Monday, March 15, 2010

ဆုံးမစာများ

စိတ်ကိုစောင့်ရှောက်

အလွန်သိမြင်နိုင်ခဲ၍ အလွန့်အလွန်လည်း သိမ်မွေ့လျက် ကောင်းကောင်းဆိုးဆိုး သူကျချင်သည့်အာရုံ၌
ကျနေတတ်သည့်စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။
လုံခြုံအောင် စောင့်ရှောက်ထားသည့် စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။

( ဓမ္မပဒ-စိတ္တ၀ဂ်)


ကောင်းမှုပြုသူ

ကောင်းမှုပြုသောသူသည်
ဤဘ၀၌လည်း နှစ်သက်ရ၏။
နောင်ဘ၀၌လည်း နှစ်သက်ရ၏။
ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘ၀တို့၌ နှစ်သက်ရ၏။
ငါသည် ကောင်းမြတ်သောအမှုကို ပြုရပေသည်ဟု နှစ်သက်ရ၏။
ထိုသူသည် ကောင်းသောဘ၀သို့ ရောက်သည့်အခါ သာ၍ပင် နှစ်သက်ရ၏။

( ဓမ္မပဒ)


စွန့်ရသောသဘော

အဆွေအမျိုးတို့ အကျိုးငှါ တယောက်သောသူကို စွန့်ရာ၏။
ရွာသူရွာသားတို့ အကျိုးငှါ အမျိုးကို စွန့်ရာ၏။
လူအများ၏ အကျိုးငှါ ရွာကို စွန့်ရာ၏။
မိမိကိုယ်ကို စောင့်ရှောက်ခြင်းအကျိုးငှါ မြေအပြင် (ရှိလူအပေါင်း) ကို စွန့်ရာ၏။
( စွယ်စုံ နီတိကထာ)


တရားကိုမကျင့်ကြံလျင်

နွားရှင်တို့အား နွားတို့ကို ရေတွက်အပ်နှင်းလိုက်ရသော နွားကျောင်းသားသည်
နွားနို့အရသာကို မခံစားရသကဲ့သို့
နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို များစွာဟောပြောနေသော်လည်း
မကျင့်မကြံ မေ့လျော့ပေါ့တန်နေသောသူသည်
ပြုထိုက်သည်ကို ပြုသည် မမည်။
မဂ် ဖိုလ် နိဗ္ဗာန် အရသာကို မခံစားရ။

( ဓမ္မပဒ)


ပညာရှိသူတော်ကောင်း

စန္ဒကူးပင်သည် ခြောက်သွေ့သော်လည်း မွှေးရနံ့ကို မစွန့်။
ဆင်ပြောင်ကြီးသည် စစ်မြေပြင်သို့ ရောက်သော်လည်း လူတို့၏ မျက်မှောက်၌ တင့်တယ်ခြင်းကို မစွန့်။
ကြံသည် ယန္တရားစက်ဖြင့် ကြိတ်သော်လည်း ချိုသောအရသာကို မစွန့်။
ပညာရှိ သူတော်ကောင်းသည် ဆင်းရဲခြင်းသို့ ရောက်သော်လည်း သူတော်ကောင်းတရားကို မစွန့်။

( လောကနီတိ)


အရူးနှင့်တူသူများ

ဥစ္စာမရှိဘဲလျက် အရသာ အစားကြူးသောသူ၊
ခွန်အားမရှိဘဲလျက် အသတ်အပုတ် ကြိုက်သောသူ၊
ပညာမရှိဘဲလျက် စကားလိုလားသောသူ၊
ဤသူတို့သည် အရူးနှင့်တူကုန်၏။

( လောကနီတိ)




အမြတ်ဆုံးချမ်းသာ

အနာရောဂါကင်းခြင်းသည် အကြီးဆုံးလာဘ် ဖြစ်၏။
တင်းတိမ်ရောင့်ရဲခြင်းသည် အကောင်းဆုံးဥစ္စာ ဖြစ်၏။
အကျွမ်းတ၀င် ချစ်ခင်သောသူသည် အကောင်းဆုံး ဆွေမျိုး ဖြစ်၏။
နိဗ္ဗာန်သည် အမြတ်ဆုံး ချမ်းသာ ဖြစ်၏။
( ဓမ္မပဒ)



ဆိတ်ကွယ်ရာမရှိ
လောက၌ မကောင်းမှုပြုသောသူအား ဆိတ်ကွယ်ရာအ၇ပ်မည်သည် မရှိ။
မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မိမိပြုသောအမှုကို မိမိကိုယ်တိုင် သိ၏။

(တိကအင်္ဂုတ္တိုရ်၊ ၄-ဒေ၀ဒူတ၀ဂ်)


ယနေ့ပြုလုပ်ပါ

ပြုဖွယ်ကိစ္စ ဟူသမျှကို ယနေ့ပင် ပြုလုပ်ပါ။ (အချိန်မဆွဲပါနဲ့)
မနက်ဖြန်၌ သေရမည်ကို အဘယ်သူသည် သိနိုင်အံ့နည်း။
စစ်သည်ဗိုလ်ပါ များလှစွာသော ရှင်သေမင်းနဲ့ ငါတို့မှာ ချိန်းချက်ထားမှု မရှိချေ။ ချိန်းချက်၍ မရပေ။



စိတ်ကိုစောင့်ရှောက်

အလွန်သိမြင်ခဲ၍ အလွန့်အလွန်လည်း သိမ်မွေ့လျက် ကောင်းကောင်းဆိုးဆိုး သူကျချင်သည့် အာရုံ၌
ကျနေတတ်သည့်စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။
လုံခြုံအောင် စောင့်ရှောက်ထားသည့် စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။

( ဓမ္မပဒ-စိတ္တ၀ဂ်)


မိမိကိုယ်ကိုစောင့်ရှောက်
ဘေးရန်ကို တားဆီးခြင်း အကျိုးငှါ ပစ္စည်းဥစ္စာကို စောင့်ရှောက်ရာ၏။
ပစ္စည်းဥစ္စာတို့ထက်လည်း မယားကို စောင့်ရှောက်ရာ၏။
မယားထက်လည်းကောင်း၊ ပစ္စည်းဥစ္စာထက်လည်းကောင်း
မိမိကိုယ်ကို နေ့စဉ်မပြတ် စောင့်ရှောက်ရာ၏။

( စွယ်စုံနီတိကထာ)



မိတ်ဆွေရုတ်

မျက်ကွယ်၌ အကျိုးစီးပွားကို ဖျက်ဆီးတတ်သော၊
မျက်မှောက်၌ ချစ်ဖွယ်စကားကို ဆိုတတ်သောလူကို ကြဉ်ရှောင်ရာ၏။
အကြင်အကြောင်းကြောင့် ထိုသို့သဘောရှိသော မိတ်ဆွေယုတ်ကို နှုတ်ခမ်းဝ၌ နို့ရည်လိမ်းကျံခြင်းရှိသော
အဆိပ်ဖြင့်ပြည့်သော အိုးကဲ့သို့ မိတ်ဆွေဖွဲ့၍ တည်နေခြင်းကို ရှောင်ကြဉ်ရာ၏။

( စွယ်စုံနီတိကထာ)



စွန့်ရသောသဘော
အဆွေအမျိုးတို့ အကျိုးငှါ တယောက်သောသူကို စွန့်ရာ၏။
ရွာသူရွာသားတို့ အကျိုးငှါ အမျိုးကို စွန့်ရာ၏။
လူအများ၏ အကျိုးငှါ ရွာကို စွန့်ရာ၏။
မိမိကိုယ်ကို စောင့်ရှောက်ခြင်းအကျိုးငှါ မြေအပြင် (ရှိလူအပေါင်း) ကို စွန့်ရာ၏။

(စွယ်စုံနီတိကထာ)




အဆွေခင်ပွန်းကောင်း

အကြင်သူသည် -
စည်းစိမ်ဥစ္စာ ပြည့်စုံသောအခါ၌၄င်း၊
စည်းစိမ်ဥစ္စာ ပျက်စီးသောအခါ၌၄င်း၊
ငတ်မွတ်ခေါင်းပါးသောအခါ၌၄င်၊
ရန်သူနှင့် ရင်ဆိုင်တိုက်နေရသောအခါ၌၄င်း၊
မင်းအိမ်တံခါးဝ တရားစီရင်ရာသို့ ရောက်သောအခါ၌၄င်း၊
သုသာန်သင်္ချိုင်းသို့ ရောက်သောအခါ၌၄င်း၊
မိမိနှင့်အတူတကွ ရပ်တည်လာ၏။
ထိုသူသည် အဆွေခင်ပွန်းကောင်းပင် ဖြစ်၏။

( စွယ်စုံနီတိကထာ)


ကိုယ်ချင်းစာပါ

ကိုယ်နှင့်လည်းစာ၊
သတ္တ၀ါကို၊
ကြင်နာလှစေ၊
သူ့အသက်ကို ချစ်ပါလေ။

( ရှင်မဟာရဋ္ဌသာရ ဆုံးမစာ)


ပညာရှိနှင့်လာဘ်ပသကာ
အခြံအရံ လာဘ်သပ်ပကာကို တောင့်တသောသူကို အဝေးကလျှင် ရှောင်ကြဉ်လေကုန်ရာ၏။
ထို့ကြောင့် ပညာရှိသောသူသည် ထိုအခြံအရံ လာဘ်သပ်ပကာကို မတောင့်တ၊
ထိုအခြံအရံ လာဘသပ်ပကာ ရအံ့သော အကြောင်းကိုသာလျှင် ရှာဖွေ၏။

( ရှင်မဟာသီလ၀ံသ)




မာန်မာနကိုချုပ်ကြလေ

မတွေ့ခိုက်ရန်၊ မကျူးလွန်နှင့်၊
မျက်မာန်ဒေါသ၊ မထွက်ရအောင်၊
မာန်မာနကို ချုပ်ကြလေ။

(ရှင်မဟာရဋ္ဌသာရ ဆုံးမစာ)



ဗုဒ္ဓခောတ်မြတ် တွေ့ကျိုးနပ်ပါစေ

ရေချမ်းသစ်သီး၊ ပန်းဆီမီးကို၊
ခိုင်ဖြီးသဒ္ဓါ။ လှူပြီးကာမျှ၊
ငါ့မှာကောင်းကျိုး၊ အလွန်တိုးဟု၊
ယုံကိုးစိတ်ထဲ၊ မရောင့်ရဲနဲ့။

မစဲညနေ့၊ ဘုရားရှေ့တွင်၊
ပျော်မွေ့မြတ်နိုး၊ မြဲရှိခိုး၍၊
ကောင်းကျိုးပွားစည်၊ ကြီးလှပြီဟု၊
ယုံကြည်အားရ၊ စိတ်မချနဲ့။

ဓာရဏနှင့်၊ ဓမ္မစကြာ၊
မေတ္တာပဋ္ဌာန်း၊ ရွတ်နိုင်စွမ်းကြောင့်၊
ရွှင်လန်းပီတိ၊ ဂွမ်းဆီထိကာ၊
ကြီးမည့်တေဇော်၊ မစောင့်မျှော်နဲ့။

ဂုဏ်တော်ပုတီး၊ သက်စေ့ပြီးအောင်၊
ဇွဲကြီးခိုင်မာ၊ ငြိမ်သက်စွာဖြင့်၊
သဒ္ဓါကြည်ယုံ၊ စိပ်ပြီးရုံဖြင့်၊
လုံလောက်လှပြီ၊ မရပ်တည်နှင့်။

ရေကြည်သစ်သီး၊ ဆီမီးလှူမျိုး၊
ရှိခိုးဝတ်ရွတ်၊ စေလွှတ်မေတ္တာ၊
တရာ့ရှစ်သီး၊ စိပ်ပုတီးကို၊
မငြီးဆင့်ကဲ၊ စိပ်မြဲစိပ်ပါ၊ မဖြတ်ပါနဲ့။

ဆက်ကာတမျိုး၊ ရှေ့သို့တိုး၍၊
အကျိုးနိဗ္ဗာန်၊ မျှော်ရိုးမှန်က၊
ရုပ်နာမ်ခွဲခြား၊ ကျင့်တရားသာ၊
သံသရာဝဋ်၊ ထွက်လွတ်စေကြောင်း၊
လမ်းမှန်ကောင်းဟု၊ ညွတ်ပြောင်းစိတ်ထဲ၊
ယုံကြည်စွဲလျက်၊
အမြဲနေ့ည၊ ၀ိပဿနာ၊ ဘာဝနာကို၊
ခိုင်မာဆန္ဒ၊ ကြိုးလုံ့လမှ၊
ဗုဒ္ဓခေတ်မြတ်၊ တွေ့ကျိုးနပ်မည်၊
စွဲမှတ်သတိ၊ ရှိပါစေ။

( ဦးချိုရှိန် )





ဆုံးမစာ

မျက်လုံးပမာ၊ သားသည်းချာတို့၊ ကောင်းပါစေလို၊ ပညာကိုလည်း၊ နုပျိုငယ်က၊ သင်ချေမှတည့်။
ထိုမှရွယ်ရောက်၊ တံခွန်ဆောက်သို့၊ တယောက်ထင်ပေါ်၊ နှံ့သိကျော်လိမ့်။
ငယ်သော် ငယ်က၊ များသိပ္ပကို၊ တစ မသင်၊ လေးဖင်၍သာ၊ ပိမ်မှာလည်းပျော်၊ နေချေသော်မူ၊
လူမဟူရ၊ လူအ လူကန်း၊ လူနှမ်း လူရူး၊ သည်ထက်ထူး၏။

( ဆားတုံဆရာတော် )




သူ့ကျေးဇူး

ရှေးက စွန့်ကြဲ၊ ကံရင်း နည်း၍၊ ဆင်းရဲခဲ့တုံ၊
ကိုယ် မလုံ၍၊ သူ့ဂုဏ် ပိုင်ပိုင်၊ မဆပ်နိုင်သော်၊
ကိုယ်တိုင် သူ့အိမ်၊ ရောက်ခိုက်ကြိမ်က၊ မထိမ်မမြူး၊
ဘုရားဖူးသို့၊ ကျေးဇူးရှိထွေ၊ သိတတ်စေ။

( ရှင်မဟာရဋ္ဌသာရ )

No comments:

Post a Comment