Monday, March 15, 2010

အိုမင်းမှုကို ဘယ်လို တားဆီးကာကွယ်ထားမလဲ


ဘ၀နေထိုင်မှုပုံစုံကို ရိုးရိုးရှင်းရှင်း ပြောင်းလဲမှုလေးတွေ လုပ်လိုက်ရုံနဲ့ သင့်စိတ်နဲ့ခန္ဓာကိုယ်ရဲ့ သက္ကရာဇ်အတော်များများကို ဖြိုဖျက်ပစ်နိုင်တယ်ဆိုတာ သိပ္ပံပညာရှင်တွေနဲ့ ဆေးပညာရှင်တွေလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ သိရပါတယ်။ အောက်ပါတို့ဟာ ပညာရှင်တွေ အကြံပြုထားတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

( နာနတ်သီး ပိုစားပါ )
နာနတ်သီးဟာ Bromelain လို့ခေါ်တဲ့ အင်ဇိုင်းတမျိုးပါတဲ့ တခုတည်းသော အစားအစာဖြစ်ပါတယ်။ Bromelain ဟာ အရိုးအဆစ်ရောင်ရမ်းမှုကြောင့်ဖြစ်တဲ့ နာကျင်မှုကို ထိထိရောက်ရောက် သက်သာစေပါတယ်။ Bromelain မှာ တချို့အကိုက်အခဲပျောက်ဆေး (NSAIDs) တွေထက် ပိုပြီးအားကောင်းတဲ့ အရောင်ကျစေနိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ရှိပါတယ်။ နာကျင်ရောင်ရမ်းနေတဲ့ အဆစ်ကို အဓိက ဦးတည်သက်သာစေတာပါ။ ဒါ့အပြင် လတ်တလော လေ့လာမှုတွေအရ နေ့စဉ် နာနတ်သီး ခွက်တခွက်စာ သုံးကြိမ်စားခြင်းဟာ အသက်ကြီးလာခြင်းကြောင့်ဖြစ်တဲ့ မြင်လွှာယိုယွင်းမှုဖြစ်နိုင်ခြေကို ၃၆-ရာခိုင်နှုန်းလျော့နည်းစေတယ်လို့ သိရပါတယ်။

( သွားကြားပွတ်ကြိုး သုံးပါ )
အမေရိကန် သွားရောဂါဆိုင်ရာ အကယ်ဒမီရဲ့ လေ့လာမှုအရ အသက် ၅၅-နှစ်အထက် လူတွေရဲ့ ၅၀-ရာခိုင်နှုန်းမှာ သွားဖုံးရောဂါ ရှိတယ်လို့ သိရပါတယ်။ သွားဖုံးရောဂါဟာ သင့်မှာ လေဖြတ်နိုင်ခြေကို နှစ်ဆပိုတိုးစေပါတယ်။ သင့်ခံတွင်းမှာ ဘက်တီးရီးယားတွေ စုပုံလာရာမှ သွေးစီးကြောင်းထဲကို ရောက်သွားပြီး လည်ပင်းသွေးလွှတ်ကြောမှာ အဆီတွေ စုပုံအနည်ထိုင်မှုကို ဖြစ်စေပါတယ်။ ဒီအဆီအနည်တွေက တဖြည်းဖြည်းမာလာပြီ ပြုတ်ထွက်သွားရင် ဦးနှောက်ကို သွားတဲ့ သွေးစီးဆင်းမှုကို ပိတ်ဆို့စေနိုင်ပါတယ်။ သွားဖုံးရောဂါ မဖြစ်အောင် သွားတိုက်ရုံနဲ့ မလုံလောက်ဘဲ သွားကြားပွတ်ကြိုး (Floss) ပါ သုံးပြီး သွားတွေကို သန့်စင်ပေးဖို့ လိုပါတယ်။

( ဗီတာမင်အားဆေး သောက်ပါ )
လေ့လာမှုတွေအရ ဗီတာမင်စီနဲ့ အီးဟာ အယ်လ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေကို ၆၄-ရာခိုင်နှုန်းအထိ လျော့နည်းစေတယ်လို့ သိရပါတယ်။ ဗီတာမင်နှစ်ခုကို အတူပေါင်းခြင်းဟာ ဆဲလ်တွေ ထိခိုက်ပျက်စီးမှုကို ဟန့်တားဖို့ အကာအကွယ်တခုအနေနဲ့ ဆောင်ရွက်နိုင်ပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်အောင် ထိန်းသိမ်းပေးထားပါတယ်။ ဒါ့အပြင် ဗီတာမင်စီ ပါဝင်တဲ့ ခရင်မ်တွေ လိမ်းတာကလည်း အညိုရောင်အစက်အပြောက်တွေ ဖြစ်ပေါ်မှုနဲ့ ဆံချည်မျှင်သွေးကြောလေးတွေ ပေါက်ကွဲတာကို လျော့နည်းစေနိုင်ပါတယ်။

( ဖုန်စုပ်စက် မှန်မှန်သုံးပါ )
သင့်အိမ်မှာရှိတဲ့ ဖုန်တွေကို ဖုန်စုပ်စက်သုံးပြီး မှန်မှန်သန့်ရှင်းပေးတာဟာ သင့်ရဲ့ ၀မ်းဗိုက်ကြွက်သားတွေအတွက် လေ့ကျင့်ခန်းလုပ်နေသလို အကျိုးပြုပါတယ်။ ဖုန်စုပ်စက်ကို ရှေ့တိုးနောက်ဆုတ်တွန်းပြီး ဖုန်စုပ်တဲ့အခါ သင့်ခန္ဓာကိုယ်အလယ်ပိုင်းက ကြွက်သားတွေကို တင်းလိုက်၊ လျော့လိုက် ထပ်ကာထပ်ကာ ဖြစ်စေပါတယ်။ ဒါ့အပြင် ဖုန်စုပ်စက်ရဲ့ အလေးချိန်ကလည်း ကြွက်သားတွေကို ပိုပြီးတော့ ခက်ခက်ခဲခဲ အလုပ်လုပ်အောင် ခုခံအားတခု ဖြစ်စေပါတယ်။ နောက်တချက်ကတော့ ဖုန်စုပ်စက်သုံးခြင်းဟာ သင့်ခါး၊ လက်ရုံးကြွက်သားနဲ့ လက်မောင်းရင်းနောက်ဘက် ကြွက်သားတွေကို သန်မာစေပါတယ်။

အထက်ပါ အကြံပြုချက် နည်းလမ်းလေးတွေကို လိုက်နာရင် သင်ဟာ သင့်ခန္ဓာကိုယ်နဲ့စိတ်ရဲ့ အချိန်ကာလတွေကို လ-အနည်းငယ် ဒါမှမဟုတ် နှစ်အနည်းငယ် နောက်ကို ပြန်ရွှေ့နိုင်ပါလိမ့်မယ်။

( အက်စ်-ဆေးဝါးတက္ကသိုလ် )
Good Health

No comments:

Post a Comment