက်ဝတ် ထိခိုက်ဒဏ်ရာရမှုတွေကို ကာကွယ်ဖို့အတွက်-
* သင်အလုပ်လုပ်တဲ့နေရာ သင့်အတွက် အဆင်ပြေနေဖို့ လိုအပ်ပါတယ်။ သင်အသုံးပြုရမဲ့ ပစ္စည်းတွေကို မှန်ကန်တဲ့ အနေအထားမှာ ရှိအောင် စနစ်တကျ စီစဉ်ထားရှိပါ။
ဥပမာ-သင်ဟာ ကွန်ပျူတာ သုံးသူဆိုရင် သင့်စားပွဲနဲ့ ကီးဘုတ်တွေကို မှန်ကန်တဲ့အနေအထားမှာ ထားရှိမှသာ သင့်ပခုံး၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်နဲ့ လက်တွေဟာ သက်သောင့်သက်သာ လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။
* အလုပ်ကို ဆက်တိုက် အကြာကြီး မလုပ်ဘဲ ကြားထဲမှာ မကြာခဏ နားပေးပါ။ သင့်ပခုံး၊ လည်ပင်း၊ လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေကို ဆွဲဆန့်ပေးပါ။
* အလုပ်လုပ်တဲ့ရက်တွေအတွင်း နံနက်နဲ့ နေ့လယ်ခင်းတွေမှာ သင့်လက်ကောက်ဝတ်နဲ့ လက်တွေအတွက် လေ့ကျင့်ခန်း လုပ်ပေးပါ။
* ချော်မလဲအောင် ဂရုစိုက်ပါ။ ချော်လဲတဲ့အခါ လက်နဲ့ထောက်မိရင် လက်ကောက်ဝတ်မှာ ဒဏ်ရာရတတ်ပြီး နောက်ပိုင်းမှာ မကြာခဏ နာကျင်လာတတ်ပါတယ်။
( ကုသမှု )
* သင့်လက်နဲ့ လက်ကောက်ဝတ်မှာ နာကျင်နေတာဟာ ရက်အနည်းငယ်ကြာတဲ့အထိ မပျောက်နိုင်ရင် ဒါမှမဟုတ်-ပိုဆိုးလာရင် ဆရာဝန်ပြပါ။ သင်ဟာ နာတာရှည်ရောဂါမဖြစ်ခင် ပြဿနာကို ရှာဖွေစစ်ဆေး ကုသမှသာ ထိခိုက်ပျက်စီးမှုနည်းမှာ ဖြစ်ပါတယ်။
* ဆရာဝန်က လိုအပ်ရင် ကာယကုသမှုယူဖို့ ညွှန်ကြားပါလိမ့်မယ်။
( ဂရုစိုက်ပါ )
* သင့်ခန္ဓာကိုယ်က အသံကို နားထောင်ပါ။ ဘယ်လိုအနေအထားက သင့်ကို သက်သောင့်သက်သာ ဖြစ်စေသလဲ၊ ဘယ်လိုအနေအထားက သင့်ကို နာကျင်စေသလဲဆိုတာ ဂရုစိုက်လေ့လာပါ။
* သင့်ခန္ဓာကိုယ်က နာကျင်လာတဲ့အခါ ဇွတ်ပေပြီး ဆက်မလုပ်ပါနဲ့။
* သင့်ခန္ဓာကိုယ်ကို အနားပေးဖို့ သတိရပါ။ အလုပ်လုပ်နေစဉ်အတွင်း သင့်နောက်ကျော၊ ပခုံးနဲ့ လည်းပင်းတွေကို မကြာခဏ ဆွဲဆန့်ပေးပါ။
( ဆွေဆွေမျိုးနိုင်-ဆေးဝါးတက္ကသိုလ် )
Good Health 2-3-10
Monday, March 15, 2010
သင့် လက်တွေ နာကျင်နေပြီလား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment