Monday, March 15, 2010

ဆီးချိုရောဂါ နှင့် မျက်စိ စောင့်ရှောက်မှု


Q-ဆီးချိုရောဂါသည်တွေမှာ မျက်မှန်ပါဝါ မကြာခဏ ပြောင်းတတ်တာက ဘာကြောင့်ပါလဲဆရာ။
A-ဆီးချိုရောဂါသည်တွေမှာ သွေးတွင်းသကြားဓာတ်မှာ ရေကိုစုပ်ယူနိုင်တဲ့ Osmotic effect ရှိတယ်။ မျက်စိရဲ့မှန်ဘီလူး (Lens) တွေက ရေဓာတ်များလာရင် မျက်မှန်ယိုင်ညွှန်းကိန်း (Refractive index) က တမျိုးဖြစ်ပြီး ရေဓာတ်နည်းသွားရင် နောက်တမျိုး ပြောင်းသွားတယ်။ ရေဓာတ် အနည်းအများအပေါ် မူတည်ပြီး မျက်မှန်ယိုင်ညွှန်းကိန်းက ပြောင်းလဲနေတဲ့အတွက် ဆီးချိုရောဂါသည်တွေဟာ သူများထက်ပိုပြီး မျက်မှန်ပါဝါအမျိုးအစားက ပြောင်းလဲနေတယ်။ ဒါက ဆီးချိုသမားတွေမှာ ရေကိုစုပ်ယူတဲ့ သွေးတွင်းသကြားဓာတ် အပြောင်းအလဲဖြစ်တာကြောင့် ရေဓာတ်အနည်းအများ ပြောင်းလဲနေတာကြောင့်ပါ။

သာမန်မျက်စိမှုန်တဲ့သူတွေကတော့ မျက်စိစမ်းသပ်ပြီးနောက် နှစ်နှစ်လောက်ကြာမှ မျက်မှန်ပါဝါက အပြောင်းအလဲရှိနိုင်ပါတယ်။ ဆီးချိုရောဂါသည်တွေမှာတော့ သွေးတွင်းသကြားဓာတ်ရဲ့ အတက်အကျပေါ်မူတည်ပြီးတော့ မျက်လုံးမှာရှိတဲ့ မှန်ဘီလူးရဲ့ မျက်မှန်ယိုင်ညွှန်းကိန်း အပြောင်းအလဲဖြစ်ပြီး မျက်မှန်ပါဝါ မကြာခဏပြောင်းနေတာပါ။

Q-ဆီးချိုသမားတွေမှာ သွေးတွင်းသကြားဓာတ်ကို အမြဲထိန်းနေနိုင်ရင်တော့ မျက်မှန်ပါဝါ မပြောင်းနိုင်တော့ဘူးပေါ့။
A-ဟုတ်ပါတယ်။ ဆီးချိုသမားတွေက သွေးတွင်းသကြားဓာတ်ကို ပုံမှန်ရှိနေအောင် အမြဲထိန်းနေဖို့ လိုပါတယ်။

Q-ဆီးချိုကြောင့် မျက်စိမှာ ဘယ်လိုရောဂါပြဿနာတွေ ဖြစ်စေနိုင်ပါသလဲ။
A-ဆီးချိုက ကောင်းကောင်းမကုသဘူးဆိုရင် ကြောက်စရာကောင်းပါတယ်။ ဆီးချိုက ခန္ဓာကိုယ်တခုလုံးမှာရှိတဲ့ သွေးကြောငယ်လေးတွေ (Microvessels) တွေကို ထိခိုက်စေတယ်။ သွေးကြောငယ်လေးတွေက ကျောက်ကပ်မှာ အဓိကရှိတယ်။ ပြီးတော့ မျက်စိမှာရှိတယ်။ ဒါကြောင့် ဆီးချိုကြောင့် မျက်စိအမြင်လွှာ (Retina) မှာရှိတဲ့ သွေးကြောငယ်တွေကို ထိခိုက်ပြီး သွေးထွက်မှု (Haemmorage) ဖြစ်လာတယ်။ အဲဒီအခါ မျက်စိက ကွယ်သွားနိုင်တယ်။ ဒါကြောင့် ဆရာတို့က သွေးယိုစိမ့်ထွက်မှုနဲ့ သွေးခဲကို လေဆာနဲ့ ကုသပေးပါတယ်။ ဒါက ဆီးချိုကြောင့် မျက်စိထိခိုက်နိုင်တဲ့ နံပါတ် (၁) အကြောင်းရင်း Diabetic Retinopathy ဖြစ်ပါတယ်။

နံပါတ် (၂) အကြောင်းရင်းက အတွင်းတိမ်ဖြစ်တာပါ။ ဆီးချိုရောဂါရှိသူတွေဟာ ရောဂါမရှိသူတွေထက် အတွင်းတိမ်ဖြစ်တဲ့ ရာခိုင်နှုန်း ပိုများပါတယ်။
နံပါ (၃) အကြောင်းရင်းက သူငယ်အိမ်က သွေးကြောတွေ (Vessels) ထိတာပါ။ အဲဒီအခါ ရေတိမ် (Neovascular Glaucoma) ဖြစ်လာနိုင်ပါတယ်။

Q-ဆီးချိုကြောင့် မျက်စိမှာ နောက်ဆက်တွဲပြဿနာတွေ မဖြစ်အောင် ဘယ်လိုကာကွယ်လို့ ရပါသလဲဆရာ။
A-ဆီးချိုကို ထိန်းဖို့လိုပါတယ်။ ဆီးချိုထိန်းတဲ့အခါ လူတွေမှာ မှားယွင်းနေတဲ့ အယူအဆတခု ရှိပါတယ်။ ဆီးချိုရောဂါက ဆီးချိုအထူးကုဆရာဝန်နဲ့ အမြဲပြသပြီး ထိန်းချုပ်နေရတဲ့ ရောဂါဖြစ်တော့ နောက်ပိုင်းမှာ မပြချင်တော့ဘူး။ အဲဒီအခါ ဆီးချိုသွေးချို တိုင်းစက် (Glucometer) နဲ့ တိုင်းပြီး သွေးတွင်းသကြားဓာတ် များနေရင် သောက်နေကျဆေးထက် တလုံးပိုသောက်လိုက်တယ်။ သွေးတွင်းသကြားဓာတ် နည်းနေရင်တော့ သောက်နေကျဆေးထက် တလုံး လျှော့သောက်လိုက်တယ်။ အဲဒီလိုမျိုး လုပ်တာ လုံးဝ မမှန်ပါဘူး။

ဆီးချိုသွေးချို အထူးကုသမားတော်တွေနဲ့ ပြတဲ့အခါ သူတို့က သွေးတွင်းသကြားဓာတ် ပမာဏတခုတည်းပဲ ကြည့်တာမဟုတ်ပါဘူး။ ခန္ဓာကိုယ်တခုလုံးမှာ ဆီးချိုကြောင့် နေက်ဆက်တွဲ ဘာပြဿနာတွေ ရှိနေပြီလား၊ မျက်လုံး၊ ကျောက်ကပ် စတဲ့ အင်္ဂါအစိတ်အပိုင်းတွေမှာ ထိနေပြီလား စသဖြင့် ကြည့်ရှုစစ်ဆေးပြီး လိုသလို ကုသပေးနေတာပါ။ ဒါကြောင့် ဆီးချိုရောဂါရှိရင် သွေးတွင်းသကြားဓာတ်ကို ကိုယ့်ဘာသာကိုယ် စစ်ဆေးပြီး လိုတိုးပိုလျှော့ သောက်တာမျိုးက မှားယွင်းနေပါတယ်။ တတ်ကျွမ်းတဲ့ သမားတော်တွေနဲ့ အမြဲပြပြီး ဆီးချိုရောဂါကို Control (ထိန်းချုပ်) လုပ်နေဖို့ လိုပါတယ်။

( ပါမောက္ခ ဦးတင်ဝင်း-မျက်စိအထူးကု ဆရာဝန်ကြီး)

No comments:

Post a Comment