ဓမ္မစာဆိုတော် လယ်တီ ဆရာတော်လောင်းလျာအား အဖ ဦးထွန်းသာ၊ အမိ ဒေါ်ကျုံးတို့က စစ်ကိုင်းတိုင်း ဒီပဲရင်းမြို့နယ် စိုင်းပြင်ကလေးရွာတွင် အင်္ဂါနေ့နံနက်၊ တစ်ချက်တီးချိန်တွင် ဖွားမြင်တော်မူသည်။ ငယ်မည်မှာ မောင်တက်ခေါင် ဖြစ်၍ မွေးချင်း ၅ ဦးအနက် ဒုတိယမြောက် သားဖြစ်သည်။
မောင်တက်ခေါင်အား ဖွားမြင်ဆဲ ကာလတွင် ကောင်းကင်မှ သက်တန့်ကြီးသည် အိမ်ခေါင်မိုးပေါ်သို့ အုပ်မိုးကာ ကောင်းကင်တလွှား ပျံတက်သွားပြီး တစ်အိမ်လုံး ရောင်စုံများ လင်းလက် ယှက်သန်းလျှက် ရှိခြင်း၊ အိမ်နောက်ဖေး မန်ကျည်းပင်တွင် ထောင်ထားသော ဝါးလုံးများ အနက်မှ ဝါးလုံးတစ်လုံးသည် ပေါက်ကွဲ သံနှင့် အတူ ကောင်းကင်သို့ ပျံတက်သွားခြင်း စသည့် အတိတ်ထူး နိမိတ်ထူးများ ဖြစ်ပွား ပေါ်ပေါက်ခဲ့သည်။ ထိုနိမိတ်ထူးများကို ယူကာ မောင်တက်ခေါင်ဟု အမည်ပညတ် သတ်မုတ် ခေါ်တွင်ခဲ့ကြောင်း လေ့လာ သိရှိရပေသည်။
ငယ်ဘဝ
မောင်တက်ခေါင် အသက် ၁၅ နှစ် အရွယ်မှာပင် လောကနီတိ ၊ ဓမ္မနီတိ၊ ပရိတ်ကြီး(၁၁) သုတ် ကို နှုတ်တက် အာဂုံဆောင်နိုင်ခဲ့ သည်။ စိုင်ပြင်ကြီး ရွာ ရွာမကျောင်းတိုက်တွင် ရှင်သာမနေပြုသည်။ ဘွဲ့တော်မှာ ဥာဏ်ပညာတံခွန်ကို ပိုင်စိုးသူလို့  အနက်ရတဲ့  အရှင် ဥာဏဓဇ ဖြစ်သည်။
အသက်(၂၀)တွင် ဒီပဲရင်း မြို့ နယ်၊ စိုင်ပြင်ကြီးကျေးရွာ၊ မြင်တင်ကျောင်းတိုက်မှာ မြင့်မြတ်သော သာသနဘောင်ကို တက်ခဲ့သည်။
မင်းတုန်းမင်းကြီးသည် နေပြည်တော်ကို အမရပူရမှ ရတနာပုံ ကို ပြောင်းရွှေ့ရာ နန်းတော်ဟောင်းကို သာသန အကျိုးအတွက် ကျောင်းတော်ကြီးဆောက်လုပ်ပြီး 'မဟာဇောတိကာရာမ' ကျောင်းဟု ခေါ်တွင်စေခဲ့သည်။ ဆရာတော်သည် ထိုကျောင်း၌ (၁၀)နှစ်ခန့်  သီတင်း သုံးတော်မူခဲ့သည်။ ထိုစံကျောင်း၏ ထုံးစံအရ ညဝတ်တက်ချိန်မှာ ၂၂၇-သွယ် ကျင့်ဝတ်များ ကို နှုတ်တက် အာဂုံဆောင်ကြရာမှာ ဆရာတော်သည် အသံသြဇာကောင်းကောင်း နှင့် ထင်ပေါ်စွာရွတ်ဆိုနိုင်သူ ဖြစ်သည်။
မြန်မာနှစ် ၁၂၃၃(ခရစ်နှစ် ၁၈၇၁)တွင် မင်းတုန်းမင်းကြီး၏ အထောက်အပံ့နှင့် ရတနာပုံမြို့ တော်၌ ငါးကြိမ်မြောက် သင်္ဂါယနာတင်ပွဲကြီး ကျင်းပသည်။ ထိုပွဲတွင် ဘုရားကြီးတိုက် ဆရာတော်၊ ဆီးပန်းနီဆရာတော်၊ မြင်းဝန်ဆရာတော်များ ဦးစီး နာယက ပြုပြီး သံဃာတော် အပါး(၆၀၀) ကျော် ပါဝင် ဆင်နွှဲကြပြီး ပိဍကတ်သုံးပုံ အလုံးစုံကို ရွတ်ဖတ်တော်မူကြပါသည်။
ရွတ်ဖတ်ကြရာမှာ သစ်ဆိမ့်ကျောင်းတိုက် သံဃာတော်များက ဝိနည်း ပိဍကတ်တော် ၊ စလင်းကျောင်းတိုက် သံဃာတော်များက သုတ္တံ ပိဍကတ်တော် ၊ စံကျောင်းတိုက် သံဃာတော်များက အဘိဓမ္မာ ပိဍကတ်တော် များကို ရွတ်ဆိုကြရာ ဦးဥာဏဓဇသည် အဘိဓမ္မာ ခုနစ်ကျမ်း က ငါးကျမ်းမြောက် ဖြစ်တဲ့  ကထာဝတ္တု ကို ပထောက်အမ လွတ်ကင်းစွာ နဲ့  နှုတ်တက်အာဂုံ ဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် ဘုရင်မင်းမြတ် အပါအဝင် ရဟန်းရှင်လူ အပေါင်း က ကောင်းချီး သြဘာပေး ဂုဏ်ပြုခဲ့ ကြသည်။
မင်းတုန်းမင်းတရားကြီးသည် ပိဍကတ် သုံးပုံ အလုံးစုံကို မန္တလေး တောင်ခြေ ကုသိုလ်တော် ဘုရားအတွင်း၌ စကျင်ကျောက်ပြား (၇၂၉)ချပ်မှာ ထွင်းထုနိုင်ခဲ့၍ ကုသိုလ်တော်ကျောက်စာများသည် အကြီးမားဆုံးသော စာအုပ်ကြီး ဟု ခေါ်တွင်ရမည် ဖြစ်ပေသည်။ ဆရာတော်သည် စံကျောင်းဆရာတော်၊ မကုဍာရာမ ဆရာတော်၊ စလင်းဆရာတော် နဲ့  အခြားတတ်ကျွမ်းတော်မူ ကြသော ဆရာတော်ကြီးများထံမှ ပိဍကတ် သုံးပုံ နှင့် တကွ အဌကထာ ၊ ဍီကာ များကို သင်ယူရင်း တဖက်မှလည်း စာသင်သား(၂၀၀၀) ကို စာပေ သင်ကြားပို့ ချတော်မူသည်။ ဆရာတော်သည် အဘိဓမ္မာ နှင့် ပါဠိစာပေ များကို အထူးကျွမ်းကျင်တော်မူသည့် အတွက် ရဟန်း(၁၀)၀ါ မြန်မာနှစ် ၁၂၃၉ မှာ ဘုရင်မင်းမြတ်က ပထမ စာချ ဘွဲ့ထူးကို ဆက်ကပ်ခဲ့သည်။
(၁၄) ၀ါတွင် စံကျောင်းဆရာတော်ဘုရားကြီးက ဘုရားပစ္စေက များနှင့် သာဝကကြီးများ၏ ပါရမီတော်များ အကြောင်းကို ပါဠိဘာသာနှင့် မေးခွန်းပေါင်း(၂၀) ကို ထုတ်တော်မူခဲ့ရာ စာသင်သံဃာ (၂၀၀၀) ရှိ ဦးဥာဏဓဇ သာလျှင် ကျေနပ်အောင် ဖြေစွမ်းနိုင်ခဲ့သည်။ ဆရာတော်၏ အဖြေများသည် အလွန်ကောင်းမွန်လှတဲ့ အတွက် ရွေးချယ် စီစဉ်ပြီး 'ပါရမီဒီပနီ' အမည်ရှိ ဆရာတော်၏ ပထမဦးဆုံး စာအုပ်ကို ထုတ်ဝေခဲ့ ပါသည်။
ဆရာတော်သည် ဥပုသ်နေ့တိုင်း ယောမင်းကြီးဦးဘိုးလှိုင်ထံကြွရောက်ပြီး လောကဆိုင်ရာ ၊ တရားသဘော ဆိုင်ရာ စစ်မှန်သော သဘောများကို မပြတ် ဆွေးနွေးကြသည်။ ထို့အပြင် ရွှေရေးဆောင်ဆရာတော်က မာရ်အောင်ဆရာတော်ကို မဏိသာရမဉ္ဇူသာဍီကာ ကျမ်းမှ နိဂုံးကထာများကို မြန်မာဘာသာသို့ ပြန်ဆိုရန် ညွှန်ကြားတော် မူလေသည်။ မာရ်အောင်ဆရာတော် ကလည်း စံကျောင်းဆရာတော်ကို တစ်ဆင့် လွှဲပြောင်းပေးတော်မူသည်။
စံကျောင်းဆရာတော် က ဦးဥာဏဓဇ ကို ပြန်ဆိုစေရာ အလွန်ကောင်းမွန်သော ဘာသာပြန်ဆိုမှု ပြုနိုင်သည့် အတွက် ဆရာတော်ကြီးများက အထူးနှစ်သက်တာမှု ရှိလေသည်။
No comments:
Post a Comment