“မကွေးမြို့ နေ့စဉ်သံဃာ့ဒါန ဆွမ်းလောင်းအသင်း သမိုင်းအကျဉ်း”
ဤအသင်းကို (၁၉၅၇)ခု၊ ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပါသည်။ မကွေးမြို့ပေါ်ရှိ စာသင်တိုက်ကြီးများမှ ဆရာတော်ကြီးများအား နာယက အမှူးထား၍ မြို့မိ၊မြို့ဖ အမှုဆောင်လူကြီးများဖြင့် ဖွဲစည်းလာခဲ့ကြပါသည်။ မဟာဓမ္မိကရာမ( မြောက်စာသင်ကျောင်းတိုက်) ကျောင်းဝိုင်း၏ အနောက်ဘက်ခြမ်းတွင် တည်ရှိပါသည်။
(ဖုန်းနံပါတ်(၀၆၃-၂၆၀၂၆)။ လိပ်စာ =နေ့စဉ်သံဃာ့ဒါနဆွမ်းလောင်းအသင်း ဘုရားလမ်း၊ ဈေးလယ်စိုး ရပ်ကွက်။ မကွေးမြို့)။
မကွေးမြို့ပေါ်ရှိ ကျောင်းတိုက်ကြီး(၁၈)တိုက်နှင့် ဘုန်းတော်ကြီးကျောင်းအားလုံးတွင် သီတင်းသုံးတော်မူ နေကြသော ဆရာတော်သံဃာတော်များအား နေ့စဉ်အာရုံတက်ချိန်မှစ၍ နံနက်(၆)နာရီခန့်အထိ အာရုံဆွမ်းဘုန်းပေးသုံးဆောင်နိုင်ကြရန် လောင်းလှူပေးကြပါ၏။
အများဆုံး ထာဝရဆွမ်းပဒေသာပင်အလှူရှင်မှာ ဦးဗေဒါ ငွေကျပ်သိန်း(၅၀)ဖြစ်ကြောင်း သိရ၏။ယနေ့အထိ ဆွမ်းပဒေသာပင် အလှူရှင်များ၏ ငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် စုပေါင်းအပ်နှံထားပါသည်။ ယင်းငွေများမှ တစ်နှစ်ရရှိသော ဘဏ်တိုးငွေများဖြင့်သာ ဆွမ်းလောင်းရန်အသုံးပြုကြပါသည်။
ဆွမ်းအလှူရှင်မရှိသောနေ့များတွင်သာ နေ့စဉ်မပျက်အောင် ဆွမ်းလောင်းအသင်းမှ လောင်းလှူပေးကြပါသည်။ ယခုလက်ရှိ ၀ါဆိုသံဃာစာရင်းအရ သံဃာအပါး (၁၉၀၀) ရှိပါသည်။
ဆွမ်းဆန်အိတ်(၈)အိတ်ကို ပေါင်းအိုးများဖြင့် ချက်ရပါသည်။
ပထမတန်းစားအလှူ ငါးခြောက်ကြော်၊ ပဲဟင်း၊သရက်ချဉ်၊ ငရုပ်သီးကြော်များနှင့် လောင်းလှူပါလျှင် (၇၅၀၀၀၀) ကျပ် ကုန်ကျပါမည်။ ၀က်သားဟင်း ပိဿာချိန် (၈၀)ပိဿာနှင့် သရက်ချဉ်၊ ငါးပိကြော်များနှင့် လောင်းလှူပါလျှင် (၇၅၀၀၀၀)ကျပ် ကုန်ကျ ပါမည်။ (ကြက်၊ ဆိတ်သား၊ ငါးကြီးသားများဖြင့်လည်း ဤဈေးနှုန်းခန့်သာ ကုန်ကျပါမည်။ ဗူးသီး၊အာလူးစသည့်အရောများပါလျှင် (၄၅၀၀၀၀)ကျပ်၊ (၅၅၀၀၀၀)ကျပ်ခန့်သာ ကုန်ကျပါမည်။
ကုလားပဲနှင့်သီးစုံပဲဟင်း၊ သရက်ချဉ်၊ငါးတံခွန်ငါးခြောက်နှင့် ငရုတ်သီးကြော်ဟင်းများဖြင့် လောင်းလှူပါလျှင်(၂၇၀၀၀၀)ကျပ် ကုန်ကျပါမည်။ (နေ့စဉ် သံဃာ့ဒါန ဆွမ်းလောင်းအသင်းမှ လောင်းလှူသော ဟင်းများဖြစ်၏။) ဆွမ်းအတွက်ကို ဇလုံ အလတ်ဖြင့် အမောက်အပြည့် တစ်ပါးစာ သုံးဆောင်နိုင်ရန် လောင်းလှူပေးပါသည်။
ဆွမ်းလောင်းအသင်းတွင် အမှုဆောင်ကော်မတီ လူကြီးမင်းများသည် စေတနာဝန်ထမ်းဖြင့် (အခမဲ့) တာဝန် ထမ်းဆောင်ကြပါသည်။ ငွေစာရင်းကိုင်စာရေးကြီးနှင့် ဆွမ်းချက်ရန် ၀န်ထမ်း(၅)ဦးဖြင့် တာဝန်ပေး ခန့်ထားပါသည်။ ဆွမ်းအလှူရှင်များအနေဖြင့် မိမိတို့၏ နေအိမ်၊ တိုက်တာများတွင် အာရုဏ်ဆွမ်းကပ် လောင်းလှူလိုပါလျှင်လည်း နေ့စဉ်သံဃာ့ဒါန ဆွမ်းလောင်းအသင်းမှ အသံချဲ့စက်၊ မဏ္ဍပ်ဆင်၊ ဆွမ်းပေါင်းအိုး၊ ဟင်းချက်အိုး၊စသည့် လိုအပ်သော ပစ္စည်းအစုံတို့အား အခမဲ့ငှါးရမ်းပေးပါသည်။ ဆွမ်းချက်၊ ဆွမ်းလောင်းရာတွင်လည်း အမှုဆောင်ကော်မတီလူကြီးများ ဦးဆောင်၍ ၀န်ထမ်းများဖြင့် အားလုံး တာဝန်ကျေအောင် လိုက်လံကူညီဆောင်ရွက်ပေးကြပါသည်။
ဆွမ်းလောင်းလှူပြီး၍ ဆွမ်းရေစက်ချသည့်အထိ နေ့စဉ်သံဃာ့ဒါနဆွမ်းလောင်းအသင်းမှ လိုအပ်မူမရှိစေရအောင်အစစအရာရာတာဝန်ကျေပွန်စွာဖြင့် သာသနာ၏အကျိုးအား မျက်နှာကြီးငယ်မလိုက်၊ကိုယ်ကျိုးမဖက် တည့်တည့်မတ်မတ် ဆောင်ရွက်ပေးနေကြပါသည်။
သို့သော်လည်း..နေ့စဉ် သံဃာတော်အပါး (၁၉၀၀)ပါး အတွက်ကို ဆွမ်းလောင်းအသင်း၏ ဆွမ်းပဒေသာပင် ငွေများဖြင့် ထုတ်ယူဖြည့်ဆည်း လောင်းလှူနေရသော ရက်များက တစ်နှစ်ထက်တစ်နှစ် များပြားစွာ ကုန်ကျနေ ပါ၏။ ဘဏ်မှ အတိုးနှုန်းရငွေများဖြင့် ယခု ကုန်ဈေးနှုန်းများအား သုံးစွဲနေရသောငွေများမှာ လောက်ငမှု မရှိကြောင်း မြင်တွေ့နေရပါသည်။
ဆွမ်းလောင်းအသင်း စတင်ထူထောင်သောကာလ အချိန်အခါက ဆွမ်းဆန်အိတ်များကို အစိုးရမှ ဈေးနှုန်း သက်သာစွာဖြင့် ထုတ်ယူရရှိခဲ့ကြောင်း ကြားသိရပါ၏ ။ယခုအခါ ကိုယ်ထူ ကိုယ်ထဖြင့် စီမံဆောင်ရွက် နေရပေပြီ။ တစ်နှစ်လျှင် တလတိတိ အချိန်ယူ၍ ဆရာတော်ကြီးများကိုယ်တိုင် ကြွချီတော်မူပြီး မြို့ပေါ်ရပ်ကွက် များသို့ ဆွမ်းဆန်စိမ်းများ အလှူခံတော်မူနေကြပေပြီ။
နေ့စဉ် သံဃာ့ဒါနဆွမ်းလောင်းအသင်းအမူဆောင်ကော်မတီ လူကြီးများက ရှေမှအသံချဲ့စက်ဖြင့် အလှူခံရ၏။ ဆရာတော်သံဃာတော်ကြီးများကလည်း နေပူ၊မိုးရေစိုခံတော်မူ၍ တစ်လမ်းဝင် တစ်လမ်းထွက် အလှူခံနေ ရပါသည်။ (အလှူခံသံဃာတော်များအား ဆရာတော်ကျောင်းထိုင်ဖြစ်ရမည်၊ စာသင်တိုက်မှဖြစ်ရမည်။ တစ်နေ့ သံဃာအပါး(-----) ကန့်သတ်ပေးနေကြပါ၏)။
သို့ပါ၍ မကွေးမြို့ နေ့စဉ်သံဃာ့ဒါန ဆွမ်းလောင်းအသင်းအား ဆက်လက်တည်တံ့ ဆောင်ရွက်နိုင်ကြစေရန် ရပ်ဝေး၊ရပ်နီး၊ ပြည်တွင်း၊ပြည်ပမှ သာသနာ့ဆွေတော်မျိုးတော် အပေါင်းတို့ခင်ဗျား ထာဝရ ဆွမ်းပဒေသာပင်များကို မိမိတို့သဒ္ဒါကြည်ဖြူစွာဖြင့် တတ်စွမ်းသမျှ လှူဒါန်းပေးတော်မူကြပါရန် သာသနာ၏ အကျိုးကို မျှော်လျှက် နိုးဆော်လိုက်ရပါသည်။

No comments:
Post a Comment