“မရှိမကောင်း၊ ရှိမကောင်း”ဆိုတဲ့ စကားလေးကို ကြားမိတော့ ကိုယ့်အဖြစ်နဲ့နှိုင်းပြီး စဉ်းစားမိပါတယ်။ “မရှိမကောင်း၊ ရှိမကောင်း”တဲ့အဖြစ်တော့ မဟုတ်ဘူး၊ “မရှိတောင့်တ၊ ရှိကြောင့်ကြ”တဲ့ အဖြစ်ပါ။
ဘာမှမရှိတော့လည်း ရှိချင်နေပြီး၊ ရှိလာပြန်တော့ အဲဒီရှိနေတဲ့ အပေါ်မှာကြောင့်ကြစိုက် နေရ၊ ပူပင်နေရတဲ့ အဖြစ်ပါ။ တစ်ခါတစ်လေကျတော့ “အင်း… မရှိတာကပိုကောင်းပါလား..”လို့လည်း တွေးမိပြန်ပါတယ်။ ဒီနေ့ခေတ်လိုရုပ်ပိုင်းဆိုင်ရာတွေ တစ်ခုပြီးတစ်ခု တိုးတက်နေတဲ့ အခါမျိုးမှာ
ပိုဆိုးတာပေါ့။ လိုချင်စရာတွေ၊ ရချင်စရာတွေကလည်း အများကြီးပဲလေ။ ပုထုဇင်
သဘာဝ စိတ်ဆိုတာကလည်း အခက်သားပဲ။ သူများရှိတော့ ကိုယ်လည်းရှိချင်၊
သူများရတော့ ကိုယ်လည်းရချင် တတ်ပါတယ်။ သူများရှိတာ ကိုယ့်မှာမရှိရင်
ရှိချင်ကြတယ်၊ ရှိအောင်တောင့်တကြတယ်၊ ရှိအောင်လုပ်ကြတယ်လေ။ ရှိလာပြန်တော့
တစ်ခါ အဲဒီအရာတွေအပေါ် စိုးရိမ်လာရ၊ ကြောင့်ကြစိုက်လာရ၊ တစ်ခုခုများ
ဖြစ်သွားမလားလို့ ပူလာရ ပြန်ပါတယ်။ ဒါကြောင့်ပဲ “မရှိတောင့်တ၊
ရှိကြောင့်ကြ”ဆိုတဲ့ စကားကို ပြောဆိုသုံးနှုန်းကြတာ နေမှာပါ။
ဟုတ်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်ရင် ဘာမှမရှိ၊ ဘာမှ
မဖြစ်တဲ့ အချိန်တုန်းကနဲ့ အခု နဲနဲလေးရှိလာ၊ ဖြစ်လာတဲ့အချိန်
တော်တော်ကွာခြားနေတာ တွေးမိပါတယ်။ ဟိုတုန်းက အချိန်ထက် အခုအချိန်က
ပိုပြီးပူပင်စရာတွေ၊ ကြောင့်ကြစိုက်စရာတွေ၊ လွတ်လပ်မှု မရှိတာတွေ
တဖြည်းဖြည်း ပိုပိုများလာနေတယ်လို့ ထင်မိပါတယ်။ တကယ်လည်း အဲလိုပါပဲ။
ကိုယ်တင်ပဲလားဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က သူတွေလည်း ဒီလိုပါပဲ။ သူတို့ကို
ကြည့်လိုက်ရင် မအားရတာနဲ့၊ မလွတ်လပ်တာနဲ့၊ သူတို့မရှိလို့ မဖြစ်တာတွေနဲ့ဘဲ
တစ်ခုခု တိုင်ပင်ပြီး လုပ်ကြမယ်၊ တစ်နေရာရာကို စုပေါင်းပြီး သွားကြမယ်ဆို
ညှိနှိုင်းလို့ကို မရဖြစ်နေပြန်ပါတယ်။ ဟိုတုန်းကဆို သူငယ်ချင်းတွေ၊
မိတ်ဆွေအပေါင်း အသင်းတွေ ဘာပဲလုပ်လုပ်၊ ဘယ်ပဲသွားသွား တက်ညီလက်ညီ
စည်းစည်းလုံးလုံး ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားလို့
ရခဲ့ကြပါတယ်။ ခုတော့ အဲဒီလို အခွင့်အရေးတွေ မရှိတော့သလို ဖြစ်နေပါတယ်။
“အော်… အဲဒီတုန်းက ဘာမှမရှိ၊ ဘာမှမှ မဖြစ်သေးတာပဲ..”လို့ ဖြေတွေးလေး
တွေးကြည့်ပေမယ့် အဲဒီတုန်းကလည်း အဲဒီအလျှောက် မရှိသေး၊ မရသေးတာတွေ
တောင့်တရင်း ခုလောက် ဒုက္ခမကြီးတာတောင် ဒုက္ခလေးတွေနဲ့ ဖြတ်သန်းခဲ့ရပြီး
အခုလို နဲနဲရှိလာ၊ နဲနဲရလာပြန်တော့လည်း ဒီအရာတွေအပေါ်မှာ ကြောင့်ကြစိုက်ရင်း
ဒုက္ခတွေက ရှိလာရပြန်ပါတယ်။ အရင်းစစ်တော့ မရှိတော့လည်း မရှိတဲ့ဒုက္ခ၊
ရှိတော့လည်း ရှိတဲ့ဒုက္ခတွေ ဖြစ်နေပြီး မရှိတဲ့အခါတောင့်တလို့ ရှိတဲ့အခါ
ကြောင့်ကြနေရတဲ့ သဘောပါပဲ။ ကောင်းတာတော့ နှစ်ခုလုံး မကောင်းလှပါဘူး။
ကောင်းမကောင်းတော့ မသိဘူး။ စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ၊ ဂုဏ်ပကာသန စတာတွေဟာ
ပုထုဇင်တွေရဲ့ စိတ်အစဉ်ကို ဒုက္ခဖြစ်စေတာတော့ အသေအချာပါပဲ။ ဒီအရာတွေ
မရှိသေးခင်တုန်းကလည်း ရှိချင်ရချင်လို့ ကြိုးစားလိုက်ကြ၊ လှုပ်ရှားလိုက်ကြ၊
ပင်ပန်းလိုက်ကြရသလို ရှိလာပြန်တော့လည်း ပျက်စီးသွားမှာ၊ ပျောက်ပျက်သွားမှာ၊
ကျရှုံးသွားမှာ၊ ပြုတ်ကျသွားမှာတွေအတွက် ပူပန်ကြောင့်ကြ လာရပြန်ပါတယ်။
ပိုဆိုးတာက ရရှိလာတဲ့ ဒီစည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ၊ ဂုဏ်ပကာသနတွေကို
အမှီပြုပြီး လောဘတွေ ကြီးလာတာ၊ ဒေါသတွေ အားကောင်းလာတာ၊ မာနတွေ
တိုးလာတာတွေပါ။ လူလူချင်း မတူသလို မတန်သလို ဖြစ်လာတာတွေပါ။ ကိုယ်ရဲ့
ဒီအရာတွေ မရှိခင်က အချိန်တွေမှာ ကိုယ်လည်းဒီလို တောင့်တခဲ့ရတာတွေကို
မေ့နေပြီး ရှိလာရလာတဲ့ အပေါ်မှာ အမြဲထာဝရ တည်တံ့နေ၊ မြဲမြံခိုင်ခံ့နေတယ်လို့
ထင်နေကာ ဘ၀မေ့နေတဲ့ အဖြစ်တွေပါ။ သေချာတွေးကြည့်ရင် ဒီစည်းစိမ်ဥစ္စာ၊
ရထူးဌာန၊ ဂုဏ်ပကာသနတွေဟာ လူကိုပျက်ဆီးစေတယ် ဆိုတာ ထင်ရှားပါတယ်။
ဒီအရာတွေနဲ့ ပတ်သက်လာရင်၊ ဒီရရှိထားတဲ့ အရာတွေ မြဲမြံနေဖို့ဆိုရင်
မိဘအပေါ်လည်း ပစ်မှားတတ်၊ ဆရာသမားအပေါ်လည်း မကောင်းလုပ်တတ်၊
ဆွေမျိုးတွေအပေါ်လည်း မကောင်းကြံတတ်၊ မိတ်ကောင်းဆွေကောင်းတွေ အပေါ်လည်း
အသုံးချတတ် နောက်ဆုံး ရတနာသုံးပါး အပေါ်အထိ လစ်လျူရှုလာတတ်ပါတယ်။
အရင်းစစ်တော့ မရှိခင် တောင့်တခဲ့တဲ့ အရာတွေ ရရှိလာတဲ့အပေါ်မှာ ပျောက်ပျက်၊
ဆုံးရှုံးသွားရမှာကို ကြောင့်ကြပူပန်မှုကြောင့်ပဲ ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာ၊
ရထူးဌာနန္တရ၊ ဂုဏ်ပကာသနတွေရဲ့ ဖမ်းစားမှုမှ ရှုန်းမထွက်နိုင်လို့၊
ရှုန်းမထွက်ချင်လို့ပဲ ဖြစ်ပါတယ်။
လက်တွေ့ဘ၀မှာလည်း ဒီအဖြစ်တွေနဲ့ ကျင်လည်နေကြသူတွေ အများကြီးရှိပါတယ်။
အသိတစ်ယောက်ဆိုရင် ရထူးတိုးချင်လို့ဆိုပြီး သူ့ဆိုင်ရာဆိုင်ရာတွေကို
ဖားနေရတာ မမောနိုင်၊ မပန်းနိုင်ပါပဲ။ ဟိုဟာလေးပေးရ၊ ဒါလေးပေးရနဲ့
တစ်ခုပြီးတစ်ခု လိုက်လုပ်နေတယ်လေ။ သူ့ကိုကြည့်ပြီး ပင်ပန်းလိုက်တာလို့
ကိုယ်ကတွေးနေပေမယ့် သူကတော့ သူတောင့်တတဲ့ အရာကို လိုချင်နေတော့ ဒုက္ခမှန်း
သိသိနဲ့ပဲ လုပ်ပြနေရပါတယ်။ ရာထူးဂုဏ်လိုချင်တော့ ကိုယ့်လောက်မှ
ပညာမတတ်တဲ့အပြင် ကိုယ့်ထက်ငယ်တဲ့ ဘာကတော် ညာကတော်တွေကိုလည်း
အောက်ကျို့နေရတော့တာပေါ့။ မရှိတဲ့အရာကို ရှိချင်၊ မရတဲ့ အရာကို ရချင်နေတဲ့
သူလိုသူတွေရဲ့ ဒုက္ခကလည်း မသေးပါလားလို့ တွေးမိပါတယ်။ နောက်အသိ
တစ်ယောက်ကျပြန်တော့ ရာထူးပါဝါ ရှိတဲ့သူတစ်ယောက်ပါ။ ပညာလည်းတတ်၊
စည်းစိမ်ဥစ္စာလည်း ရှိ၊ ရာထူးလည်း ရှိနေပေမယ့် သူလည်း သူ့ဒုက္ခနဲ့သူ
သိပ်ပင်ပန်းနေတာ တွေ့ရပြန်ပါတယ်။ ဒီရာထူးနဲ့ စည်းစိမ်ဥစ္စာတွေက
ဆက်စပ်နေလေတော့ ရာထူးမြဲရင် သူ့စည်းစိမ်မြဲနေမှာ ဖြစ်ပြီး ရာထူးမဲ့ရင်
သူ့စည်းစိမ်လည်း ပဲ့မှာသေချာသိနေတဲ့ သူ့မှာ ရာထူးအတွက်
ကြောင့်ကြစိုက်နေရပြန်ပါတယ်။ ရာထူးမြဲဖို့အတွက် ကြောင့်ကြစိုက်နေရတဲ့သူ၊
သူ့နေရာ မပျောက်ရေးဆိုရင် အထက်ကိုဖားပြီး အောက်ကိုဖိဖို့အတွက် ၀န်မလေးတဲ့သူ
ဖြစ်နေပါတယ်။ ရပြီးသားအရာအပေါ်၊ ရှိပြီးသားအပေါ် မပျောက်ပျက်ရအောင်
ကြောင့်ကြစိုက်ရတဲ့ သူ့ဒုက္ခကလည်း မသေးပြန်ပါဘူး။ ဘာပဲဖြစ်ဖြစ်
အသိနှစ်ယောက်လုံးဟာ ဒုက္ခကိုယ်စီနဲ့ပါ။ မရှိလို့ တောင့်တရတဲ့ဒုက္ခနဲ့
ရှိလို့ကြောင့်ကြရတဲ့ ဒုက္ခတွေပိုက်ထားတဲ့ သူတို့ဟာ စည်းစိမ်ဥစ္စာ၊ ရာထူးဌာန၊
ဂုဏ်ပကာသနတွေရဲ့ ဖမ်းစားမှုအောက်ကို ရောက်မှန်းမသိ ရောက်နေကြပါတယ်။
မှန်ပါတယ်။ ဒါကြောင့် ပညာရှိများက စည်းစိမ်ဥစ္စာ၊ ရထူးဌာနန္တရ၊
ဂုဏ်ပကာသနတွေဟာ လူကိုပျက်စီးစေ တတ်တဲ့အတွက် ဒီအရာတွေကို
အရမ်းမတောင့်တကြဖို့နဲ့ ရရှိလာခဲ့ရင်လည်း စိုးရိမ်ကြောင့်ကြမှု
မလွန်ကဲကြဖို့ ဆုံးမကြခြင်း ဖြစ်ပါတယ်။ ဒီအရာတွေအပေါ် သတိမထားဘဲ
တွယ်တာမှုများခဲ့ရင်တော့ အဲဒီစည်းစိမ်ဥစ္စာ၊ ဂုဏ်ပကာသနတွေကြောင့် ပစ္စုပ္ပန်ရော
တမလွန်မှာပါ ဒုက္ခရောက်စေမှာ အမှန်ပဲလို့ သတိပေးကြခြင်း ဖြစ်ပါတယ်။ ဒီလို
သတိပေးသူတွေထဲမှာ ဘုရားလောင်း တေမိမင်းသားက အကောင်းဆုံးသက်သေပါပဲ။
ဘုရားလောင်းဟာ တေမိမင်းသား ဘ၀က စကားမပြောဘဲ အ ချင်ယောင် ဆောင်ခဲ့ပါတယ်။
ဒီလိုနေခဲ့တာဟာ စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ ဂုဏ်ပကာသနတွေကို ကြောက်လို့ပါပဲ။
သူရယူရမယ့် စည်းစိမ်ဥစ္စာဟာ တစ်ခြားအရာမဟုတ်ဘဲ တိုင်းပြည်ရဲ့
ရှင်ဘုရင်ဆိုတဲ့ ရာထူးနဲ့ ထီးနန်းစည်းစိမ်ကြီး ဖြစ်နေပါတယ်။ စည်းစိမ်ဥစ္စာ၊
ဂုဏ်ပကာသနကြောင့် ပျက်ဆီးတာချင်းယှဉ်ရင် သူ့ရဲ့ပျက်ဆီးမှုက ပိုပြီး
အပြစ်ကြီးလေးနိုင်တဲ့အတွက် ဒီစည်းစိမ်ဥစ္စာ ဂုဏ်ပကာသနတွေကို ကျောခိုင်းကာ
တောထွက်သွားခြင်း ဖြစ်ပါတယ်။ သေချာတာကတော့ တေမိမင်းသားဟာ စည်းစိမ်ဥစ္စာ၊
ရာထူးဌာနန္တရ၊ ဂုဏ်ပကာသနတွေဟာ သတ္တ၀ါတွေကို မရှိတောင့်တ၊ ရှိကြောင့်ကြစေပြီး
ပျက်ဆီးစေနိုင်တဲ့အတွက် ဒီအရာတွေကင်းရာလမ်းကို ရွေးချယ်သွားခြင်းပဲ
ဖြစ်ပါတယ်။
ဘုရားလောင်း တေမိမင်းသားလောက် စည်းစိမ်ဥစ္စာ၊ ဂုဏ်ပကာသနတွေကို စွန်ပြီး
တောထွက်တဲ့အထိ မဖြစ်နိုင်သေးပေမယ့် ကိုယ့်အတိုင်း အတာအလျှောက်
ဒီတောင့်တမှုတွေ၊ ကြောင့်ကြမှုတွေ သက်သာအောင်တော့ ကြိုးစားကြဖို့ လိုပါတယ်။
ပုထုဇင်တွေဖြစ်နေတဲ့အတွက် လိုချင်တောင့်တမှုတွေ များတတ်ပေမယ့်
ကိုယ့်ပမာဏနဲ့ကို ဒုက္ခမများရအောင် တောင့်တဖို့တော့ လိုပါတယ်။ မမီတဲ့ပန်းကို
လက်လှမ်းသလိုမျိုး မတန်မဆ၊ မတော်မတရား တောင့်တတာမျိုး မဖြစ်အောင်
လက်ရှိရထား၊ ရှိထားတာလေးတွေနဲ့ အလုပ်ဖြစ်နေတယ်ဆိုရင် ဒီအတိုင်းအတာအပေါ်မှာ
ရောင့်ရဲနိုင်အောင် ကြိုးစားသင့်ပါတယ်။ လိုချင်တိုင်း တောင့်တနေလို့ကတော့
ဆုံးမှာမဟုတ်ပါဘူး။ လိုချင်လို့တောင့်တ၊ တောင့်တလို့ လိုက်လုပ်နေသမျှ
မဆုံးနိုင်တဲ့ ဒုက္ခတွေနဲ့ပဲ ဘ၀နိဂုံး ချုပ်သွားတတ်ပါတယ်။ ဒီလိုပါပဲ။
ရရှိလာတဲ့ အရာတွေအပေါ် ကြောင့်ကြပူပင်မှု တွေဟာလည်း အတိုင်းအတာ
တစ်ခုအထိလောက်ပဲ ကြောင့်ကြသင့်ပါတယ်။ ကိုယ်ကဘယ်လောက်ပဲ
ကြောင့်ကြပူပန်နေပါစေ စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ၊ ဂုဏ်ပကာသနဆိုတာ
ကိုယ်နဲ့မထိုက်ရင်၊ ဒါမှမဟုတ် ပျက်စီးချိန်တန်ရင် ဘယ်လိုမှ တားမရပါဘူး။
ဒီသဘောကို နားလည်ပြီး ရရှိတဲ့အရာတွေရဲ့ ပျက်စီးဆုံးရှုံးမှုကို
ကြုံရတဲ့အခါမှာ စိတ်ကိုဖြေနိုင်အောင်၊ ဘယ်အရာမှ အမြဲမရှိဘူးလို့
သဘောပေါက်ပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်နိုင်အောင်၊ ပျက်စီးတတ်တဲ့
သဘောရှိတဲ့ အရာတွေ ပျက်စီးမှာကို အလွန်အကျွံ ပူပင်ကြောင့်ကြမနေဘဲ
မပျက်စီးခင် လုပ်သင့်တာ၊ ယူသင့်တာကို လုပ်ယူနိုင်အောင် ကြိုးစားကြဖို့
လိုပါတယ်။ ဒီအတိုင်း ကိုယ့်ကိုယ်ကို သတိတရားနဲ့ စဉ်းစားဆင်ခြင်နိုင်၊
ဖြေသိမ့်နိုင်၊ ဒုက္ခကို ရင်ဆိုင်နိုင်မှပဲ တောင့်တမှု၊ ကြောင့်ကြမှုတွေ
သက်သာမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေရာမှာ ပြောလိုတာက စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ၊ ဂုဏ်ပကာသနတွေဟာ
မရှိရင်လည်း တောင့်တတတ်သလို ရှိရင်လည်း ကြောင့်ကြနေရတတ်တဲ့ အတွက်
စိတ်အလိုအတိုင်း လိုချင်တာနောက်ပဲ လိုက်မနေကြဖို့၊ ရရှိလာတဲ့
အရာများအပေါ်မှာလည်း စိုးရိမ်ကြောင့်ကြမှုများနှင့် အလွန်အကျွံဖြစ်ကာ
တွေးတောပူပင်မှု မများကြဖို့၊ ဒုက္ခဆိုတာ မရှိလည်းဖြစ်၊ ရှိလည်းဖြစ်တဲ့အတွက်
မရှိတဲ့အခါမှာလည်း မရှိတဲ့အတိုင်းအတာနဲ့ လိုချင်တောင့်တမှုကို
ထိန်းချုပ်ပြီး ရှိတဲ့အခါလည်း ရှိတဲ့အပေါ်မှာ မာနမ၀င် သတိထင်ကာ
စိုရိမ်ကြောင့်ကြမှု မများကြဖို့၊ မရှိတောင့်တ ရှိကြောင့်ကြတတ်တဲ့
စည်းစိမ်ဥစ္စာ ရာထူးဌာနန္တရ ဂုဏ်ပကာသနတွေ ရှိခြင်း မရှိခြင်းအပေါ်မှာ
အကြောင်းပြု၍ ဖြစ်ပေါ်လေ့ရှိတဲ့ ဒုက္ခအပေါင်းကို သတိပညာနှင့် စဉ်းစားဆင်ခြင်
အသိဝင်ကြဖို့ စေတနာစကား ပါးလိုက်ရပါတယ်။ အားလုံး မရှိတောင့်တ၊
ရှိကြောင့်ကြရတဲ့ အဖြစ်မှ ကင်းဝေးကြပါစေ…
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)
No comments:
Post a Comment