Saturday, May 29, 2010

ဗုဒ္ဓဘာသာ ဆိုင်ရာစုစည်းချက်များ

၁. မည်ကဲ့သို့သော ပုဂိုလ်ကို ဘုရားဟုသတ်မှတ်ပါသနည်း။ စစ်မှန်သောဘုရား တစ်ဆူတည်း ရှိသည်ဟု ယုံကြည်ပါသလား။ အဘယ်အထောက်အထားသက်သေအရ ပြောနိုင်ပါသနည်း။

ဆရာတော်: သစ္စာလေးပါး တရားကို သိမြင်ပြီး လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါ၊ တို့ကို သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်အောင် လမ်းပြသော မြတ်စွာဘုရား ကို ဘုရားဟု သတ်မှတ်သည်။
အစစ်အမှန် ဟူသော ဝေါဟာရသည် အစစ်အမှန် ကို သိမြင်သူတို့၏ ရင်တွင်းတွင် အလိုလိုခွဲခြားသိမြင်နိုင်သည်။ မျက်မှောက်ခေတ်အထိ ဗုဒ္ဓမြတ်စွာဘုရား လေးဆူ တိတိ ပွင့်တော်မူပြီးခဲ့ပြီ။

ဗုဒ္ဓဘာသာဝင်တို့သည် မြတ်စွာ ဘုရား သက်တော်ရှိစဉ်မှာ ဘုရားကို ဘုရားအဖြစ် ကိုးကွယ်နိုင်သည်။ မြတ်စွာဘုရား ပဋိနိဗ္ဗာန်ပြုသွားသော် မြတ်စွာဘုရား ဟောကြားခဲ့သော ဓမ္မတရားတို့ကို ကိုးကွယ်နိုင်သည်။
ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်တို့ကို ဆက်လက်ဆည်းပူးဖြန့်ဝေသော သံဃာတော်တို့ကို ကိုးကွယ်နိုင်သည်။ မြတ်စွာဘုရားဟောကြားသော တရားတော်တို့ကို လေ့လာအားထုတ်ခြင်းဖြင့် ဗုဒ္ဓဘုရား ပရိနိဗ္ဗာန် ပြုရာ နိဗ္ဗာန် သို့ ရောက်ရှိနိုင်သည်။
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် ကတည်းက တရားတော် ကို ခံယူနိုင်စွမ်းသော အမျိုးမျိုးသော သူတို့ကို အမျိုးမျိုးသော တရားကို ပေးတော်မူသည်။

၁။ မြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်ကို သရဏဂုံ၌၊ အချို့သော ပုဂ္ဂိုလ်ကို ငါးပါးသီလတို့၌၊ အချို့သော ပုဂ္ဂိုလ်ကို ဆယ်ပါးသီလ၌ တည်စေတော်မူ၏။

၂။ မြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်အား အရိယမဂ်ကိုလည်းကောင်း၊ မြတ်သော ဖိုလ်လေးပါးတို့ကို လည်းကောင်း ပေးတော်မူ၏။ အချို့သော ပုဂ္ဂိုလ် အား အတုမရှိသော ပဋိသမ္ဘိဒါတရား တို့ကို ပေးတော်မူ၏။

၃။ မြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်အား မြတ်သော သမာပတ် ရှစ်ပါးတို့ကို ပေးတော်မူ၏၊ အချို့သော ပုဂ္ဂိုလ်အား ၀ိဇ္ဇာသုံးပါး အဘိညာဉ်ခြောက်ပါးတို့ကို ပေးတော်မူ၏။

၎။ မြတ်စွာဘုရားသည် သစ္စာလေးပါးကို သိစေထိုက်သော သတ္တ၀ါကို မြင်တော် မူသည် ရှိသော် ယူဇနာတစ်သိန်း ဝေးကွာသော အရပ်၌ပင် (တည်သော) ထို သတ္တ၀ါထံသို့ တစ်ခဏဖြင့် ချဉ်းကပ်၍ (သစ္စာလေးပါးတရားကို) သိစေတော်မူ၏။

၂. လူသည် ပညတ်သီလတို့ကို စံမှီအောင်ကျင့်နိုင်ပါသလား။ မကျင့်နိုင်ဘူးဆိုရင် ဘာဖြစ် မည်နည်း။ ဘယ်လို သီလအမျိုးအစာ ဘယ်နှစ်မျိုးရှိပြီး ဘယ်လိုကျင့်ရပါသလဲ...

ဆရာတော်: လူသည် လူလောက က စံ သတ်မှတ်ထားသော စည်းကမ်းဘောင်အတွင်း နေထိုင်နိုင်သည့်သူသည် လူ့လောကတွင် လူအဖြစ် ကျင့်ကြံနိုင်သည်။
အကျင့်သီလ ဥပဒေတို့ကို မကျင့်ကြံနိုင်သော ဖောက်ဖျက်သော သူတို့သည် လူ့အသိုင်းအ၀င်း၏ အပြင်ဘက် အကျဉ်းထောင်တွင် ရာဇ၀တ်သားအဖြစ် နေထိုင်ရသည်။

ဗုဒ္ဓဘာသာ ၀င်တို့ အတွက် သီလလုံခြုံရန် ငါးပါးသီလ ကို ဆောက်တည်နိုင်သည်။ ငါးပါးသီလ ဆိုသည်မှာ..
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
((သူ့အသက်လည်း မသတ်ဘဲ အမြဲရှောင်ကြဉ်မည်။))

၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
((သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ်မည်။))

၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
((သူ့အိမ်သူ၊ သားမယားအားလည်း မပြစ်မှားဘဲ အမြဲရှောင်ကြဉ်မည်။))

၎။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
((လိမ်လည်၍လည်း မပြောဘဲ အမြဲရှောင်ကြဉ်မည်။))

၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
((သေရည်အရက်လည်း မသောက်ဘဲ အမြဲရှောင်ကြဉ်မည်။))

ငါးပါးသီလ မလုံခြုံသူတို့ ပေါများလာလျှင် ဘာဖြစ်လာမည် ကို သင်တွေးကြည့် နိုင်မည်ဟု မျှော်လင့်ပါ၏။
ငါးပါးသီလ ကို မည်ကဲ့သို့ လက်တွေ့လုံခြုံအောင် ဆောက်တည်ရမည် ကို သင်နားလည်သိမြင်မည်ဟု မျှော်လင့်ပါ၏။

၃. လူသည်ဘယ်ကဆင်းသက်လာ၊ လောကတွင်ဘာအတွက်အသက်ရှင် ပြီး ဘယ်ကို ပြန်သွားရမှာလဲ။

ဆရာတော်: လူသည် သံသရာမှ လာသည်။ ထိုသူ၏ မျက်မှောက်ဘ၀တွင် ထိုသူ ဘ၀ အဆက်ဆက်တွင် ပြုလုပ်ခဲ့သော ကောင်းမှု ဆိုးမှု အပေါ်တွင် မူတည်၍ ကွဲပြားသော ဘ၀ ကို ပိုင်ဆိုင်သည်။ သံသရာ မှ လွတ်မြောက်သော သစ္စာတရား ကို ရှာဖွေ၍ မတွေ့မခြင်း သံသရာမှာပင် ကျင်လည်ရသည်။

၎. လူသည် မိမိကိုယ်ကိုယ် ငရဲမှလွတ်ဖို့ ကယ်တင်နိုင်မည်ဟုထင်ပါသလား။

ဆရာတော်: ကောင်းမှုပြုသော သူသည် မိမိ၏ လုံ့လပြု အားထုတ်သော ကောင်းမှုကြောင့် မိမိ ကို မကောင်းသည့် အပယ်ငရဲမှ ကယ်တင်သည်။ မကောင်းမှု ပြုသူသည် မိမိ၏ မစင်ကြယ်သော လောဘ၊ ဒေါသ၊ မောဟ ကြောင့် မိမိ ကို အပယ်ငရဲသို့ ဆောင်ကျဉ်း၏။

၅. မာရ်နတ်ရဲ့ အစဘ၀၊ ယခု ဘာလုပ်နေ၊ သူ့ရဲ့နောက်ဆုံးခရီးကဘယ်ကို။

ဆရာတော်: သင် မြင့်မြတ်သည့် အလုပ်တစ်ခု ကို ပြုလုပ်မည့်အချိန်တွင် မာန်နတ်သည် သင့်ကို ထိုအလုပ်ကို မလုပ်ဖြစ်အောင် တားဆီးနေသည်။ သင် ယုတ်ညံ့သော အလုပ်ကို လုပ်ရန်ကြံစည်လေတိုင်း မာန်နတ်သည် သင့်ကို ကျေနပ်အားရစွာဖြင့် အားပေးနေပေလိမ့်မည်။ မာန်နတ်သည် သင်ဘ၀ တစ်ခုကို ပိုင်ဆိုင်နေသရွေ့သင်နှင့်အတူ ရှိနေလိမ့်မည်။
ဤအရာသည် ဆရာတော် ၏ ယုံချက်မှု ဟုလည်း သင်မှတ်ယူလိုက မှတ်ယူနိုင်ပေသည်။ ထိုအတွက် စောတက တက်လိုကလည်း တက်နိုင်ပေ၏။

၆. အကျွတ်တရားလမ်းကို ယခုတွေ့ပါက ယခုရောက်ပါသလား။ ဘယ်အထောက်အထားအရ ပြောနိုင်ပါသနည်း။ လူသည် ယနေ့ပင် အဘယ်ကဲ့သို့ဖြစ်နိုင်သည်ကို မသိနိုင်....

ဆရာတော်: အကျွတ်တရားလမ်းသည် ကျွန်ုပ်ဆီမှာ ရှိပါသည်ဟု ယူဆပါစို့။ အသင်သည် အသင်၏အပေါ်မှာ မည်မျှယုံကြည်ပါသနည်း။ အသင်သည် အသင်၏ ဇွဲလုံ့လ အပေါ်မှာ မည်မျှယုံကြည်ပါသနည်း။ သင့်ကို ကျွန်ုပ်က မွန်မြတ်သန့်စင်သော ကျောက်စက်ရေ ကို ပေးမည်ဆိုလျှင် သင့်ဆီမှာ ထိုကျောက်စက်ရေ ကို မညစ်နွမ်းအောင် ခံယူဖို့ သန့်စင်သော ခွက်တစ်ခွက် ရှိပါမည်လား။ သင့်ကို ဗုဒ္ဓမြတ်စွာဘုရား ၏ ဓမ္မတရား ကို ပေးကမ်းမည် ဆိုပါလျှင် သင့်ဆီမှာ ထိုတရားကို နားလည် နာယူနိုင်သော ဦးနှောက် ရှိပါမည်လား။ သင့်ကို ဒုက္ခလေးပါး မှ လွတ်မြောက်ရာ သစ္စာတရား ကို ပြသမည်ဆိုပါလျှင် သင့်ဆီမှာ ထိုတရားတော်ကို နာခံရန် မွန်မြတ်သန့်စင်သော နှလုံးအိမ်ရှိ ပါမည်လား။ ထိုတရားတို့ သည် လက်တွေ့ရှိသည်။ ထိုတရားတော်တို့ကို အားထုတ်နေသောသူတို့သည် လက်တွေ့ရှိသည်။ ထိုတရားတော်တို့ကို သိမြင်ပြီးသွားသော သူတို့သည်လက်တွေ့ရှိသည်။

၇.အဖြေမရှိလို့လား၊ ဒါမှမဟုတ် ဗုဒဘာသာဝင်တို့အတွက် အရေးမကြီးတဲ့ မေးခွန်းတွေဖြစ်နေလို့လား......

ဆရာတော်: ဗုဒ္ဓတရားတော်တိုင်းမှာ အဖြေရှိပါတယ်။ သင်၏ မေးခွန်းသည် မိုက်မဲသော မေးခွန်းလား၊ လိမ္မာယဉ်ကျေးသော မေးခွန်းလားဆိုတာကို သင်မမေးခင် သင့်ကိုယ်သင် ဆင်ခြင်နိုင်ပါသည်။

၈. စကြာ်ဝဌာကြီးနဲ့ လူသားများ ဘယ်ကနေဖြစ်လာပြီး ခေတ်အဆက်ဆက် ဘယ်လိုတိုးပွါးကာ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာလေး ဗုဒတရားသဘောအရသိလိုပါသည်။

ဆရာတော်: စကြာဝဠာ သည် သဘာဝ တရားဖြစ်သည်။ သဘာဝ တရားသည် ယနေ့ မျက်မှောက်ကမ္ဘာ ကို ဖန်ဆင်းသည်။ သမိုင်းမတင်ခင်မှ ယနေ့အထိ ဖြစ်ပျက်လာသော အရာရာ တိုင်းကို သင်သည် သမိုင်းတွင် သိရှိနိုင်သည်။ သင်သည် သမိုင်းကို နားမလည်ခဲ့လျှင် သမိုင်းသင်သော စာသင်ကျောင်းကို ပြန်လည်တက်ရောက်ပြီး လေ့လာနိုင်သည်။ ဗုဒ္ဓသည် လူ့ဘ၀တွင်သာ ဘုရားအဖြစ်ရောက် ရှိနိုင်သည်။ ဗုဒ္ဓသည် သဘာဝ တရား၏ ဖြစ်ခြင်း နှင့် ပျက်ခြင်းကို ဟောကြားသည်။ လူသတ္တ၀ါများ၏ ဘ၀သံသရာများ အဖန်ဖန် ဖြစ်ပြီး အဖန်ဖန် ပျက်နေရသည့် ဘ၀မှ လွတ်မြောက်နိုင်သော သစ္စာလေးပါးတရား ကို ဟောကြားသည်။ ဗုဒ္ဓ၏ တရားတော် ကို ဗုဒ္ဓဘာသာဝင်များက ပိဋိကတ် သုံးပုံဖြင့် ထိမ်းသိမ်းလာခဲ့သည်။ သင်သည် အကျယ်ကို သိလိုသော် ပိဋိကတ် သုံးပုံ ကို လေ့လာနိုင်သည်။ အကျယ်ကို လေ့လာနိုင်စွမ်း မရှိပါက ပိဋိကတ် သုံးပုံကို အဆီထုတ် အနှစ်ချလျှင် သီလ၊ သမာဓိ၊ ပညာ ဟူသော တရားသည် လက်တွေ့ကျန်သည်။ သင်သည် ပညာ ကို လိုသော် သမာဓိ ကို ပိုင်ဆိုင်နိုင်ရမည်။ သင် သမာဓိ ကို ဆောက်တည်နိုင်ဖို့ သီလ စင်ကြယ်ရမည်။ ထိုအတွက် သင်သည် ပညာကို လိုချင်ပါလျှင် သင့်ဆီမှာ သီလတရား လုံခြုံရန်လိုပြီး သင်၏ လောဘ၊ ဒေါသ၊ မောဟ၊ တို့ ကို သိမ်းဆည်းနိုင်သည့် သမာဓိ လိုသည် ဟု မှတ်ယူပါလေ။ သီလ ဆိုသည်မှာ အထက်တွင် ဖေါ်ပြထားသော လူပုဂ္ဂိုလ် တို့ အတွက် ငါးပါးသီလ နှင့် ရဟန်းသံဃာ တို့ အတွက် ဆယ်ပါးသီလ ဖြစ်သည်။

No comments:

Post a Comment