(မေး) (လေဖြတ်ရောဂါ)
ဒေါက်တာရှင့်-သမီးရဲ့ ဦးလေးဟာ လေဖြတ်တဲ့ဝေဒနာကို ခံစားရတာ ၂-နှစ်ရှိပါပြီ။ ဘယ်ဘက်တခြမ်း ထုံနေပါတယ်။ အစားအသောက်တွေတော့ အာရုံခံနိုင်ပါတယ်။ ခြေထောက်၊ ပေါင်၊ လက်တွေက ထိရင် ဘာမှမသိဘူး။ ဆိတ်ဆွဲလိုက်ရင်တော့ နည်းနည်းသိပါတယ်။ လက်ခြေက ကွေးလို့၊ ဆန့်လို့၊ မြှောက်လို့ ရပါတယ်။ အိမ်သာသွားရင် ဆောင့်ကြောင့်ထိုင်လို့ မရပါဘူး။ ညပိုင်း မီးပျက်ရင် သူ့ခြေထောက် ဘယ်နားရောက်နေမှန်းတောင် မသိရှာဘူး။ ပိန်တာကလွဲလို့ အားကတော့ မယုတ်ပါဘူး။ ဦးလေးက ဘယ်မှလည်း မသွားဘူး။ အိပ်ရာထဲမှာပဲ လှဲနေပါတယ်။ သူအလုပ်မလုပ်လည်း စီးပွားရေးက အဆင်ပြေပါတယ်။ ဒေါက်တာအနေနဲ့ ဘယ်ကိုသွားပြီး ကုသရင် ပျောက်မလဲ။ အချိန် ဘယ်လောက်ကြာမလဲ။ ဘာတွေစားသင့်တယ်။ မစားသင့်ဘူးဆိုတာ ဖြေကြားပေးပါ။ ရန်ကုန်မှာ လာကုရင် ဘယ်ဆရာဝန်နဲ့ အသင့်တော်ဆုံးလဲ။ ရန်ကုန်ကို သွားကုမယ်ဆိုတာလဲ ပြောလို့မရဘူး။ အမြန်ဆုံး ညွှန်ကြားပေးပါရှင့်။
(မိုးမိုး-ပဲခူးရိုးမ တနေရာ)
(ဖြေ)
လေဖြတ်တယ်ဆိုတာ သွေးတိုးရောဂါ စသည်တို့ကြောင့် ဦးနှောက်သွေးကြောတွေ ပိတ်သွားတာ။ ပေါက်သွားတာနဲ့ ဆိုင်တယ်။ မင်းရဲ့ဦးလေး အသက်လဲ မရေးထားတော့ ၅၀-၀န်းကျင်လောက် ရှိမယ်မှန်းပြီး ရေးလိုက်ပါတယ်။
လေဖြတ်တယ်လို့သာဆိုတာ အဲဒီရပ်ကွက်မှာ ဆရာဝန်နှင့်ပြခဲ့ပါသလား။ အိပ်ရာထဲ လှဲနေရုံနဲ့ ဘာမှမတိုးတက်နိုင်ဘူး။ လူဆိုတာ စိတ်ဓာတ်ကလည်း အရေးကြီးသေးတယ်လေ။ မိမိစိတ်က ဒီရောဂါပျောက်မှာပါပဲလို့ ယုံကြည်စိတ်နဲ့ ကြိုးစားရင် သက်သာမှာပါ။
လုပ်သင့်တာတွေ ပြောရရင် လမ်းကို အိမ်ပေါ်မှာ အရင်စမ်းလျှောက်ပါ။ ခြံဝင်းထဲ၊ နောက် လမ်းမပေါ်အထိ လျှောက်ပါ။ လဲပျိုကျမသွားအောင် အဖော်တဦးဦး ပါပါစေ။ အိပ်ရာထဲလှဲနေတဲ့အချိန်မှာလဲ ခြေထောက်ကို အပေါ်သို့ တဖက်ပြီးတဖက် မြှောက်တာတို့၊ ခြေဖျားကို အပေါ်သို့ ကော့တင်ပြီးတော့ ပြန်ကုပ်လိုက်တာတို့နဲ့ လေ့ကျင့်ကြည့်ပါ။ သွေးပေါင်ကိုလည်း အမြဲတိုင်းနေပါ။ ရပ်ကွက်ဆရာဝန်နဲ့ သွေးပေါင်အတွက် ကုသပြီး အစားအသောက်ကို သွေးတိုးအနေအထားအတိုင်း စားသောက်ပါစေ။ အငန်လျှော့စားပါ။ အသားကြီးဖြစ်တဲ့ ၀က်သား၊ အမဲသား၊ ဆိတ်သားတို့ကိုလည်း လျှော့စားဖို့ အရေးကြီးပါတယ်။ ၀မ်းမှန်အောင် ကြိုးစားပြီး ဆီးကိုလည်း မကြာခဏ သွားရအောင် ရေလည်း များများသောက်ပေးပါ။ အခုပြောတာတွေက ကိုယ့်အိမ်မှာ ကိုယ်လုပ်နိုင်တာတွေပါ။
ကောင်းတာကတော့ သမားတော် တဦးဦးနဲ့ ပြပြီး သွေး၊ ဆီး၊ စသည်တို့ စစ်ဆေးခြင်း၊ ဓာတ်မှန်နဲ့ စစ်ဆေးခြင်း၊ ဦးနှောက်ကို Scan ရိုက်ခြင်း၊ နှလုံးကို စမ်းသပ်ခြင်း၊ (ECG) စသည်တို့ လုပ်သင့်ပါတယ်။ ဘယ်ဆရာဝန်နဲ့ သင့်တော်တယ်လို့တော့ မဟုတ်ပါဘူး။ သမားတော်မှန်သမျှ ကောင်းအောင်လုပ်ပေးမှာချည်းပါပဲ။ နောက်တခု ပြနိုင်တာက အာရုံကြော အကြောအဆစ်ကုနည်း (Physiotherapy) ပါပဲ။ စက်တွေနဲ့ အကြောအဆစ်တွေကို နှိပ်ခြင်း စသည်ဖြင့် လုပ်နိုင်ပါတယ်။ ရန်ကုန်မှာတော့ စုံတာပေါ့။ Physica Medicine နဲ့ ပတ်သက်တဲ့ အထူးကုတွေလဲ ရှိပါတယ်။ ဖြစ်ဖြစ်ခြင်းကုရင် အတော်တိုးတက်လောက်ပါပြီ။ အခု ၂-နှစ်လောက် အချိန်ကုန်သွားတယ်လို့ ပြောပါရစေ။
*********************************************************************************
(မေး) (မျက်စိ အဝေးမှုန်ခြင်း)
ဒေါက်တာခင်ဗျား-ကျွန်တော် မျက်စိအဝေးမှုန်သဖြင့် မျက်မှန်တပ်ရပါတယ်။ တကယ်တော့ မျက်မှန် မတပ်ချင်ပါ။ ဒါကြောင့် မျက်စိအမြင်အာရုံ ပြန်ကောင်းစေမယ့် အစားအစာများ။ ဆေးများ။ နည်းလမ်းများရှိရင် ညွှန်ကြားပေးစေလိုပါတယ်။ တချို့ပြောတာက မျက်မှန်အမြဲတပ်ထားရင် ပါဝါကျပြီး မျက်စိပြန်ကောင်းတယ်ဆိုတာ ဟုတ်ပါသလား။ ကျေးဇူးပြုပြီး ဖြေကြားပေးပါခင်ဗျား။
(မောင်ဇော်ထက်အောင်-မန္တလေးမြို့)
(ဖြေ)
အသက်ဖော်ပြမထားတော့ ကျောင်းသားအရွယ်ပဲ ခန့်မှန်းပါတယ်။ အဝေးမှုန်က လူငယ်တွေ အဖြစ်များပါတယ်။ မျက်မှန်မတပ်ချင်လဲ တပ်ရပါမယ်။ မျက်မှန်ကို အိပ်တဲ့အချိန်၊ မျက်နှာသစ်၊ ရေးချိုးချိန်ကလွဲပြီး ကျန်တဲ့အချိန် အမြဲတပ်ထားပါ။ ဒီလိုတပ်ရင်း ပါဝါကျတာတော့ သိပ်မသိသာပေမယ့် ပါဝါက တော်တော်နဲ့ ပိုပိုပြီး တက်မလာတတ်ဘူး။ တပ်လိုက်၊ ဖြုတ်လိုက်ဆိုရင် ပါဝါတက်တာ မြန်တတ်ပါတယ်။ ခဏခဏ မျက်စိနဲ့ ပါဝါမကိုက်လို့ ပြန်ပြန်စစ်နေရတဲ့ဒုက္ခ တွေ့နိုင်ပါတယ်။ အမြင်အာရုံကောင်းစေတဲ့ အစားအသောက်တွေကတော့ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ သရက်သီး၊ အနီရောင်၊ အ၀ါရောင်ပါတဲ့ အသီးများ၊ ဟင်းရွက်စိမ်းများ ဖြစ်ပါတယ်။ ဆေးကတော့ Adevit ဆိုတာ တနေ့ ၁-လုံး သောက်ပါ။ နည်းလမ်းကောင်းများအနေနဲ့က မီးရောင်ကို မျက်နှာမူမထိုင်ဘဲ ကိုယ့်ရဲ့ ခေါင်းအနောက်ကလာတဲ့ အနေအထားနဲ့ စာဖတ်ပါ။ စာကို အချိန်အကြာကြီး မျက်စိနဲ့မခွာဘဲ ဖတ်ခြင်းမျိုး နည်းနည်းလျှော့ပြီး ၁-နာရီဖတ်ပြီးရင် အဝေးကို ၅-မိနစ်၊ ၁၀-မိနစ်ခန့် လှမ်းကြည့်ပါ။ မှုန်တာ သက်သာပါလိမ့်မယ်။
********************************************************************************
(မေး) (အရပ်ရှည်ရန်)
ဒေါက်တာခင်ဗျား-ကျွန်တော် အသက် ၁၇-နှစ်ရှိပါပြီ အလွန်ပိန်ပါတယ်။ အရပ်လည်း ပုနေတဲ့အတွက် ကျွန်တော့်ကို ငပိန်လို့ ခေါ်ကြပါတယ်။ ကျွန်တော်အလွန်ရှက်ပါတယ်။ ကျွန်တော့်ရဲ့ မိဘ ညီအကို မောင်နှမတွေက မပိန်ပါ။ ကျွန်တော် ဘာလုပ်သင့်ပါသလဲ။ အရပ်ရှည်နိုင်ပါသေးသလား။ ဖြေကြားပေးပါခင်ဗျား။
(အောင်အောင်-မှော်ဘီမြို့)
(ဖြေ)
ပိန်တာတို့ ပုတာတို့ဟာ မျိုးရိုးလည်း လိုက်တတ်ပါတယ်။ မိဘ ညီအကိုများ မပိန်ကြဘူးဆိုတော့ အောင်အောင် အစားကို ချေးများလို့လည်း ဖြစ်နိုင်ပါတယ်။ အခြားရောဂါလက္ခဏာများ မဖော်ပြထားတော့ ရောဂါကြောင့်တော့ ဟုတ်မယ်မထင်ဘူး။ အခုကစပြီး ကြိုးစား စားကြည့်ပါ။ နေ့စဉ် အစားအစာထဲမှာ နွားနို့၊ ကြက်ဥ၊ ငှက်ပျောသီး ဖီးကြမ်း ထည့်စားပါ။ သောက်ပါ။ ခွန်အားဓာတ်ဖြစ်စေတဲ့ ကစီဓာတ်ဆိုတာ ဆန်၊ ဂျုံ၊ ကောက်ညှင်း၊ ဒါမျိုးတွေ များများစားသလို အသားဓာတ်၊ အဆီဓာတ်လည်း ပြည့်ဝစွာ စားသောက်ဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက် လတ်ဆတ်တာတွေလည်း စားပေးပါ။ ရေများများ သောက်ပါ။ စားသောက်တာ ပုံမှန်ပေမယ့် ခွန်အားသုံးတာ သိပ်များနေရင်လည်း ပိန်တတ်ပါတယ်။ ဒါကြောင့် အိပ်ချိန်ကိုလည်း ဂရုစိုက်ပါ။ ၁၇-နှစ်အရွယ် ကျောင်းသား၊ အရေးကြီးတဲ့ အတန်းဆိုရင်တော့ သိပ်အိပ်ချိန်ယူလို့ မကောင်းဘူး။ အရေးမကြီးသေးတဲ့ အတန်းဆိုရင်တော့ နေ့ခင်းထမင်းစားပြီးမှာ အိပ်တဲ့အကျင့် လုပ်ပေးပါ။ အသက် ၁၇-နှစ်မှာ အရပ်ရှည်နိုင်ပါသေးတယ်။ မကြာခဏ ရေးသားခဲ့တဲ့ Ringbar ဆွဲခြင်းလေ့ကျင့်ခန်းမျိုးလည်း လုပ်ကြည့်ပါ။ ရေကူးကြည့်ပါ။ Basket Ball ကစားနည်းလည်း ကစားကြည့်ပါ။
********************************************************************************
(မေး) (အရပ်ရှည်၍ အသံကြည်လင်ရန်)
ဒေါက်တာရှင့်-သမီးက ၁၄-နှစ်ရှိပါပြီ။ အရပ်က ၄-ပေ ၁၀-လက်မပဲ ရှိပါတယ်။ အရပ်ရှည်အောင် လုပ်ဖို့အကြံပြုပေးပါ။ မျိုးရိုးကလည်း ပုတဲ့သူ များတော့ အရပ်မထွက်တော့မှာ ကြောက်ပါတယ်။ မျက်ကွင်းလဲ ညိုနေပါတယ်။ သမီး အဆီများတာတွေ နည်းနည်းစားမိရင် အသံက အစ်တစ်တစ်ကြီး ဖြစ်သွားတာကြောင့် တတ်နိုင်သမျှ အဆီကို ရှောင်ပါတယ်။ အသံကြည်ကြည်လင်လင် ဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာလည်း ညွန်ကြားပေးပါရှင့်။
(ဆောင်းဦးဝေ-ကျွန်းလှမြို့)
(ဖြေ)
မျိုးရိုက်လိုက်ပြီး အရပ်ပုတတ်တာ ရှိပါတယ်။ အသက် ၁၄-နှစ်ပဲ ရှိသေးတော့ ကြိုးစားရင် ကြိုးစားသလို ရနိုင်ပါသေးတယ်။ Ringbar ဆွဲ လေ့ကျင့်တာတို့ Basket ball ကစားတာတို့ လုပ်ပေးပါ။ ရေကူးလည်း လေ့ကျင့်ပါ။ မျက်ကွင်းညိုတာ အားနည်းတာနဲ့ ဆိုင်နိုင်ပါတယ်။ Ferrovit တနေ့ ၁-လုံး၊ Cevit တနေ့ ၂-လုံး ပုံမှန်သောက်ကြည့်ပါ။ အဆီစားလို့ဖြစ်ရတာသိလို့ အဆီရှောင်တာ မှန်ပါတယ်။ ညအိပ်ရင် လည်ပင်းကို သိုးမွေးပ၀ါပါးလေးနဲ့ ပတ်အိပ်ပါ။ အသံကြည်ဖို့ ဟင်းသီးဟင်းရွက် လတ်ဆတ်တာ စားတာတို့၊ အရည်ရွှမ်းအသီး စားတာတို့ လုပ်ပေးပါ။ Cevit သောက်ဖို့လည်း ပြောပြီးပါပြီ။ ဖုန်ထူထူကို မသွားမိဖို့ ကြိုးစားပါ။ အေးတဲ့ ရေခဲမုန့်တို့ ရေခဲရေတို့ကိုလည်း ရှောင်ပေးပါ။
( ဒေါက်တာ မေ၀င်းအောင်ခင်)
Monday, March 15, 2010
ကျန်းမာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment