ဒေါသတကယ်ပျက်လေမှ လောကအလယ်မျက်ရည်မကျတော့မှာပါ
ဒေါသကိလေသာကို
အကြွင်းမဲ့ ပယ်သတ်နိုင်လို့
ကိုယ့်ရဲ့နှလုံးသားဟာ
ဒေါသကင်းတဲ့နှလုံးသား
ဖြစ်သွားပြီဆိုရင်တော့
ဝမ်းနည်းစရာနဲ့ပဲကြုံကြုံ
ဝမ်းသာစရာနဲ့ပဲကြုံကြုံ
ငိုချင်စိတ်တောင်မရှိတော့ပါဘူး။
မငိုတတ်တဲ့ နှလုံးသားပိုင်ရှင်ဟာ
ဘာအကြောင်းကြောင့်မှ
မျက်ရည်မကျတော့ပါဘူး။
ဝိပဿနာအလုပ်ကို
အချိန်ဆက်နိုင်သမျှဆက်အောင်
အမြဲမပြတ်
ကြိုးပမ်းအားထုတ်သွားမယ်ဆိုရင်
ပုထုဇဉ်ဘ၀နဲ့
ရှိနေသေးတယ်ပဲထားဦး၊
ဝိပဿနာရဲ့ တန်ခိုးကြောင့်
စိတ်ဓာတ်ရင့်ကျက်နေတဲ့အတွက်
ဝမ်းသာစရာနဲ့ပဲကြုံကြုံ
ဝမ်းနည်းစရာနဲ့ပဲကြုံကြုံ၊
အလွယ်တကူမျက်ရည်မကျတော့ပါဘူး
အကောင်းအဆိုး လောကဓံအားလုံးကို
အပြုံးမပျက် ခံနိုင်ရည်ရှိသွားပါတယ်။။။
အချောအလှဖျက်တာ ဒေါသအမျက်ပါ
နဂိုကရုပ်ရည်
ဘယ်လောက်ပဲ ချောမောလှပပါစေ
ဒေါသ၀င်လာပြီဆိုရင်
အရုပ်ဆိုးအကျည်းတန်သွားပါတယ်။
ဒေါသဟာ
လူရဲ့ ပင်ကိုရုပ်အဆင်းကို
ဖောက်ပြန်ပျက်စီးသွားစေပါတယ်။
ကိုယ်အမှုအရာ နှုတ်အမှုအရာတွေ
ကြမ်းတမ်းရိုင်းပျမဲ့ရွဲ့စုတ်ပြတ်ပြီး
ကျက်သရေယုတ်သွားစေပါတယ်။
အသားဖြူတဲ့လူ ဒေါသဖြစ်ရင်
အသားနီသွားမယ်၊
အသားနီတဲ့သူ ဒေါသဖြစ်ရင်
အသားညိုသွားမယ်၊
အသားညိုတဲ့လူ ဒေါသဖြစ်ရင်
အသားပြာသွားမယ်၊
အသားပြာတဲ့လူ ဒေါသဖြစ်ရင်
အသားမည်းသွားမယ်၊
အသားမည်းတဲ့လူ ဒေါသဖြစ်ရင်
အသားမှောင်သွားမယ်၊
မှောင်ပြီးရင်ဘာမှမကျန်တော့ဘူး
လဲသေဖို့ပဲ ရှိတော့တယ်။
ဒါက ဒေါသကြောင့်
ကိုယ်ပျက်စီးပုံ နမှုနာပါ။။။။။
ဒေါသမလာမှ မေတ္တာသမား
ဒေါသဖြစ်စရာ
ဘာမှမရှိလို့
ဒေါသမထွက်တာ
ဘာမှ မထူးဆန်းပါဘူး။
ချီးမွမ်းစရာလည်း
မဟုတ်ပါဘူး။
ဒေါသဖြစ်လောက်တဲ့
အကြောင်းတရားတွေ၊
အဖြစ်အပျက်တွေနဲ့
မတွေ့ကြုံရသေးလို့
ဒေါသမထွက်တဲ့သူကို
ဒေါသကင်းသူလို့
မဆိုနိုင်ပါဘူး။
ဒေါသဖြစ်လောက်တဲ့
အကြောင်းတရားတွေ
အဖြစ်အပျက်တွေနဲ့
ပက်ပင်းတွေ့ကြုံနေရပါရက်နဲ့
ဒေါသမထွက်တဲ့သူကိုမှ
ဒေါသကင်းသူလို့ ဆိုနိုင်ပါတယ်။
ချီးမွမ်းစရာလည်းကောင်းပါတယ်။။
(အရှင်ဆန္ဒဓိက)
Saturday, May 29, 2010
ဓမ္မရေတံခွန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment