ဓမ္မမိတ်ဆွေအပေါင်းတို့ခင်မျာ -
ကျွန်တော် အခု လေ့ကျင့်နေတဲ့နည်းလေး ကိုယ်နာသော်လည်းစိတ်မနာတဲ့နည်း (သို့) အလွန်ထိရောက်သော တရားနှလုံးသွင်းပုံ လေး ကို ကျွန်တော်သိသလာက် မျှဝေ ချင်လို့ပါ။ ဆူနာမီဆရာတော် သင်ကြားပေးတဲ့ တရားနှလုံးသွင်း ပုံလေးပါ။ ကျွန်တော်တို့ နားလည် သလောက် ပြောပြကြည့်မယ်နော်-ကျွန်တော် ပြောတာလေးတွေဟာ ဆရာတော်ရဲ့ ဆိုလိုရင်းကို အပြည့်အ၀ ခြံငုံမိမည် မဟုတ်သော်လည်း ဆရာတော်၏ ဆိုလိုရင်း ကို သိရှိရန် တစုံတရာတော့ ကူညီနိုင် လိမ့်မည်ဟု ထင်မိပါသည်။
ကိုယ်နာသော်လည်း စိတ်မနာစေရန် တရားနှလုံးသွင်းနည်း ကို မပြောပြခင် ကျွန်တော်လေ့လာခဲ့မိသလောက် တရားနှလုံးသွင်း(ရှုနည်း)တွေကို ပြောပြလိုပါတယ်။ တရားအားထုတ်နည်းတစ်ခုကို အနှစ်ချုပ်လိုက်ရင် (နောက်ဆုံး ပညတ် တပ်လိုက်ရင်) ထိုနည်းအတွက် နောက်ဆုံးစကားစုလေး တစ်ခုရပါတယ်။
ဒီစကားစုလေးများဟာ ဘုရားဟောသစ္စာတရား၊ ဆရာတော်များရဲ့တရားအားထုတ်နည်းတွေကို အကုန်လုံး ခြုံငုံမမိသော်လည်း ခြံငုံပြီး preview အဖြစ်မြင်ရန် တစုံတရာတော့ အထောက်အကူပြုမည်ထင်ပါသည်။
ကျွန်တော်နားလည်သလောက် ပြောရမယ်ဆိုရင် -
ဥပမာ- မဟာစည်ဆရာတော်ဘုရားကြီးနည်းဆိုရင် ပေါ်သမျှတရားတွေအပေါ် “နာရင် နာတယ်မှတ်။ ပူရင် ပူတယ် မှတ်။ ကောင်းရင် ကောင်းတယ်မှတ်” စသည်ဖြင့် ရှုမှတ်ရပါတယ်။
သဲအင်းဂူဆရာတော်ဘုရားကြီးဆိုရင် ပေါ်သမျှတရားတွေအပေါ် “ဝေဒနာပဲ (သို့မဟုတ်) အသုဘပဲ” စသည်ဖြင့် နှလုံးသွင်းရပါတယ်။
မိုးကုတ်ဆရာတော်ဘုရားကြီး နဲ့ လယ်တီဆရာတော်ဘုရားကြီးတို့က တော့ ပေါ်သမျှ တရားတွေအပေါ် “ဖြစ် - ပျက်ပဲ (အပျက်တွေဘဲ)လို့ ” နှလုံးသွင်းရင်း ရှုရင်း “ကိုယ်နာသော်လည်း စိတ်မနာအောင်” ပေါ်သမျှ တရားတွေအပေါ် လောဘ-ဒေါသ ချုပ်ငြိမ်းနေအောင် (တနည်း) ပဋိစ္စသမုပ္ပါဒ် ပြတ်အောင် ဆရာတော်ကြီး များဟာ အမျိုးမျိုး ပညတ်တပ်ပြကာ သင်ကြားပေးခဲ့ပါတယ်။
အခု ကျွန်တော် နားလည်ထားသလောက် ရှင်းပြမယ့် ဒီဘက်ခေတ်ထဲမှာတော့ ဆူနာမီ ဆရာတော်ရဲ့ တရား နှလုံးသွင်းပုံက ပေါ်သမျှတရားတွေအပေါ် ရှေ့က ဘာပဲပညတ်တင်တင် နောက်ကနေ “အဟုတ် ထင်နေမှု သဘောပဲ” လို့ နောက်ကထည့်ပြီး နှလုံးသွင်းရပါမယ်။
ဥပမာ - “နာရင် နာတယ် နာတယ်” နှလုံးသွင်းနေကျယောဂီဆိုရင် နာတယ် -နာတယ် ဆိုတဲ့ ပညတ် နောက်က “အဟုတ်ထင်နေမှုသဘောပဲ” ဆိုတဲ့ ပညတ်လိုက်ပေးဖို့ပါ။ နာလာရင် နာတယ် နာတယ် လို့သိတာ တကယ်မဟုတ် - နာတာကို (အချိန်တစ်ခုကြာအောင်မြဲနေတယ်လို့ ) “အဟုတ် ထင်နေမှု သဘောပဲ” (အသစ်အသစ်ဖြစ်ကာ) တကယ်ဖြစ်နေတယ် လို့ နှလုံးသွင်းတာပါ။
“ဝေဒနာ” လို့ နှလုံးသွင်းနေကျယောဂီဆိုရင်လည်း ဝေဒနာ-ဝေဒနာဆိုတဲ့ ပညတ်စကားနောက်က “အဟုတ် ထင်နေမှုသဘောပဲ” ဆိုတဲ့ စကားလုံးလေး ထည့်ပြီး နှလုံးသွင်းပေးရပါမယ်။
“ဝေဒနာလို့” (ဝေဒနာဟာအချိန်တစ်ခုကြာအောင်မြဲနေတယ်လို့ ) “အဟုတ်ထင်နေမှုသဘောပဲ” (အသစ် အသစ်ဖြစ်ကာ) တကယ်ရှိနေတယ် လို့ နှလုံးသွင်းတာပါ။
“ဖြစ်-ပျက်” လို့နှလုံးသွင်းကျယောဂီဆိုရင်လည်း ဖြစ်ပျက် ဆိုတဲ့ ပညတ်နောက် က “အဟုတ်ထင်နေမှု သဘောပဲ” ဆိုတဲ့ ပညတ်လေး လိုက်ပေးဖို့ပါပဲ။ ပေါ်လာတဲ့ တရားတစ်ခုအပေါ် အချိန်တစ်ခုကြာအောင် ဖြစ်နေတယ်- ပြီးမှ ပျက်သွားတယ်လို့ “အဟုတ်ထင်နေမှုသဘောပဲ” (အသစ်အသစ်ဖြစ်ကာ) တကယ်ရှိနေတယ် လို့ နှလုံးသွင်းတာပါ။ (တနည်း)
အ၀ိဇ္ဖာ ရဲ့ လှည့်စားဖန်တီးပြုလုပ်မှုပဲ- သညာရဲ့ လှည့်စားဖန်တီးပြုလုပ်မှုပဲ - သမုဒယသစ္စာ-ကိလေသာရဲ့ လှည့်စားဖန်တီးပြုလုပ်မှုများပဲ (အသစ်အသစ်သဘောဖြင့်) တကယ်ဖြစ်နေတယ် - လို့ နှလုံးသွင်းဆင်ခြင်ရတာပါ။
ကျေးဇူးရှင်ဆရာတော်ဘုရားများဟာ ကျွန်တော်တို့တတွေအား “ပညတ်စွဲ ပုဂ္ဂိုလ်စွဲ သတ္တ၀ါ တစ်ဦးဦး - တစ်ယောက်ယောက်အစွဲ ဆရာစွဲ နည်းစွဲ ငါစွဲ ငါ့ဝေဒနာစွဲ” စသည်ဖြင့် အစွဲပေါင်းစုံ၊ဝေဒနာပေါင်းစုံ ဒုက္ခသစ္စာများမှ လွတ်မြောက်ရေး ဥပါဒါန် အစွဲများပြုတ်စေရန် (သို့) ပေါ်သမျှ တရားများအပေါ် “အဟုတ်ထင်ကာ” လိုက်ပါစီးမျောခံစားကာ ငြိတွယ်မှု (လောဘ- ဒေါသ) ဖြစ်နေမှုများမှ လွတ်မြောက်စေရန် အမျိုးမျိုး ပညတ်တပ်ကာ ရှင်းပြခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ
“ငါနာတာမဟုတ် - နာတာပဲ”ဆိုသော်လည်း ကျွန်တော်တို့ ဟာ နာမှု ကျင်မှု ဝေဒနာများအားအပေါ် “အဟုတ်ထင်ကာ” မကျေနပ်မှု များ နှင့် မောင်းထုတ်ချင်မှု ဒေါသများဖြစ်မိကြသည်။
“နာတာမဟုတ် - ဝေဒနာပဲ” လို့ ဆိုတော့လည်း ဝေဒနာများအား “အဟုတ်ထင်ကာ” လိုက်ပါ စီးမျောခံစားနေကြပြန်ပါသည်။
“ဝေဒနာမဟုတ် - ဖြစ်ပျက်ပဲ” ဆိုတော့လည်း ထို ဖြစ်ပျက် ဆိုသည်များ ကို “အဟုတ်ထင်ကာ” သမုဒယများနှင့် ငြိတွယ် နေကြပြန်သည်။
အခုတဖန် ဆူနာမီ ဆရာတော်မှ ပေါ်သမျှ တရားများအပေါ် “အဟုတ်ထင်နေမှု သဘောပဲ” တကယ်ရှိတယ်..... “အဟုတ် ထင်မှု သဘောတွေပဲ တရစပ် ပျက်စီးနေသည်” ဆို၍ ပညတ်တပ်ကာ ကျွန်တော်တို့ ၏ ရောဂါစွဲ ဝေဒနာစွဲ အပါအ၀င် ငြိတွယ်မှုအစွဲ ဒိဌိစွဲ များဖြုတ်ရန် (သမုဒယသစ္စာ) များကို ရပ်တန့်ကာ ပဋိစ္စသမုပ္ပါဒ် ဖြတ်နည်းကို သင်ကြားပေးနေပါပြီ။
ဖြစ်ပေါ်လာနေတဲ့ သုခ ဒုက္ခ ဝေဒနာများ အပေါ် ဆူနာမီဆရာတော်ရဲ့ နှလုံးသွင်းပုံလေးအပါအ၀င် ဆရာတော်ကြီးများရဲ့ တူညီသော ဒုက္ခသစ္စာ အမှန်တရားအပေါ် ကို အမျိုးမျိုး ပညတ်တပ်ကာ တရားနှလုံးသွင်းပုံလေးများကို လက်တွေ့စမ်းသပ် ကြည့်ရင်း ဝေဒနာများ၏ တရစပ်ပျက်စီးနေမှု အမှန်တရား -တွေ့ရှိပါစေ။ (သို့မဟုတ်) ဝေဒနာများကို “အဟုတ်ထင်နေမှုများ” မှ လွတ်ကင်းကာ ကိုယ်နာသော်လည်း စိတ်မနာဘဲ နေနိုင်ပါစေ ။ သုခ ဒုက္ခ ဝေဒနာများအပေါ် သတိ နှင့် ဥပေက္ခာ ယှဉ်တွဲကာ ရှုမြင်နိုင်ကြပါစေ - ရောဂါဝေဒနာရှိသူများလည်း ဒီနှလုံးသွင်းမှုလေးကို လက်တွေ့အသုံးချလျှက် ဝေဒနာများမှ လွတ်ကင်း ချမ်းသာကြပါစေလို့ .....
(ဆရာတော်ဘုရားများ၏ တရားနှလုံးသွင်းပုံ (တရားနည်းများ) အနှစ်ချုပ် (ပညတ်တပ်)ဖော်ပြမှုနှင့် ပတ်သက်၌ တစုံတရာ လိုအပ်ပါက တောင်းပန်အပ်ပါသည်)

No comments:
Post a Comment